News

POST TYPE

ARTICLE

မန္တလေးက ဆိပ်ကမ်းမြို့တော်
07-Jan-2017 tagged as


မန္တလေးမြို့အနီး ဧရာဝတီမြစ်ဘေးတွင် ဆိပ်ကမ်းမြို့တော် တစ်ခုကို ဆယ်စုနှစ်အတွင်း ပေါ်ပေါက်စေရန် စီစဉ်နေကြပြီ။

အမရပူရမြို့ပြ ခေတ်မီဖွံ့ဖြိုးရေး စီမံကိန်းဟု အမည်ပေးထားပြီး မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ(MCDC) နှင့် Mandalay Business Capital City Development (MBCCD) ကုမ္ပဏီတို့က ပူးတွဲ အကောင်အထည် ဖော်ဆောင်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စနစ်တကျ တည်ဆောက်ထားသည့် နိုင်ငံတော် ဖွံ့ဖြိုးမှု  အထောက်အကူပြု ခေတ်မီမြို့ပြ တစ်ခုအဖြစ် ပေါ်ထွန်းလာစေရန်နှင့် ရေမြုပ်ကွင်းမြေ နေရာများကို ရေလွှမ်းမိုးမှုမှ ကာကွယ်၍ မြို့ပြတည်ဆောက်နိုင်သော မြို့မြေများအဖြစ် ပေါ်ထွက်လာစေရန်  ရည်ရွယ် ဖော်ဆောင်ခြင်းဖြစ်ကြောင်း MBCCD ကုမ္ပဏီ ဒါရိုက်တာ ဦးမောင်ဝိတ်က ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် စီမံကိန်း အစီအစဉ်များ ရှင်းလင်းပွဲ၌ ပြောဆိုသည်။

စီမံကိန်းတွင် နှစ်ထပ်၊ သုံးထပ်မှ  အမြင့်ဆုံး ခြောက်ထပ်အထိ မြင့်သည့် အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ဧရာဝတီ မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတောင်ရိုးကို တွေ့မြင်နိုင်ရန် Master Plan များ ထည့်သွင်း ရေးဆွဲထားကြောင်း ၎င်းက ဆိုသည်။ 

“မန္တလေးမြို့ဟာ စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောနဲ့လည်း နီးကပ်နေလို့ သက်ဆိုင်ရာဌာနတွေရဲ့ သတ်မှတ်ချက်အတိုင်း အဆောက်အအုံတွေကို ငလျင်ဒဏ် ခံနိုင်အောင် ဆောက်လုပ်သွားမှာပါ”ဟု ၎င်းက ပြောသည်။ 

စီမံကိန်း၏ အခြေခံ အဆောက်အဦများကို အပိုင်းလိုက် ဆောက်လုပ်သွားမည်ဖြစ်ပြီး တည်ဆောက်ချိန် ကာလကို သုံးနှစ်မှ ခုနစ်နှစ် ကြာမြင့်မည်ဟု MBCCD က ခန့်မှန်းထားသည်။ မြို့ပြ တစ်ခုလုံး ရုပ်လုံးပေါ်လာရန်အတွက်မူ  စီမံကိန်း စတင်သည့်နေ့မှစ၍ ၁၀ နှစ်ဝန်းကျင်ဟု ဆိုသည်။ 

စီမံကိန်း ဖော်ဆောင်မည့် မြေနေရာများတွင် ကိုင်းမြေ၊ တည်မြဲနေပြီဖြစ်သော မြေနုကျွန်းမြေ၊ ရွာမြေတို့ ပါဝင်မည်ဖြစ်ပြီး မန္တလေးမြို့၏ တောင်ဘက်၊  အမရပူရမြို့နယ် မန္တလေးမြို့ပတ်လမ်း၏ အရှေ့ဘက်ရှိ အကျယ်အဝန်း ဧရိယာ ဧက  ၅၀၀ ခန့် မြေနေရာနှင့် မန္တလေးမြို့၏  တောင်ဘက် အမရပူရမြို့နယ် မန္တလေးမြို့ ပတ်လမ်း၏ အနောက်ဘက်နှင့် ဧရာဝတီ မြစ်ကမ်းကြားရှိ အကျယ်အဝန်း ဧရိယာ ဧက ၂၀၀၀ ခန့် မြေနေရာတို့ ပါဝင်သည်။ 

