News

POST TYPE

ARTICLE

လွတ်လပ်စွာ ပျော်ကြသတည်း
07-Jan-2017 tagged as


ဇန်နဝါရီလ ၄ ရက်နေ့သည် လွတ်လပ်ရေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာ ၆၉ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဦးဝင်းချိုက လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင် စာတစ်ကြောင်း ရေးသားခဲ့သည်။ 

တစ်နှစ်ပတ်လုံးတွင် ကစားခွင့် မရှိဘဲ ပျောက်ကွယ်နေပြီး လွတ်လပ်ရေးနေ့ တွင်မှ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ကစားခွင့် ရရှိသည့် အားကစားနည်းများသည် မည်သည်တို့ ဖြစ်သနည်းဟူ၍။

သူဆိုလိုသည်က ဘောလုံး၊ ခြင်းလုံး၊  အပြေး၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊  အာလူးကောက် စသည့် လွတ်လပ်ရေးနေ့  ပျော်ပွဲရွှင်ပွဲများနှင့် ပတ်သက်၍ဖြစ်သည်။ 

ယင်းကို လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးက အောက်ပါအတိုင်း အဖြေပေးထားသည်။

“လမ်းပိတ်တမ်း ကစားနည်း”ဟူ၍။ 

မှန်ပါသည်။ လူကြီးလူငယ်မရွေး  တော်တော်များများသည် လွတ်လပ်ရေးနေ့တွင် လမ်းပိတ်တမ်း ကစားကြပါသည်။

ယင်းအချက်ကို ဦးဝင်းချိုကလည်း “အဲဒါ အများဆုံး ကစားနည်း ဖြစ်ပါတယ်”ဟု ပြန်လည် ရေးသားခဲ့၍ ထောက်ခံသည်။
 
ယခုနှစ် လွတ်လပ်ရေးနေ့သည် အစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် ဖြစ်သော်လည်း အများပြည်သူတို့အနေနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကား ပုံမှန်အတိုင်းပင်။

မြန်မာနိုင်ငံ အနှံ့အပြား မြို့များတွင်  လွတ်လပ်ရေးနေ့ အခမ်းအနားများကို ပုံစံမျိုးစုံဖြင့် ကျင်းပကြသည့်အနက် ရန်ကုန်တော်မြို့က ပို၍မြင်သာ ထင်ရှားသည်။

ပုံမှန်အချိန်တွင် ယာဉ်များ လူများဖြင့် ပြည့်ကျပ်နေတတ်သည့် လမ်းများသည် ရုတ်ချည်းဆိုသလိုပင် အားကစားပြိုင်ပွဲများ ကျင်းပရာ ကစားကွင်းများ  ဖြစ်သွားတတ်သည်။

ယင်းအားကစားပွဲများတွင် ပြည်သူတို့၏ အပျော်များကို တွေ့မြင်နိုင်သည်။  ပြေးလွှားတတ်စ ကလေးငယ်မှသည် အသက် နှစ်ဆယ်၊ သုံးလေးငါးဆယ် အရွယ်များအထိ ဤနေ့တွင် ပျော်နေတတ်ကြသည်။  ဘောလုံးပြိုင်ပွဲ အပါအဝင် ခြင်းလုံး၊ အပြေး၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ ထုတ်ဆီးတိုး စသည့် မြန်မာ့ရိုးရာ ကစားနည်းများက ရန်ကုန်မြို့တော်၏ လမ်း တော်တော်များများပေါ်သို့ အပြိုင်းအရိုင်း ထွက်လာတော့သည်။

ရင်ခွင်ပိုက်ကလေးမှလွဲ၍ လမ်းအတွင်းရှိ ကလေး၊ လူငယ်၊ လူကြီး စုစုပေါင်း ၂၀၀ ခန့် ပျော်ပွဲရွှင်ပွဲများတွင် ဝင်ရောက် ဆင်နွှဲကြကြောင်း ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်း၏ လမ်းသာယာရေး ကော်မတီ ဘဏ္ဍာရေးမှူး ဦးကြည်ညွန့်က ပြောဆိုသည်။

အဆိုပါ လမ်းအတွင်း ကစားနည်းပေါင်း ၂၂ မျိုးအထိ ပါဝင်သည့် ပြိုင်ပွဲများကို နံနက် ၉ နာရီဝန်းကျင်မှ စတင်ခဲ့သည်။ ဖူဆယ် ဘောလုံးပြိုင်ပွဲအတွက်ပင် အသင်းပေါင်း ၁၆ သင်း ရှိခဲ့သည်။

