News

POST TYPE

ARTICLE

ကိုဗစ်ကာလ မီးဖိုချောင်တိုက်ပွဲ
09-Sep-2020

အခက်အခဲ၊ အကျပ်အတည်းတွေကိုဖြစ်စေတဲ့ ကမ္ဘာ့ကပ်ရောဂါကြီး ဘယ်အချိန်မှ လျော့ပါးသွားမလဲ၊ ပြီးဆုံးသွားမလဲဆိုပြီး ကျွန်မအပါအဝင် လူတိုင်းတွေး နေမိမှာအမှန်ပါ။ လူတွေကိုအကျပ်ရိုက်စေခြင်းဟာ မီးဖိုချောင်တိုက်ပွဲကို ပြင်းထန်စေခြင်းလို့ပဲ ကျွန်မ ယူဆမိပါတယ်။ ယူဆမိတယ်ဆိုတာထက် လက်တွေ့ မှာလည်း ဝမ်းစာအတွက် ဂယက်ရိုက်နေကြရတယ်။ကိုဗစ်ကာလအတွင်း အစိုးရက ပြည်သူတွေကို ဆန် တွေ၊ ဆီတွေ ဝေမျှပေမယ့် ခုတိုက်ပွဲက ရေရှည်တိုက်ပွဲ ဖြစ်နေလေတော့ အခံမရှိသူတွေအတွက် မီးဖိုချောင် တိုက်ပွဲဟာ တစ်နေ့ထက်တစ်နေ့ ပြင်းထန်နေဦးမှာပါ။ ဝမ်းဝဖို့အတွက် ဝမ်းစာရေးပုစ္ဆာတွေ ဘယ်လောက် ခက်ခက် တွက်နေကြရဦးမှာပါ။

မီးဖိုချောင်တိုက်ပွဲဆိုတဲ့နေရာမှာ အိမ်ရှင်မတွေ အဓိကပါဝင်ဆင်နွှဲရတဲ့တိုက်ပွဲလို့ ထင်မြင်မိပါတယ်။တကယ်လည်း အိမ်တစ်အိမ်မှာ မီးဖိုချောင်တိုက်ပွဲ တိ်ုက်နေရသူတွေဟာ အိမ်ရှင်မတွေပဲ များတယ်လေ။အိမ်ရှင်မဆိုတာ စကားလုံးတိုသလောက် သူတို့ယူထား ရတဲ့ဝန်တွေဟာတော့ လေးလံလွန်းပါတယ်။ အိမ်တစ်အိမ် မှာရှိတဲ့ လူအားလုံးရဲ့စားဝတ်နေရေး၊ ကျန်းမာရေးတွေ ကို လောက်ငှအောင် စီမံကြရသူတွေပါ။ အိမ်ရှင်မတွေ ချည်းလားဆိုတော့ မဟုတ်ပါဘူး။ အိမ်ရှင်အမျိုးသား တွေလည်း ဒီတိုက်ပွဲကို တိုက်ကြရပါတယ်။ ဒါပေမဲ့ အိမ်တစ်အိမ်ရဲ့ ဝမ်းရေး၊ ဗိုက်ဝရေးအတွက် တိုက်ပွဲဝင်နေကြရသူတွေဟာဆို အိမ်ရှင်မတွေများတယ်ဆိုတာ မည်သူမှ ငြင်းချက်ထုတ်နိုင်မယ်မထင်ပါဘူး။

အိမ်ရှင်မဆိုလို့ အိမ်ထောင်ကျပြီး အမျိုးသမီး တွေကိုသာ ပြေးမြင်နေလို့မရပါဘူး။ အိမ်တစ်အိမ်ရဲ့ အရေးအရာမှန်သမျှကို စီစဉ်ဆောင်ရွက်နေသူ အမျိုး သမီးအားလုံးကို ဆိုလိုချင်ပါတယ်။ အိမ်ရှင်မဆိုတဲ့ စကားလုံးထဲမှာ ဃသာစညေပ ဝန်ထမ်း၊ ကျောင်းဆရာမ၊ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း၊ ကုန်ကုန်ပြောရလျှင် အကြော်ကြော်ရောင်းတဲ့သူပါ ပါပါတယ်။