ယင်းအထဲတွင် မြို့ပတ်လမ်း အရှေ့ဘက်ရှိ ဧက ၅၀၀ အနက် ၁၅၀ ခန့်မှာ မြေပြင် ရှင်းလင်းရန် အခက်အခဲရှိသောကြောင့် စီမံကိန်းကို ဧက ၃၅၀ မှ ၄၀၀ ထိသာ ဆောင်ရွက်နိုင်သကဲ့သို့ မြို့ပတ်လမ်း အနောက်ဘက်ရှိ ဧက ၂၀၀၀ မှာလည်း ရှမ်းကလေးကျွန်းကျေးရွာနှင့် ဝန်းကျင်အား အဆင့်မြှင့်တင်၍ ချန်လှန်ခဲ့ရနိုင်သဖြင့် ၁၇၀၀ ဧကခန့်တွင်သာ ဆောင်ရွက်နိုင်မည်ဟု ကုမ္ပဏီဘက်မှ ကနဦး ခန့်မှန်းထားသည်။

“စုစုပေါင်း ဆိုရင်တော့ ဧက နှစ်ထောင်ဝန်းကျင်မှာပဲ အကောင်အထည် ဖော်ရမယ့်သဘောပေါ့။ အဆင်ပြေပါတယ်။ ရှမ်းကလေးကျွန်းကျေးရွာကို  အရင်က စီမံကိန်း ဧရိယာထဲ ထည့်ထားပေမယ့် ဒေသခံတွေ သဘော မတူတာကြောင့် အဲဒီနေရာကို ချန်လှပ်ပြီး ပြုလုပ်သွားပါမယ်။ ကျွန်တော်တို့ သဘောအတိုင်းကတော့ သူ့ကိုပါ ပါစေချင်ပါတယ်”ဟု MBCCD ကုမ္ပဏီ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဦးဇော်ရဲဝင်းက ဆိုသည်။ 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ငွေကြေးနှင့် မြေနေရာ တစ်စုံတစ်ရာ ရင်းနှီးမြှုပ်နှံမှု  ထည့်ဝင်ခြင်း မပြုဘဲ စီမံကိန်း ဧရိယာ တစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်းကို အကျိုးအမြတ် ရရှိမည်ဖြစ်သည်။ ရွာမြေ၊ ကိုင်းမြေ၊ မြေနုကျွန်းနုမြေ ပိုင်ဆိုင်သူများသို့ ဖွံ့ဖြိုးပြီးမြို့ပြမြေများ အစားထိုး ပေးအပ်ရန် စီမံကိန်း စုစုပေါင်း ဧရိယာ၏ ၁၅ ရာခိုင်နှုန်းခန့်ကို အသုံးပြုရမည်ဖြစ်ပြီး ယင်းနေရာများတွင် လူနေအိမ်ရာများ ဆောက်လုပ်မည်ဖြစ်သည်။ ကျန်ရှိသည့် စီမံကိန်း ဧရိယာ၏ ၆၀ ရာခိုင်နှုန်းခန့်ကို လုပ်ငန်း ဆောင်ရွက်ခွင့်ရသည့် ကုမ္ပဏီက ရရှိမည်ဖြစ်ပြီး ယင်းနေရာတွင် မြို့ပြဆိုင်ရာ  အဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်သည်။

စိမံကိန်း မြေဧရိယာ တစ်ခုလုံး၏ အသုံးချ ခွဲဝေမှုအနေဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပေးသူက ၂၅/၃၅ ရာခိုင်နှုန်း၊  မြေပိုင်ရှင်များမှ ၁၅ ရာခိုင်နှုန်းနှင့် လုပ်ငန်း ဆောင်ရွက်သူမှ ၅၀/၆၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း ကုမ္ပဏီ သတင်း အချက်အလက်များအရ သိရသည်။

