News

POST TYPE

ARTICLE

သတင်းမီဒီယာများနှင့် သတင်းအချက်အလက် သိပိုင်ခွင့်
02-Jan-2021



ဒီမိုကရေစီဖော်ဆောင်နေသော  မြန်မာနိုင်ငံတွင် ၂၀၁၀ မှ စတင်ကာ ရွေးကောက်ပွဲများကို သုံးကြိမ်ဆက်တိုက် ကျင်းပခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဤကာလအတွင်းမှာပင် သတင်းသိပိုင်ခွင့်၊ သတင်းရယူခွင့်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။

ဌာနဆိုင်ရာများထံမှ သတင်းအချက်အလက်ရယူပြီး အများပြည်သူသိရှိစေရန် လုပ်ဆောင်ရသည့် အလုပ်မှာ လွယ်ကူသည့်လုပ်ငန်းမဟုတ်ဟု  ရန်ကုန်အခြေစိုက် သတင်းသမားတစ်ဦးဖြစ်သူ ဒေါ်အိအိတိုးလွင်က ပြောသည်။

"အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲက သတင်းအချက်အလက် ရပိုင်ခွင့်ပါပဲ၊ သတင်း အချက်အလက်တွေ တိတိကျကျ ရဖို့ရယ်၊ နောက်တစ်ခုက ဘေးကင်း လုံခြုံစွာနဲ့ သတင်းရယူပိုင်ခွင့်ပေါ့။ အဲဒီနှစ်ချက်ကို သေသေချာချာလေး လုပ်ပေးနိုင်ရင် တော်တော်လေးကို အဆင်ပြေပါပြီ" ဟု ၎င်းကဆိုသည်။

အများပြည်သူထံသို့ သတင်းအချက်အလက် ပုံမှန် စီးဆင်းစေရေးဆောင်ရွက်ရာတွင် သတင်းသမား တို့သည် ပိတ်ဆို့တားဆီးမှုများ၊ အန္တရာယ်များနှင့် ရင်ဆိုင်ရတတ်သည်ဟု သတင်းလုပ်ငန်းတွင် လုပ်ကိုင်နေသူတို့က ပြောသည်။ 

မီဒီယာနှင့် အန္တရာယ်

  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ(၂) ဖြစ်သူ  ဦးကျော်နိုင် (စာရေးဆရာ ထက်မြက်)က သတင်းလုပ်ငန်းသည် အန္တရာယ် မကင်းသည့်လုပ်ငန်း ဖြစ်သည်ဟု သုံးသပ်သည်။
"မှန်ကန်တဲ့သတင်း၊ တရားမျှတတဲ့သတင်းတွေ အဲဒါတွေ မရရှိခဲ့တာတွေဟာ အတိတ်မှာ စိတ်မကောင်းစရာရှိခဲ့ပါတယ်။ ကျွန်တော်မီခဲ့တဲ့ သမိုင်းကြောင်းမှာကိုက ဆိုးဆိုးဝါးဝါး မီခဲ့တာတွေ ရှိပါတယ်။ သတင်းတွေကလည်း လွတ်လပ်တဲ့ ရယူပိုင်ခွင့် မရှိဘူး။ ဒီကြားထဲမှာပဲ သတင်းစာ သမားတွေနဲ့ သတင်းထောက်တွေဟာသူတို့ အသက် ကို စွန့်ပြီးတော့ တကယ့်ပင်ပန်းကြီးစွာနဲ့ သတင်းတွေ ရယူခဲ့တာ တွေ့ရတာ ဖြစ်ပါတယ်" ဟု စာရေးဆရာ ထက်မြက်က ပြောပြသည်။

နယ်စည်းမခြား သတင်းသမားများအဖွဲ့ (Reporter Without Borders - RSF) က ထုတ်ပြန်သော ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆင့်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၉ တွင် ရှိကြောင်း ဖော်ပြထားသည်။ 