ယင်းသို့ ကစားနိုင်ရန် လမ်းကိုမူ ပိတ်ထားရသည်။

လမ်းကို ပိတ်ထားခြင်းအတွက် ပြဿနာ မရှိဟု ၎င်းကဆိုသည်။ 

“အဆင်ပြေပါတယ်၊ အားလုံးကလည်း နားလည်မှု ရှိပါတယ်။ လမ်းထဲက လူတွေဆိုတော့ ကြိုပြောထားရတာပေါ့”ဟု ဦးကြည်ညွန့်က ဆိုသည်။

ညနေ ၅ နာရီအထိ ဘောလုံးပြိုင်ပွဲက မပြီးသေး။ ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် နှစ်သင်းက အကြိတ်အနယ် ကစားလျက် ရှိသေးသည်။ 

ညပိုင်းတွင် ဆက်လက် ကျင်းပမည့် သံပုံးရိုက်ပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲများလည်း ကျန်နေသေးသည်။ ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲပင် ရှိသေးသည်။ 

နံနက် ၄ နာရီ၊ မိနစ် ၂၀ တွင် မြို့တော်ခန်းမရှေ့ရှိ လွတ်လပ်ရေး ကျောက်တိုင်ကြီးတည်ရှိရာ မဟာဗန္ဓုလ ပန်းခြံဝင်းအတွင်းတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရက ဦးဆောင်ကာ လွတ်လပ်ရေးနေ့ကို ကျင်းပသည်။

လွတ်လပ်ရေးနေ့ အရုဏ်ဦးသည် ဆောင်းနှင်းနှင့်အတူ မိုးဖွဲဖွဲပါကျနေသော်လည်း ပြည်သူတို့ကတော့ အစိုးရသစ် လက်ထက်အတွင်း ပထမဆုံး ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားဆီသို့ ရောက်ရှိလာခဲ့သည်။

ထူးခြားချက် အနေနှင့် ၁၉၄၈ ခုနှစ် လွတ်ရေး ကြိုးပမ်းမှုများတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့သည့် မော်ကွန်းဝင်များလည်း တက်ရောက်ခြင်းဖြစ်သည်။

ကိုလိုနီစနစ်မှ လွတ်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျော်ပွဲရွှင်ပွဲများ ရှိနေသော်လည်း လွတ်လပ်ရေး၏ အရသာကို  တင်းပြည့်ကျပ်ပြည့် မခံစားရသူများလည်း ရှိနေသည်။

အထူးသဖြင့် တန်းတူညီမျှ အခွင့်အရေးကို တောင်းဆိုနေကြသည့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပြီး လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည် ပြည်တွင်း စစ်ဒဏ်ကို ခံနေရဆဲဖြစ်သည်။

“ပြည်နယ်တွေမှာ ယနေ့အထိ ပြည်မနဲ့ အခွင့်အရေး တူညီစွာ ရရှိနိုင်ခြင်း မရှိသေးဘူး။ တန်းတူညီမျှရှိရင် ဖြစ်နေတဲ့ စစ်ပွဲတွေ အားလုံး ရပ်စဲသွားမယ်”ဟု ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစိုင်းညွန့်လွင်က The Voice ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

နောက်ထပ် တိုင်းရင်းသားလည်းဖြစ်၊ မွန်အမျိုးသားပါတီခေါင်းဆောင် တစ်ဦးလည်းဖြစ်သည့် နိုင်ငွေသိမ်းကလည်း ထိုနည်းတူစွာပင် လွတ်လပ်မှုကို  တိုင်းရင်းသားများ မခံစားရသေးကြောင်း ပြောဆိုသည်။

“တိုင်းရင်းသားတွေအတွက်က လွတ်လပ်ရေး အနှစ်သာရကို ယနေ့အထိ မရကြသေးဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့်  ယနေ့အထိ ဒုက္ခပင်လယ် ဝေနေဆဲဖြစ်တယ်။ လွတ်လပ်ရေးက ဗမာလူမျိုးတွေပဲ ခံစားနေရပါတယ်”ဟု ၎င်းကဆိုသည်။