စီမံကိန်းအတွင်း အခြေခံ အဆောက်အဦများ၊ အများနှင့် သက်ဆိုင်သည့် အဆောက်အအုံများ၊ ကမ်းနားလမ်း အပန်းဖြေနေရာများ၊ လူနေအိမ်ရာများ၊  ဈေး၊ ရုံး၊ စားသောက်ဆိုင်နှင့် ဟိုတယ်များ၊ ရက်ကန်းနှင့် သက်ဆိုင်သော ရပ်ကွက်ကြီး တစ်ခု၊ မန္တလေးမြို့၏ ကုန်စည်စီးဆင်းမှုကို  အထောက်အကူပြုမည့် ကုန်တင်ကုန်ချ ဆိပ်ကမ်းနှင့် ဆက်စပ် အဆောက်အအုံများ၊ ခရီးသည်တင် ဆိပ်ကမ်းစသည် ခေတ်မီ မြို့ပြဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း MBCCD ကုမ္ပဏီက  ထုတ်ပြန်ထားသည်။

“မန္တလေးက ကုန်သွယ်ရေး၊ စီးပွားရေး လုပ်ငန်းတွေအတွက် မဟာဗျူဟာ ကျတယ်၊ ဗဟိုကျတယ်၊ ကုန်သွယ် ဆိပ်ကမ်း တစ်ခု လိုအပ်တယ်။ ဒါကို ကျွန်တော်တို့ မြို့ပြစီမံကိန်းထဲမှာ ထည့်ထားတယ်။ ကုန်စည်စီးဆင်းမှု လွယ်ကူ လျင်မြန်လာဖို့အတွက် အထောက်အကူ ဖြစ်မယ်”ဟု ဦးဇော်ရဲဝင်းက ပြောသည်။ 

စီမံကိန်း ပြုလုပ်နေစဉ်အတွင်း ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ရုံမက အရောင်းအဝယ်နှင့် ဒေသထွက် ကုန်ပစ္စည်းများ ပိုမို များပြားလာနိုင်ရန် ရည်ရွယ်ပြီး ဒေသခံများ နေ့စဉ်၊ လစဉ် ဝင်ငွေရရှိနိုင်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

စီမံကိန်း၏ ရည်ရွယ်ချက်သည် ကောင်းမွန်သော်လည်း ရှမ်းကလေးကျွန်း တစ်ဝိုက်သည် နှစ်စဉ် ရေဝင်သည့်ဒေသဖြစ်ပြီး စီမံကိန်း၏ မြေဖို့မှုများကြောင့် ရေကြီးရေလျှံလျှင် မန္တလေးမြို့အတွင်း ဝင်ရောက်လာနိုင်မည်ကို စိုးရိမ်ကြသည်လည်း ရှိသည်။ 

ကုမ္ပဏီဘက်ကမူ ယင်းအချက်ကို အာမခံထားသည်။ စီမံကိန်း၏ ရည်ရွယ်ချက်ထဲမှာပင် ရေမြုပ်ကွင်းမြေဖြစ်သည့် ရှမ်းကလေးကျွန်း ကျေးရွာတစ်ဝိုက်ကို  ရေလွှမ်းမိုးမှုမှ ကာကွယ်ပြီး မြို့ပြမြေများ  ဖြစ်ပေါ်လာစေရန်ဟု ဆိုထားသည်။

“ကျွန်တော်တို့က ဖို့မယ့်မြေက ဧရာဝတီမြစ်ထဲက စုပ်ယူမှာ။ ဒါကြောင့် မြစ်ရေထုနက်ပြီး ရေကြီးတာလည်း သက်သာနိုင်မယ်။ နောက်ပြီး စီမံကိန်းရဲ့ အထက်ဘက်မှာ ရေဝင်ဧရိယာက သိန်းနဲ့ချီပြီးရှိတယ်။ ကျွန်တော်တို့ အသုံးပြုတာက ဧက နှစ်ထောင်ထဲဆိုတော့ မပြောပလောက်ဘူး”ဟု ဦးဇော်ရဲဝင်းက ရှင်းပြသည်။ 