နယ်စည်းမခြား သတင်းသမားများအဖွဲ့၏ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အညွှန်းကိန်းများကို အကဲဖြတ်ရာတွင် (၁) မီဒီယာ အမြင်ပေါင်းစုံ ပါဝင်နိုင်ရေး ဗဟုဝါဒ၊ (၂) နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် စစ်ရေးကဏ္ဍများတွင် မီဒီယာ၏ လွတ်လပ်မှု၊ (၃) မီဒီယာဆိုင်ရာ ဥပဒေများ၏ အရည်အသွေး၊ (၄)  မီဒီယာထိန်းကျောင်းရေးအဖွဲ့ များ၏ ထင်သာမြင်သာရှိမှု၊ (၅) မီဒီယာ အထောက် အကူပြု အခြေခံအဆောက်အဦဖော်ဆောင်ရေး၊ (၆) လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ (၇) မီဒီယာများ နှောင့်ယှက်ခံရမှုနှင့် အကြမ်းဖက်ခံရမှု စသည့် အချက်ခုနစ်ချက်ကို အခြေခံ၍ အကဲဖြတ်ခြင်း ဖြစ်သည်။ 



မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာမင်းက သတင်းလွတ်လပ်ခွင့်  ညွှန်းကိန်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ထောက်ပြမှုများကို သတိထားသင့်သည်ဟုဆိုသည်။

"မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က ၂၀၁၃ ခုနှစ်ကစပြီး တဖြည်းဖြည်းမြင့်လာတာ၊ ၂၀၁၆။၁၇ လောက်မှာဆိုရင် အဆင့် ၁၃၁ လောက်အထိ မြင့်တက်လာတယ်။ အခု ဒီ ၂၀၁၉-၂၀၂၀ မှာဆိုရင် အတော်လေးကို ကျဆင်းသွားတယ်။ ဒါက ငြင်းလို့မရတဲ့အချက်ပဲ" ဟု ဦးကျော်စွာမင်းက  ပြော ကြားသည်။

မြန်မာအစိုးရက  ပြည်သူအများ သတင်း သိပိုင်ခွင့်နှင့် ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ပေး ပါမည်ဟု ကုလသမဂ္ဂက ချမှတ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) ၂၀၃၀ ကို အကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ်တွင် ရေးဆွဲထားသည်။

အများအတွက် လုပ်ကိုင်သည့် သတင်းသမားတို့ ဘေးကင်းရေးမှာ အရေးပါသောအချက်ဖြစ်သည် ဟု ယူနက်စကိုအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. Min Jeong Kim က ပြောကြားသည်။

"ယူနက်စကိုအနေနဲ့က မီဒီယာကဏ္ဍနဲ့ ပတ်သက်ပြီး ကမ္ဘာနှင့်တစ်ဝန်းမှာ ဆောင်ရွက်နေ တာ ရှိပါတယ်။ အဓိကကတော့ လိုအပ်တဲ့အပိုင်းမှာ ပေါ့။ လွတ်လပ်စွာထုတ်ဖော်ခွင့်အပိုင်းပေါ့။ ဂျာနယ်လစ် တွေအနေနဲ့က အကြောက်တရားတွေ၊ ဘက်လိုက်မှု တွေမရှိရဘဲနဲ့ ကိုယ့်ရဲ့လုပ်ဆောင်တဲ့အရာ၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်ကို စိတ်ဖြောင့်ဖြောင့်နဲ့ လုံခြုံမှုရှိစွာ လုပ်နိုင်ဖို့ဆိုတာ အရေးကြီးပါတယ်" ဟု Ms. Min Jeong Kim က ဆိုသည်။

အန္တရာယ်နှင့် ရင်ဆိုင်ရတတ်သော၊ ခက်ခဲသော သတင်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်လိုသူမှာ များစွာမရှိပေ။

