POST TYPE

ARTICLE

မုန့်ဖတ်တွင် ဖော်မလင်ပါဝင်နေမှု ရန်ကုန်တိုင်းရှိ ခရိုင်လေးခုတွင် တစ်ပြိုင်နက်စစ်ဆေး
ရန်ကုန်၊ဒီဇင်ဘာ၁၆

မုန့်ဖတ်တွင် ဖော်မလင်ပါဝင်နေမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခုလုံးတွင် မုန့်ဖတ်ဖိုများနှင့် မုန့်ဖတ်လက္ကားဆိုင်များတွင် ဒီဇင်ဘာလ၁၆ရက်နေ့က တစ်ပြိုင်နက်တည်း စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနက လက်ထောက်ဌာနမှုး ဒေါက်တာမြင့်သန်းထွန်းက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အုပ်ချုပ်ရေးဌာနနှင့် ကျန်းမာရေးဌာနတို့က တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။“ပဲပြား၊ခေါက်ဆွဲတွေကိုပါ တစ်ခါထဲ စစ်ခဲ့တယ်။ဒီနေ့အကုန်လုံးစစ်တယ်။ သေချာစစ်ဖို့ FDA ကို ထပ်ပို့ထားတဲ့ အခြေအနေပဲရှိသေးတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းကလည်း လမ်းဘေးဆိုင်များတွင် ရောင်းချနေသည့် မုန့်ဖတ်များတွင် ဖော်မလင်ပါဝင်မှုရှိ၊ မရှိကို နမူနာကောက်ယူ စစ်ဆေးခဲ့ကြောင်း ဒေါက်တာမြင့်သန်းထွန်းက ဖြည့်စွက်ပြောကြားသည်။
ဖော်မလင်ကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ အန္တရာယ်ပေးခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ၀မ်းလျောခြင်း၊ သတိလစ်မေ့မြောခြင်းတို့ ခံစားရနိုင်ပြီး ရေရှည်စားသုံးမှုကြောင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်စေနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ကသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့က မုန့်ဖတ်နှင့် ပဲပြားများနမူနာများကို ဈေးကွက်မှ ကောက်ယူစစ်ဆေးခဲ့ရာ ဖော်မလင်ပါဝင်မှုများ ရှိနေကြောင်း ၂၀၁၆ခုနှစ် မေလက စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) က ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မုန့်ဖတ်ဖိုပေါင်း ၆၆ဖို ရှိကြောင်း သိရသည်။