စီမံကိန်း ဧရိယာနှင့် ထိစပ်နေသည့်  ဧရာဝတီမြစ် အထက်ပိုင်း ၂၀ ကီလိုမီတာ၊ အောက်ပိုင်း ၂၀ ကီလိုမီတာ၊ စုစုပေါင်း ကီလိုမီတာ ၄၀ အထိ မြစ်ကြမ်းပြင် အနေအထားများ၊ ရေစီးနှုန်းများ၊ အနယ်ပို့ချမှု အခြေအနေများ အသေးစိတ် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဧရာဝတီမြစ် နှစ်စဉ် ရေအတက်အကျ Level များကို မှတ်တမ်းများ ယူ၍ River Model တစ်ခုကိုလည်း တည်ဆောက်နေကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။ 

အဆိုပါ River Model ဖြင့် ဧရာဝတီမြစ် သဘာဝအတိုင်း ဆက်လက် စီးဆင်းနေပါက စီမံကိန်း ထိစပ် ၄၀ ကီလိုမီတာအတွင်း အနာဂတ်တွင် မည်သို့ ဖြစ်ပေါ်လာမည်ဆိုသည်နှင့် စီမံကိန်း ဆောက်လုပ်ပြီး အခြေအနေတွင် ဧရာဝတီမြစ် မည်သို့ ဆက်လက် စီးဆင်းနေမည်ကို နှိုင်းယှဉ် တွက်ချက်နိုင်မည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

“သဘာဝအတိုင်းဆိုရင် ဘယ်လု ဖြစ်မလဲ၊ စီမံကိန်း လုပ်လိုက်ရင် ဘယ်လို ထိခိုက်နိုင်မလဲ၊ ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အထောက်အကူ ဖြစ်မယ်”ဟု ဦးဇော်ရဲဝင်းက ရှင်းပြသည်။

သို့သော် မန္တလေးမြို့အနီး ဧရာဝတီမြစ်၏ ရေဝင်ရောက်မှု အခြေအနေမှာ လှိုင်းပုံသဏ္ဌာန် ဖြစ်သည်ဟု မန္တလေး အခြေစိုက် စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။ တစ်နှစ်နှင့် တစ်နှစ် ရေဝင်ရောက်သည့် နေရာ၊ ပမာဏ မတူညီသဖြင့် မန္တလေးမြို့အတွင်း ရေဝင်ရောက်နိုင်မှုကို သေချာစွာ ကာကွယ်ထားရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

“အခု ၂၀၁၆ ရေကြီးခဲ့တာက သက်သေပဲလေ။ သေချာ မကာကွယ်ထားရင် တစ်မြို့လုံး ရေဝင်သွားနိုင်တယ်”ဟု ဦးမောင်မောင်ဦးက စိုးရိမ်စိတ်ဖြင့် ပြောဆိုသည်။ 

ယင်းအပြင် ကမ်းပါးပြိုကျမှုများကို ကာကွယ်နိုင်ရန်အတွက်လည်း မြေထိန်းနံရံများကို နယ်သာလန်နိုင်ငံ Deltares အဖွဲ့၏ ဦးဆောင်မှုဖြင့် တွက်ချက် ဆောင်ရွက်နေသည်ဟု ကုမ္ပဏီဆိုသည်။

စီမံကိန်း လုပ်ငန်းများအတွက် ကနဦး ရင်းနှီးမြှုပ်နှံငွေ ၅၀၀ ဘီလီယံကျပ်ဖြစ်ပြီး ယင်းငွေတို့မှာ အခွန်ဆောင်ပြီးငွေနှင့် ပြည်တွင်းဘဏ် ချေးငွေတို့ ဖြစ်ကာ ဆက်လက် လိုအပ်မည့် ငွေကြေးတို့ကို ကုမ္ပဏီရှယ်ယာများ ရောင်းချခြင်း၊ စီမံကိန်း အဆောက်အအုံများ ရောင်းချခြင်း၊ ဘဏ်များမှ ချေးငွေများဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူတို့က ပြောဆိုသည်။ 

စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးအပြစ်များကို လေ့လာနေပြီး လူတစ်စု အကျိုးစီးပွားထက် ဒေသအကျိုးသာ ဖြစ်သင့်ကြောင်း ဦးမောင်မောင်ဦးက ပြောသည်။ 