သတင်းစာပညာနှင့်ပတ်သက်၍ ရန်ကုန်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(ဗိုလ်တ ထောင်)က ၂၀ဝ၇။ဝ၈ ပညာသင်နှစ်မှ စတင်ပို့ချခဲ့ရာ ၂၀၁၉ ခုနှစ်အထိ ဘွဲ့ရကျောင်းသား ၃၇၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့သည်။ ကျောင်းသား ၅၀ ရာခိုင်နှုန်းသာ မီဒီယာလုပ်ငန်းတွင် ဝင်ရောက် အလုပ်လုပ်ကိုင်နေ ကြောင်း၊ ထိုအထဲမှ ရုပ်သံမီဒီယာလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး လုပ်ကိုင်နေကြောင်း သတင်းအတတ်ပညာဌာန ပါမောက္ခ၊  ဌာနမှူး ဒေါက်တာဒေါ်ဇင်မာကျော်က အတည်ပြုပြောကြားသည်။

ရန်ကုန်သတင်းစာ ပညာသင်ကျောင်း(YJS)၊ မန္တလေးသတင်းစာပညာသင်တန်းကျောင်း(MJS)၊ မြန်မာနိုင်ငံ သတင်းစာပညာ သိပ္ပံ (MJI)၊ မြန်မာ နိုင်ငံ သတင်းသမားများကွန်ရက်(MJN)တို့က စာနယ်ဇင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသည်။  

မီဒီယာနှင့် ဥပဒေ

သန့်ရှင်းသော အစိုးရနှင့်သတင်းထောက်များ သည် အစဉ်အမြဲ ဒွန်တွဲနေကြောင်း၊ ထုတ်ဖော် သတင်းပေးသူ ပြည် သူများကို အကာအကွယ်ပေးရေး ဥပဒေမူကြမ်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဦးဆောင်ရေးဆွဲကာ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ သဘောထားမှတ်ချက်ဖြင့် သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က အတည်ပြုပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၈-၂၀၂၁ မဟာဗျူဟာစီမံကိန်းတွင် တရားရုံး ဝန်ဆောင်မှုများကို အများပြည်သူလက်လှမ်းမီနိုင်ရန်၊ တိုးတက်စေရန်၊ ဆောင်ရွက်ပေးရန်၊ အများ ပြည်သူ၏ အသိအမြင်များကို မြှင့်တင်ပေးရန်၊ တရား စီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်စီမံခန့်ခွဲမှုများတွင် စွမ်းရည်မြှင့်တင်ပေးရန်၊ တရားစီရင်ရေး ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဂုဏ်သိက္ခာ ရှိမှုတို့ကို တိုးမြှင့်ဆောင်ရွက်ရန်၊ ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သည့် အထူး မှုခင်းများကိစ္စများကို တိုးမြှင့်ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။

"အဲဒီမှာ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး အချက်တစ်ချက် ထည့်ထားပါတယ်။ အဲဒါကတော့ သတင်းမီဒီယာ အများပြည်သူတို့နဲ့ ဆက်ဆံပြောဆိုမှု တိုးတက်စေရန်ဆိုပြီးတော့ ထည့်ထားပါတယ်။  အဲဒီအချက်အရပဲ သတင်းမီဒီယာကျွမ်းကျင်မှု သင်တန်းတွေ ပေးလျက်ရှိပါတယ်။ အဲဒါတွေက သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးမှု အားကောင်းလာဖို့အတွက် တရားစီရင်ကဏ္ဍရဲ့  ကြိုးပမ်းချက်ဖြစ်ပါတယ်" ဟု ပြည်ထောင်စုတရား လွှတ်တော်ချုပ်အဖွဲ့ဝင် ဦးညိုထွန်းက ဆိုသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေ အခန်း ၃ ပုဒ်မ ၄ (က)တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာဝေဖန်၊ ထောက်ပြ၊ အကြံပြုရေးသားခွင့်ရှိသည်ဟု ဖော်ပြထားပြီး ပုဒ်မ ၄(ခ) တွင် နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်တို့ရှိသည်ဟု ဖော်ပြပါရှိသည်။

အလားတူ ပုဒ်မ ၄ (ဂ) တွင် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဆုံးရှုံးမှုဆိုင်ရာကိစ္စများကို ဖော်ထုတ် ရေးသားခွင့်ရှိသည်ဖော်ပြထားပြီး ပုဒ်မ ၄ (ဃ)တွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက သတ်မှတ် ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့ အစည်းများတွင် သတင်းအချက်အလက်ရယူခွင့်၊ နေရာထိုင်ခင်းရခွင့်နှင့် ဝင်/ ထွက်သွားလာခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