နိုင်ငံတော်အဆင့် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) က  နံနက် ၆ နာရီခွဲမှစတင်ကာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ရာ ယင်းသို့ ထုတ်လွှင့်စဉ်တွင် “၂၀၁၇ ခုနှစ် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနား”ဆိုသည့် အဖွင့်စာသားတွင် ၂၀၁၇ ခုနှစ်သည် စာလုံးဖောင့် အမှားအယွင်းကြောင့် တီဗီကြည့် ပရိသတ်အမြင်တွင် ၂၀၀၇ ဖြစ်နေခဲ့သည့်အတွက် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်မှတစ်ပါး အစိုးရက အောင်မြင်စွာ ကျင်းပသွားခဲ့သလို ပျော်ပွဲရွှင်များကိုလည်း မထိခိုက်ခဲ့။

လွတ်လပ်ရေးနေ့ကို အသုံးချကာ လမ်းများပေါ်တွင် ကစားခုန်စားခြင်းများကို လွတ်လပ်စွာ ပြုမူနေခြင်းနှင့် ပတ်သက်၍ ထောက်ပြလိုသူများလည်း  ရှိနေသည်။ ယင်းတို့ကား လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းဟူသည် သူတစ်ပါး၏ အခွင့်အရေးကို သိမ်းပိုက်ခြင်း၊ ပိတ်ပင်ခြင်း မဟုတ်ကြောင်း ရှုမြင်သူများ ဖြစ်သည်။ 

လွတ်လပ်ရေး ဆိုသည်မှာ လမ်းပေါ်တွင် ဆေးရိုးလှမ်းခွင့် ရရှိခြင်း မဟုတ်ဆိုသည့် စကားကိုပင် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အထင်ရှားဆုံး ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းက ပြောဆိုခဲ့သေးသည်။ 

သို့သော်...။

မြန်မာပြည်သူပြည်သားတို့ အနေနှင့် စိတ်တိုင်းကျ ပျော်ရွှင်ခွင့် မရခဲ့သည်က နှစ်များစွာ ကြာခဲ့သည်။ အထူးသဖြင့် ရန်ကုန်မြို့တော်နေ မြို့တော်သူ မြို့တော်သားတို့အနေနှင့် ကစားခုန်စားလုပ်ရန်  မြေနေရာ မရှိသလို အချိန်လည်း မပေးနိုင်ကြရာ ယခုလို နေ့မျိုးတွင် ပျော်ရွှင်ကြသည်ကို နားလည်ပါကြောင်း ဦးဝင်းချိုက ဆိုသည်။

ယခင်ရက်များတွင် အိမ်တွင်းမှ အိမ်ပြင် မထွက်နိုင်ကြသူများပင် ယခုလို စုစုဝေးဝေး ကစားကြရသည်က အချင်းချင်း ရင်းနှီးကျွမ်းဝင်စေသလို ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုစေသည်။

“ဒီအချိန်ကျတော့မှ ရယ်စရာ မောစရာတွေနဲ့အတူ တစ်ယောက်နဲ့  တစ်ယောက် ရင်းရင်းနှီးနှီး ဖြစ်တဲ့ကိစ္စ ကျွန်တော်ကတော့ သဘောကျပါတယ်”ဟု ၎င်းက ဆိုသည်။

ပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများတွင် ထင်ရှားသည့် နိုင်ငံရေးသမားများပင် ပါဝင်သည်။ ၈၈ မျိုးဆက်မှ  ဦးကိုကိုကြီးသည် သူ၏ဇနီးဖြစ်သူ  ထုတ်ဆီးတိုးနေသည်ကို သဘောကျစွာ ထိုင်ကြည့်နေသည်။ ဦးဂျင်မီသည်လည်း  ပျော်ရွှင်စွာပင် ဘောလုံးကန်လေသည်။

ပျော်ပွဲရွှင်ပွဲများကို ခုံမင် နှစ်သက်တတ်သည့် မြန်မာတို့ အနေနှင့် သင်္ကြန်ပွဲမှသည် သဲပုံ စေတီပွဲအထိ ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များ ရှိပါသည်။ သည်ကြားထဲတွင် တရုတ် နှစ်သစ်ကူးနှင့် အနောက်တိုင်း နှစ်သစ်ကူး အခါသမယများတွင်လည်း တခုတ်တရ ပျော်ကြသေးသည်။