“သူတို့ စီမံကိန်းအတွက် အသုံးပြုမယ့် ကျပ် ၅၀၀ ဘီလီယံဆိုတာ ကမ္ဘာသုံးငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်ပဲရှိတယ်။ သူတို့ မတည်ထားတဲ့ ငွေနဲ့ သူတို့ လုပ်မယ့်အရာတွေက မမျှတဘူး။ ဥပမာ အိန္ဒိယဘက်မှာ အရုပ်တစ်ရုပ် လုပ်တာကိုပဲ ဒေါ်လာ သန်း ၅၀၀ လောက်  အသုံးပြုတာတွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။ 

စီမံကိန်းတွင် လူဦးရေ ၁၇၀,၀၀၀ ခန့်အထိ နေထိုင်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလတွင် လူဦးရေ တစ်သောင်းခန့် အလုပ်အကိုင် ပေးနိုင်မည် ဖြစ်သည်ဟု ကုမ္ပဏီ ထုတ်ပြန်ချက်များတွင် ဆိုသည်။ တည်ဆောက်ပြီးစီးချိန်တွင်လည်း လူဦးရေ ခုနစ်သောင်းခွဲခန့် အလုပ်အကိုင်သစ် ရမည်ဖြစ်ကာ စီမံကိန်းနှင့် ဆက်စပ်လျက်ရှိသော ကုန်ပစ္စည်း ရောင်းချသူများ၊ လုပ်ငန်းများ၊ ကန်ထရိုက်တာများစွာ၊ အလုပ်အကိုင်များ ရရှိနိုင်မည်ဖြစ်ခြင်းကြောင့် ဒေသခံများ ဦးစားပေး ပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမောင်ဝိတ်က ရှင်းပြခဲ့သည်။ 

စီမံကိန်း လုပ်ကိုင်ခွင့်ပြုရန် သက်တမ်း ၁၀ နှစ် စာချုပ် ချုပ်ဆိုထားသည်ဟု ဆိုသည်။ စီမံကိန်း မပြီးစီးသေးလျှင် ငါးနှစ်စီ သက်တမ်း တိုးမြှင့်နိုင်မည်လည်း ဖြစ်သည်။

“လက်ရှိမှာ ကနဦး ဆန်းစစ်တိုင်းတာတဲ့ လုပ်ငန်းတွေကို လုပ်နေတယ်။ ဒီလအတွင်းမှာပဲ MIC ကို ခွင့်ပြုချက် တင်မယ်”ဟု ဦးဇော်ရဲဝင်းက ဆိုသည်။ 

စီမံကိန်း ပြုလုပ်မည့် ဒေသ၏  သဘာဝ ပတ်ဝန်းကျင် သက်ရောက်နိုင်မှု အခြေအနေနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာ(EMP)ထွက်ပေါ်လာလျှင် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြပြီး လိုအပ်ချက်များကို စိစစ်ရကြောင်း၊ ပြီးမှသာ လုပ်ကိုင်ခွင့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ခွင့်ပြုပေးရကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောဆိုသည်။

မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေးထက် ဒေသခံတို့ အကျိုးကိုလည်း ကြည့်ရှုသင့်ကြောင်း၊ စာရွက်ပေါ်က စီမံကိန်း အချက်အလက်များကို ယုံကြည်နေခြင်းထက် စီမံကိန်း၏ အကျိုးအပြစ်များကို ကိုယ်တိုင် သိရှိနေကြရန်လည်း လိုအပ်ကြောင်း ဒေသခံတို့ ကိုယ်စား ဦးမောင်မောင်ဦးက အစိုးရကို တိုက်တွန်းသည်။ 

“ကုမ္ပဏီဘက်က ကတိကဝတ်တွေ အများကြီး လိုတယ်။ ဒါပေမဲ့ စာရွက်ပေါ်က စီမံကိန်းတွေကိုပဲ ယုံနေမယ်ဆိုရင်တော့ တိုင်းအစိုးရ မှားမယ်။ ဒီစီမံကိန်းတွေက တိုင်းအစိုးရက ခွင့်ပြုရတာကိုး”
 
မြတ်(ကလေး)

  • TAGS