News

POST TYPE

ARTICLE

အငြင်းပွားမှု၊ ဆန္ဒပြမှုတွေနဲ့ အတိုင်အတောထူတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်
24-Nov-2020


ရွေးကောက်ပွဲပြီးတဲ့ နိုဝင်ဘာ ၈ ရက် ညနေကတည်းက အငြင်းပွားမှုအသံတွေ တိုင်မယ်တောတယ်ဆိုတဲ့ အသံတွေက ဟိုကဒီက ထွက်လာခဲ့ပါတယ်။ အခုဆိုရင်
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ရွေးကောက်ပွဲကော်မရှင်နဲ့ ရဲစခန်းတွေမှာ တိုင်တန်းတာတွေ လုပ်ဆောင်နေကြပြီးဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါသေးတယ်။

ခုအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တိုင်တန်းမှုတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးရဲ့ ပြည်သူများသို့ ပန်ကြားချက်ထဲမှာ ပြည်ခိုင်ဖြိုးက စုထောင်းထားတဲ့ ကော်မရှင်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်း ၇၅၀ကျော်နဲ့ ရဲအရေးပိုင်တဲ့ အမှုပေါင်း ၁၁၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အများစုက ကြိုတင်မဲပေးပြီးသူတွေ ရွေးကောက်ပွဲနေ့မှာ ထပ်မံမဲပေးတာ၊ ကိုယ်စားမဲပေးတာ၊ မဲရုံနဲ့အနီးအနားတွေမှာNLD ပါတီအမှတ်တံဆိပ်တွေ ထားရှိတာ၊ မဲဆွယ်စည်းရုံးတာတွေ လုပ်ခွင့်မရှိတဲ့ silent day မှာ မဲဆွယ်တာ၊ မဲပေးခွင့်မရှိတဲ့ကလေးသူငယ်တွေ မဲလာပေးတာ စတဲ့ အငြင်းပွားမှုတွေကို အများဆုံးတွေ့ရှိရတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်တဲ့သတင်းလွှာတွေမှာ ရေးသားထားပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ စွပ်စွဲမှုအများစုမှာ NLD ပါတီနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေကအများစု ဖြစ်တာကို တွေ့ရပါတယ်။



ရွေးကောက်ပွဲရလာဒ်ဟာ မမျှတတဲ့အတွက် တပ်မတော်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်တို့က နိုဝင်ဘာ ၁၁ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့ပါသေးတယ်။ သတင်းစာရှင်းလင်းပွဲမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိဘဲအာဏာရပါတီရဲ့ မတရားပြုကျင့်မှုတွေနဲ့ မဲလိမ်လည်မှုတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဘက်လိုက်တဲ့အပြုအမူတွေကြောင့် NLD ရဲ့ ပြိုင်ဘက်ပါတီတွေရှုံးနိမ့်ရပြီး လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက် အတည်မပြုဘဲကန့်ကွက်ကြောင်း ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမင်းမိုးက ပြောခဲ့ပါတယ်။

သူတို့ပါတီက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ် ၄ ခုမှာသာ ရွေးကောက်ပွဲအနိုင်အရှုံးရလာဒ်ပုံစံ ၁၉ကို လက်မှတ်ထိုးထားတဲ့အကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့က ပြုလုပ်တဲ့ မန္တလေးတိုင်းပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မန္တလေးသတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တပ်မတော်နဲ့ UEC ပေါင်းပြီးရွေးကောက်ပွဲပြန်ကျင်းပဖို့ကို ထပ်မံတောင်းဆိုတာမျိုး မတွေ့ရှိရတော့ပါဘူး။

ဘာသာရေးအကြောင်းပြ မဲဆွယ်တယ်ဆိုပြီး မိတ္ထီလာမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းလေးဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈(ဂ)နဲ့ မိတ္ထီလာမြို့ခံတဦးက နိုဝင်ဘာ ၂၂ရက်က ရဲစခန်းမှာ အမှုဖွင့်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ကလည်း မူဆယ်ခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အပါအဝင်မဲဆန္ဒနယ် ၂ခု ၃ခုမှာ ရွေးကောက်ပွဲအငြင်းပွားမှုတွေအကြောင်း UEC နဲ့ ရဲစခန်းကို တိုင်တန်းရတာတွေ ရှိတယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်က VOM ကပြောပါတယ်။



"အသက်မပြည့်ဘဲနဲ့ မဲပေးတာမျိုး လူစားထိုးပြီးတော့ နှစ်ခါသုံးခါအထိ မဲပေးတာမျိုးပေါ့နော်။ ဒါလွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင် သက်သေသက္ကာယနဲ့ တွေ့ရှိခဲ့တာပါ။ နောက် မဲပေးခွင့်ရှိတဲ့လူနဲ့ မဲလာပေးတဲ့ ရာခိုင်နှုန်းက အားကြီး မြင့်မားနေတာပေါ့ဗျာ။ နိုင်ငံတကာစံချိန်ကိုတောင် ချိုးပြီးတော့မှ တရာရာနှုန်းမကတဲ့ မဲရုံတွေရှိတယ်။ တော်တော်လေးကို ထူးဆန်းပါတယ်" လို့ ပြောပါတယ်။