"သတင်းရယူပိုင်ခွင့်နဲ့ပတ်သက်လို့  ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာဥပဒေ ဟာ တည်ဆဲဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကို သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းတွေကလည်းသိရှိ နားလည်ဖို့လိုအပ်ပါတယ်။ အဲလိုသိရှိနားလည်မှ သာလျှင် သတင်းထောက်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်း၊ ဌာန၊ အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေနဲ့က တွဲပြီးတော့ လုပ်လို့ရမှာ ဖြစ်ပါတယ်။ ဥပဒေ ပြဋ္ဌာန်းချက်ကတခြား၊ ဌာနဆိုင်ရာတွေ၊ အစိုးရ အဖွဲ့တွေကတခြား သတင်းထောက်တွေက တခြား အဲဒီလို အသီးသီး အပြားပြား ကွဲပြားနေမယ်ဆိုရင် ဥပဒေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက် အထမမြောက် နိုင်ပါဘူး" ဟု တရားလွှတ်တော်ရှေ့နေ ဦးဟန်ညွန့်က ပြောသည်။

သတင်းမီဒီယာဥပဒေပုဒ်မ ၆ (က)တွင် သတင်း မီဒီယာသမားတစ်ဦးသည် ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ၊  အမိန့်ညွှန်ကြားချက်ဖြင့် လုံခြုံရေးအဆင့်အတန်း သတ်မှတ်ထားသော စာရင်း၊ ဇယား၊ ဓာတ်ပုံ၊ မှတ်တမ်း ရေးသားချက်များမှအပ အများပြည်သူ သိပိုင်ခွင့်ရှိသော သတင်းအချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ တောင်းယူကြည့်ရှု ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

မည်သည့်စာရွက်စာတမ်း၊ မည်သည့် အချက် အလက်မျိုးသည် လုံခြံရေးအဆင့်အတန်း သတ်မှတ် ထားသည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။

အလားတူ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်း အပိုင်း ၁၉ တွင် "လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများတွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာ ဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင် သတင်းအချက် အလက်နှင့် အတွေးအခေါ်အယူအဆများကို သတင်းမီဒီယာ တစ်ရပ်ရပ်မှတစ်ဆင့် နယ်နိမိတ် အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်းပါဝင်သည်" ဟု ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် သတင်းအချက်အလက် ရယူ ပိုင်ခွင့်ဥပဒေ (RTI Law)ကို  ပြန်ကြားရေးဝန်ကြီး ဌာနမှ ဥပဒေကြမ်းရေးဆွဲထားသည်ဟု သိရသော် လည်း အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းမရှိသေးဘဲ မည်သည့် နေရာ၊ မည်သည့်အဆင့်သို့ ရောက်ရှိနေလဲ မသိရ သေးပေ။

မီဒီယာနှင့် ဒီမိုကရေစီအစိုးရ 

NLD အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာအဖွဲ့အစည်းများအပေါ် အသိအမှတ်ပြုမှု နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်က တစ်ကြိမ်တည်းသာ သဝဏ်လွှာပေးပို့ခဲ့ဖူးသည်။ ယင်းသဝဏ်လွှာကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် မြန်မာသတင်း မီဒီယာများ၏ အခန်းကဏ္ဍအရေးပါပုံကို အလေးအနက် ဖော်ပြထားပါသည်။ 
"ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မီဒီယာ ရဲ့ 'အား' ဟာ မလွဲမသွေလိုအပ်ပါတယ်။ ဒီမိုကရေစီ အားကောင်းရန်အတွက်  မီဒီယာလွတ်လပ်ခွင့်ဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်" ဟု နိုင်ငံတော်သမ္မတက အဆိုပါသဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
ဒီမိုကရေစီအစိုးရလက်ထက် ငါးနှစ်တာ ကာလတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင် ယင်းသဝဏ်လွှာ တစ်စောင်တည်းသာ ထွက်ပေါ်ခဲ့ဖူးသည်။

ဇော်မိုးလွင်