မကြာသေးခင်က ပြီးစီးခဲ့သည့် နှစ်သစ်ကူးညကို ပြန်ကြည့်လျှင် ပျော်ရွှင်စရာဆိုလျှင် တိုင်းတစ်ပါးဓလေ့ကိုလည်း လက်ခံ သုံးစွဲတတ်ကြောင်း ပေါ်လွင်စွာ  တွေ့ရမည်ဖြစ်သည်။

သို့သော် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကား တစ်မျိုး တစ်ဘာသာဟု ဦးကြည်ညွန့်က ဆိုသည်။

“လွတ်လပ်ရေးကတော့ ပိုပြီးတော့ လူစုံတာပေါ့။ အားကစားပွဲကျတော့ ကလေးရော လူငယ်ရော လူကြီးရော အစုံပါတာပေါ့။ ဟိုဟာကျတော့ လူကြီးပိုင်းပဲ  ပါကြတာပေါ့”

ဒလမြို့နယ်တွင် အခြေစိုက်သည့် တိုက်ခိုက်ရေးပညာ သင်တန်းကျောင်း တစ်ကျောင်းကလည်း လွတ်လပ်ရေးနေ့ကို ပျော်ရွှင်စရာအဖြစ် အသက်သွင်းခဲ့သည်။

ရှမ်းရိုးရာ သိုင်းပညာရပ် တစ်ခုဖြစ်သည့် ကမ္ဘောဇနန်းဝင် သိုင်းပြောင်းပြန်အဖွဲ့မှ သင်တန်းသူ၊ သင်တန်းသား ၅၀ ခန့်က ဆရာများနှင့်အတူ မဟာဗန္ဓုလ ပန်းခြံသို့ လာရောက်၍ သိုင်းအလှပြခြင်း၊ လေ့ကျင့်ခြင်းများ ပြုလုပ်ကာ အပန်းဖြေသူများကို ဖျော်ဖြေသည်။

လွတ်လပ်ရေးနေ့တွင် အမျိုးသားရေး စိတ်ဓာတ်များကို ပြန်လည် မြှင့်တင်ခြင်းနှင့် ရိုးရာပညာရပ်များကို ပြန်လည် ဖော်ထုတ်ပြသခြင်းဖြစ်ကြောင်း သင်တန်းခွဲမှူးဖြစ်သူ ဦးမြင့်အောင်က ဆိုသည်။

လွတ်လပ်ရေးသည် မြန်မာတို့၏ အထင်ကရဖြစ်ရပ် တစ်ခုဖြစ်သည့်နည်းတူ လွတ်လပ်ရေးနေ့သည်လည်း မြန်မာတို့၏ အထင်ကရနေ့ဖြစ်သည်။ လွတ်လပ်ရေးနှင့် ပတ်သက်သည့် သမိုင်း၊ ဟောပြောမှု  စသည်တို့သာ မပြုလုပ်လျှင်နေမည်၊ လွတ်လပ်ရေး ကြေညာစာတမ်းကို မဖတ်ဘဲသာ နေမည်၊ လွတ်လပ်ရေး ကျောက်တိုင်ကို အလေးပြုရန်သာ မေ့လျော့နေမည်။

လွတ်လပ်ရေးနေ့တွင်ကား ရပ်ကွက်များရှိ လမ်းများတွင်ကား ပျော်ဖို့ရွှင်ဖို့ မမေ့ကြပါ။ 

မည်သို့ပင်ဖြစ်စေ မူးယစ်သောက်စားပြီး ပျော်သည် မဟုတ်လျှင်၊ သူတစ်ပါး မျက်ရည်ပေါက် ကြီးငယ်ကျစေပြီးမှ ပျော်သည်မျိုး မဟုတ်လျှင် ယခုကဲ့သို့ ကစားခုန်စားပျော်နေသည်က ကျေနပ်စရာဖြစ်ကြောင်း ဦးဝင်းချိုက ဆိုသည်။ ပျော်ကြပါစေ။

ဆိပ်ကမ်းသာလမ်း၏ လမ်းသာယာရေး ကော်မတီဝင်ဖြစ်သည့် ဦးကြည်ညွန့်ကလည်း ယင်းအတိုင်းပင်။

“အဓိကကတော့ လမ်းသူ၊ လမ်းသားတွေ အားလုံး ပျော်ဖို့ရွှင်ဖို့ပဲ ကျွန်တော်တို့ လုပ်တာ”ဟု ဆိုသည်။

အောင်မျိုးထက်

  • TAGS