ရှမ်းပြည်နယ်က မိုင်းဖြတ်မြို့နယ်အတွင်းလှုပ်ရှားနေတဲ့ ပြည်သူ့စစ်အဖွဲ့က မဲဆန္ဒရှင်တွေကို ကားနဲ့အကြိုအပို့လုပ်ပေးကြောင်း မီဒီယာကို ပြောကြားခဲ့တဲ့ SNLD ပါတီက ကိုယ်စားလှယ်လောင်း ဦးကျဖေ့ကို အဆိုပါပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ရဲ့ သားမက်ဖြစ်သူက ရဲစခန်းမှာ ၆၆(ဃ)နဲ့ အမှူဖွင့်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ပြည်သူ့ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ ဦးမျိုးသီဟထွန်းကလည်း ရွေးကောက်ပွဲမှာအငြင်းပွားမှုပုံစံအမျိုးမျိုးကိုမြင်တွေ့ရပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်/မဖြစ် လိုအပ်တဲ့စစ်ဆေးစုံစမ်းမှုတွေပြုလုပ်ဖို့အတွက် အချိန်မှီ ထိန်းသိမ်းတားဆီးပေးဖို့ ကာကွယ်ရေးဦးစီးချုပ်ကို စာရေးသားတောင်းဆိုခဲ့ပါသေးတယ်။ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ အဆိုပါ တောင်းဆိုမှုဟာ ကိုယ်စားလှယ်လောင်းတဦးထဲရဲ့ တောင်းဆိုချက်သာဖြစ်ပြီး ပါတီရဲ့သဘောထားမပါဘူးလို့ VOM ကို ပြောခဲ့ပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေနဲ့လည်း ရွေးကောက်ပွဲအငြင်းပွားမှုတွေကို တိုင်တန်းဖို့ရှိတဲ့အကြောင်း ပါတီပြောခွင့်ရသူ ဦးမျိုးညွန့်က မီဒီယာတွေကို ပြောကြားခဲ့တာကို တွေ့ရပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲအငြင်းပွားမှုပေါင်း ၄၀ ၅၀ ခန့်ကို တိုင်တန်းဖို့ရှိပြီး ၂၀၁၅ ခုနှစ်ကထက် အရေအတွက်များကြောင်းလည်း ဆိုပါတယ်။

ရွေးကောက်ပွဲဝင် အခြားပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အင်အားပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့ကလည်း ရွေးကောက်ပွဲရလာဒ်တွေဟာ ဥပဒေအရ တရားဝင်မှုမရှိကြောင်းနဲ့ ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ နိုဝင်ဘာ ၁၁ရက်နေ့က ပြည်ခိုင်ဖြိုးပါတီနဲ့အတူ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်စည်းကမ်းချက်တွေကြောင့် မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေရှိခဲ့တဲ့အတွက် အနိုင်မရတာလို့ ပါတီအချို့ရဲ့ ပြောဆိုမှုတွေလည်း ပေါ်ပေါက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီလို ပြောကြားချက်တွေအပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက  MRTV နဲ့ သီးသန့်အင်တာဗျူးပြုလုပ်စဉ် သူ့အမြင်ကို ခုလိုပြောပါတယ်။

"၂၀၁၅တုန်းက ဒီကပ်ရောဂါဘေးမရှိပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ မဲပေးနိုင်တဲ့အခြေအနေပါ။ အဲ့တုန်းက ၉၁ ပါတီပြိုင်ပါတယ်။၂၂ ပါတီ နိုင်ပါတယ်။ ၆၉ ပါတီက ကိုယ်စားလှယ်လောင်း အရွေးမခံရပါဘူး။ အခုလည်း ၆၈ ပါတီ အဲ့တုန်းကလည်း ၆၉ ပါတီပါပဲ။ ဒါက ကိုဗစ်ရောဂါကြောင့်ဖြစ်ခဲ့တဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးမှုအားက မကောင်းလို့သာဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။"



နိုင်ငံရေးပါတီအချို့က UEC ကို အယုံအကြည်မရှိဘူးလို့ ဝေဖန်တဲ့အပေါ်မှာလည်း လွတ်လပ်စွာပြောကြားခွင့်ကို လက်ခံပေမယ့် မိမိတို့ပါတီအနိုင်ရဖို့အတွက် ပြည်သူတွေယုံကြည်အောင်လည်း လုပ်သင့်ကြောင်း မေတ္တာနဲ့ တိုက်တွန်းခဲ့တယ်လို့ MRTV ကို ဆက်ပြောပါတယ်။

ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းတွေ၊ ရွေးကောက်ပွဲခုံအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေနဲ့ စပ်လျဉ်းတဲ့အယူခံမှုတွေနဲ့ ပြင်ဆင်မှုတွေ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ချက်တွေဟာ အပြီးအပြတ်အတည်ဖြစ်စေရမယ်လို့ ၂၀၀၈ အခြေခံဥပဒေအခန်း ၉ ပုဒ်မ ၄၀၂ မှာ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ကော်မရှင်ဟာ လွတ်လပ်ပြီး ဘက်မလိုက်ဘူးလို့ အခိုင်အမာဆိုကြပေမယ့် ပညာရှင်အချို့ကတော့ ကော်မရှင်အနေနဲ့ ဒီ့ထက်ပိုလွတ်လပ်ဖို့ လိုသေးတယ်လို့ မြင်ကြပါတယ်။

အခြေခံဥပဒေပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာအင်ဒရူးငုံကျုံးလျန်က "UEC နဲ့ အခြေခံဥပဒေခုံရုံးကို လွတ်လပ်တဲ့ ခုံရုံးဖြစ်အောင်လုပ်ဖို့ ကျနော်အမြဲပြောတယ်၊ အစိုးရလက်အောက်ခံ ဖြစ်နေသ၍တော့ ဘယ်တော့မှ ဒီမိုကရေစီ ရှင်သန်မှာမဟုတ်ဘူးလို့။ဘယ်သူမှ နားမထောင်ဘူးလေ။ အဲ့ဒီတော့ ခံပေတော့ပေါ့။ ခုံရုံးက ဘာဖြစ်တယ် ညာဖြစ်တယ်သာပြောနေကြတာ ခုံရုံးကို သူ့အိတ်ကပ်ထဲထည့်မယ့်လူတွေကိုပဲ ပြီးရင် မဲပေးကြအုံးမှာ" လို့ VOM ကို ပြောပါတယ်။

လေ့လာသူတွေရဲ့အဆိုအရ ၂၀၁၅ရွေးကောက်ပွဲမှာ မဲမသမာမှု ၄၀ ကို နိုင်ငံရေးပါတီတွေက UEC ထံ တိုင်ကြားခဲ့ပေမယ့် ၃၆ မှုက စွပ်စွဲမှုအနေနဲ့သာ အဆုံးသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ UEC ထံကို တိုင်ကြားမှု တခုမှတရားဝင် ရောက်မလာသေးဘူးလို့ ကော်မရှင်ဥက္ကဌ ဦးလှသိန်းက နိုဝင်ဘာ ၁၇ရက်က MRTV ကို ပြောကြားခဲ့ပါတယ်။

လတ်တလောမှာတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့က နေပြည်တော်အပါအဝင် မြို့အတော်များများမှာ ဆန္ဒပြပွဲတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြနေကြသလို အခြားတဖက်မှာ ဆန္ဒပြသူတွေကို သံပုံးတီးတောထုတ်တဲ့ ပုံစံမျိုး တန်ပြန် တုံ့ပြန်မှုတွေလည်းရှိနေပါတယ်။

အရုပ်ဆိုး အကျည်းတန်ဆုံးကတော့ ရှမ်းပြည်နယ် ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် အမှတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် ကို အမည်မသိ လက်နက်ကိုင်တစုက သတ်ဖြတ်တဲ့ ဖြစ်စဉ်ကတော့ ရွေးကောက်ပွဲရလာဒ်ကို လက်မခံတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံရေးပါတီအများစုက ကန့်ကွက်ရှုတ်ချ နေကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြားက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ အဆင်ပြေမှုများတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကဆိုကြပြီး ကော်မရှင်ကလည်း ရွေးကောက်ပွဲရလာဒ်ဟာ ပြည်သူတွေရဲ့ အောင်ပွဲပဲလို့ ဆိုပေမယ့် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီအချို့ကတော့ အငြင်းပွားမှုတွေကို ဥပဒေအရ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲအပြီး ၄၅ ရက်အတွင်းမှာ တိုင်ကြားဖို့ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိုင်ကြားမှုတွေအများစုကို ၂၀၁၅ ကလိုပဲ စွပ်စွဲမှုတွေအနေနဲ့ အဆုံးသတ်မလား၊ ဒါမှမဟုတ် တိုင်ကြားသူတွေက မှန်ကန်တယ်ဆိုရင် အမှန်တိုင်းဆုံးဖြတ်ပြီး မဲရလာဒ်တွေကို ပယ်ဖျက်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဆွေလင်းထွန်း၊ နေလင်း(VOM)