ကျွန်မတို့လူသားတွေဟာ အသက်ရှင်နေသမျှ ဝမ်းရေးအတွက် ရှာဖွေနေကြရမှာပါ။ အကယ်၍ ဝမ်းဝခြင်းမဖြစ်တောင် အစာစားရအောင် ဖန်တီးယူ ကြရမှာပါ။ အိမ်တစ်အိမ်ရဲ့ စီးပွားရေးဟာ အဲ့ဒီအိမ်က အိမ်ရှင်မအပေါ်မူတည်နေတာမို့ ငွေရေးကြေးရေး ပြည့်စုံ ခြင်း မပြည့်စုံခြင်းအပေါ်မူတည်ပြီး ခြိုးခြံချွေတာပြီး စီမံ ကြရတဲ့ကာလလည်း ဖြစ်ပါတယ်။

ခုလိုကိုဗစ်ကာလမှာဆို အိမ်ရှင်မတွေဟာ အခြား သူတွေထက် ကိုဗစ်နဲ့နပန်းလုံးနေရတာပါ။ ကိုဗစ်ဖြစ်လို့ ဈေးက သွားမရ၊ ဈေးမသွားရတော့ ဟင်းက အမျိုးမစုံ၊ အိမ်ကလူတွေက နှုတ်ခမ်းတဆူဆူ။ အဲ့လိုအိမ်တွေ များနေမှာအသေအချာပါ။ အကယ်၍ ကိုယ့်အိမ်မှာ ကလေးငယ်သာရှိရင် နေ့တိုင်းဒီဟင်းချည်းပဲ၊ မစား ချင်ဘူးဆိုပြီး ရေရွတ်မှာအသေအချာ။

အိမ်ရှင်မဆိုတဲ့နေရာမှာ ဝမ်းစာအတွက် ချက် ရေးပြုတ်ရေးသာမက၊ မိမိကိုယ်တိုင်လည်း စီးပွားရှာ နေရသူတွေရှိကြပါတယ်။ ရှေးယခင်ခေတ်များကလို အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ လုပ်စာတစ်ခုတည်းနဲ့ တစ်မိသားစုလုံး ထိုင်စားလို့ရတဲ့ခေတ်မဟုတ်တော့ဘူး။ ဒါ့ကြောင့် ယနေ့ခေတ်အိမ်ရှင်မ ၁၀ ယောက်မှာ ၈ ယောက်နီးပါးဟာ ချက်ပြုတ်ရုံသာမက စီးပွားလည်း ရှာနေကြရပါတယ်။

ကိုဗစ်ကာလမှာ အိမ်ရှင်မတွေရဲ့စိတ်ပိုင်းဆိုင် ရာ ကျန်းမာရေးဟာ အခြားသူတွေထက် စိုးရိမ်စရာ ကောင်းလှပါတယ်။ ကိုဗစ်မရှိခင်ကာလကတောင် ဒီနေ့ ဘာချက်ပြီး နောက်နေ့ ဘာချက်မယ်စဉ်းစားရတာ။ အခု အခက်အခဲကာလများအတွင်းမူ ပိုလို့တွေးရပြီ ပေါ့။ အလုပ်အကိုင်အခွင့်အလမ်းကနည်း စီးပွားက မဖြစ်ဆိုတော့ ကိုဗစ်ကာလအတွင်း အိမ်ရှင်မတစ် ယောက်ရဲ့သောကတွေ၊ ခေါင်းကိုက်ခြင်းတွေကို တွေး ကြည့်ရုံနဲ့သိနိုင်ပါတယ်။

အလုပ်အကိုင်ရှားပါးလာတဲ့ ကိုဗစ်ကာလဟာ ဆို အမျိုးသမီးအိမ်ရှင်မတွေရဲ့ဘဝကို ပြောင်းလဲနိုင် စွမ်းရှိပါတယ်။ တချို့သူတွေမှာဆို ရရာအလုပ်လုပ်ရင်း ကနေ လူမှုရေး မျှတမှုမရှိရာကနေ သူတို့ဘဝတွေ လမ်းမှားရောက်သွားနိုင်တယ်။ အခြားမကြည့်နဲ့။ ကျွန်မ တို့ဟာ ကိုဗစ်ဆိုတဲ့အသံစကြားတုန်းက မိမိတို့ရပ်ကွက် ထဲ လည်ရောင်းတဲ့ ဟင်းသီးဟင်းရွက်သည်ဆီကိုတောင် ကိုဗစ်ဆိုတာကြီးများ ပါလာမလားဆိုတဲ့ သံသယစိတ်နဲ့ အိမ်အပြင်မှာ သူဘယ်လောက်အာပြဲကြီးနဲ့အော်အော် မသိချင်ယောင်ဆောင်ပြီး အဖက်မလုပ်ကြတာများ တယ်။ တကယ်လို့ ဝယ်မယ်ဆိုရင်တောင် ဈေးသည်ကို အရင် နှာခေါင်းစည်းတပ်မတပ်ကြည့်ဖြစ်ကြပါတယ်။ နှာခေါင်းစည်းတပ်ထားတဲ့ဈေးသည်မှ ဝယ်မယ်ဆိုပြီး တွေးထားကြတယ်။

တကယ်တော့ ကိုဗစ်-၁၉ ဆိုတာ လူနဲ့ဗိုင်းရပ်စ် ကြား ဆင်နွှဲရတဲ့တိုက်ပွဲလို့ ခေါ်လို့ရသလို လူလူချင်း ကြား သံသယတွေနဲ့ ဆင်နွှဲနေရတဲ့တိုက်ပွဲဆိုလည်း မှားမယ်မထင်ပါဘူး။ အခုလို ကာလဝိပတ္တိ ဆိုက် ရောက်နေချိန်မှာ ကုန်ဈေးနှုန်းဆိုတာလည်း အခြေခံ လူတန်းစားတွေကို သွေးတိုးစမ်းနေသေး။ အလုပ် ကမှ မရှိပါဘူးဆို စားစရာ သောက်စရာတွေက ဈေးကြီး နေလေတော့ ဘယ်လိုဖြေရှင်းရပါ့။ ဒါတောင် မြန်မာ လူမျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ အလေ့လေးတွေ ကြောင့် နေသာနေတာ။ ကိုယ်ကူနိုင်သလောက် ကူမယ်၊ ကိုယ်လှူနိုင်သလောက် လှူမယ်ဆိုတဲ့ စိတ်ထားလေးတွေ နဲ့ လှူကြတန်းကြတော့ အနည်းငယ်ဖြေသာနေသေး။

အချို့ကျေးလက်ဒေသတွေမှာဆို ဝမ်းရေးထက် သောက်ရေ၊ သုံးရေ လုံလောက်စွာရရှိဖို့အတွက် တိုက်ပွဲတွေ တိုက်နေရတဲ့ အိမ်ရှင်မတွေရှိသေး။ ဈေး မသွားနိုင်တဲ့၊ ဈေးသွားရမှာကြောက်တဲ့ အိမ်ရှင်မတွေ ဟာဆို တစ်နေ့တစ်နေ့ အိမ်ရှေ့လာရောင်းတဲ့ ဈေးသည် ကိုမျှော်နေရတာအမော။ သူ ဘယ်လိုဈေးတင်ရောင်း တာသိပေမယ့် ကိုယ့်အိမ်တစ်အိမ်သားလုံး ကျန်းမာရေး အတွက် အိမ်ပြင်မထွက်ချင်တော့ အိမ်ရှင်မတွေခမျာ ဈေးတင်ရောင်းတဲ့ ဈေးသည်အချို့ကို မျက်နှာချိုသွေး၊ နောက်နေ့လာရေး တို့အရေးဆိုပြီး တောင်းဆိုနေကြ ရတယ်။ အဲ့လိုလာရောင်းတဲ့ဈေးသည်တွေဆိုလည်း ဝမ်းစာအတွက် တိုက်ပွဲဝင်နေရတဲ့ အိမ်ရှင်မတွေပါမှာပဲ။

ကိုဗစ်-၁၉ ဟူသည် ကျွန်မတို့မြန်မာနိုင်ငံမှ အိမ်ရှင်မများသာ တိုက်နေရသည်မဟုတ် တစ်ကမ္ဘာလုံး ရဲ့ဘုံရန်သူအဖြစ် ရှိနေပါတယ်။ ရခိုင်ပြည်နယ်က တချို့ ဒေသတွေမှာဆို ကိုဗစ်ကြောင့်သာမက ပြည်တွင်း စစ်ရဲ့ဒဏ်ကိုပါ ခံနေကြသူတွေရှိနေပါတယ်။ အိမ်ရှင်မ တွေအများစုတိုက်နေရတဲ့ ကိုဗစ်အတွင်းမှာပဲ စိတ် ဝမ်းကွဲပြီး အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ဖြစ်ပွား လျက်ရှိနေကြပါတယ်။

လော့ဒေါင်းကျနေတဲ့နေရာတွေဆီက အိမ်ရှင်မ တွေဟာဆိုလည်း အခြားသူတွေထက် ဝမ်းဝရေးအတွက် တစ်နေ့တစ်နေ့ ပူပန်နေကြရမှာပါ။ အိမ်ရှင်မတွေမှာ ဝမ်းရေးအပြင် သားသမီးရှိတယ်ဆို သားသမီးပူဆာ တဲ့အဝတ်အစား၊ အရုပ်၊ စာအုပ်တို့ကိုလည်း ဒီကာလ မှာ မရှိရှိအောင် ဖန်တီးပေးကြတယ်။ လွန်ခဲ့သောအပတ် က မဖြစ်မနေ အပြင်ထွက်ရတော့ အိ်မ်ရှင်မလို့ယူဆရ တဲ့အမျိုးသမီးတစ်ယောက် ပြောနေသံကြားခဲ့ပါသေး တယ်။ ဗိုက်ဝအောင်လည်း ဝယ်ရမယ်။ သားသားမီးမီး တို့ နှုတ်ခမ်းမဆူဖို့လည်း အရုပ်ဝယ်ရဦးမယ်တဲ့။ ဒါဟာ လည်း အိမ်ရှင်မတစ်ယောက်က မိမိအိမ်သားအပေါ် မှာထားတဲ့ မေတ္တာတစ်မျိုးမဟုတ်ပါလား။

အင်တာနက်သုံးတဲ့အိမ်ရှင်မတွေဆိုရင် နေ့တိုင်း ဒီဟင်းပဲဖြစ်နေမှာစိုးလို့ လူမှုကွန်ရက်က ဟင်းချက်နည်း တွေကို လေ့လာရတာအမော။ အိမ်ရှင်မဆိုတာ အိမ် သားတွေကိုပျော်အောင်ထားရမယ်ဆိုတဲ့ စိတ်ကလေး တွေနှစ်ထားတဲ့သူတွေဆိုတော့ မိဘရှိရင်လည်း မိဘ တွေကြိုက်တတ်တာတွေ၊ အိမ်ထောင်သည်ဆိုလည်း အမျိုးသားပျော်အောင်၊ အထူးအားဖြင့်တော့ မိမိတို့ အိမ်မှာရှိတဲ့ကလေးတွေပျော်ဖို့ အဘက်ဘက်က ဖန်တီး ယူနေကြရတယ်။ အိမ်ပြင်မှမထွက်ရတာ ပျင်းနေမှာ ပေါ့ဆိုပြီး အစစအရာရာ ဖန်တီးပေးနေကြရသူတွေပါ။

အပြင်မထွက်ရတော့ နည်းမျိုးစုံနဲ့ဆော့တဲ့ သားတွေ၊ သမီးတွေကြား၊ တူနဲ့တူမတွေကြား ရန်ဖြစ်ရင် ဖြေရှင်းပေးရတဲ့ ပုဏ္ဏားတိုင်လုပ်ပေးရတဲ့တရားသူကြီးကလည်း လုပ်ရသေးတယ်။ ဒါ့ကြောင့် အခက်အခဲ အကျပ်အတည်းကာလမှာ တိုက်ပွဲဝင်ရဆုံး၊ လူရော စိတ်ပါ အပင်ပန်းဆုံးဖြစ်တဲ့အိမ်ရှင်မတွေကို တန်ဖိုးထား မြတ်နိုးကြစေချင်ပါတယ်။ ကိုဗစ်ကာလကြီး အမြန်ပြီးဆုံးပါစေကြောင်း ဆုမွန်ခြွေလိုက်ရပါတယ်။

မုဒိတာ (တောင်သာ)