News

POST TYPE

ARTICLE

COVID-19 အပြီး မြန်မာနိုင်ငံရှိ ရုံးဌာနများ၏ အနာဂတ်
04-May-2020


မေ ၃ ရက်စာရင်းအရ ဓာတ်ခွဲအတည်ပြု လူနာ ၁၅၁ ဦးအထိရှိနေပြီး သေဆုံးသူ ၆ ဦးအထိ ရှိလာသော်လည်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ပြန့်ပွားမှုနှုန်းသည် ကမ္ဘာ တစ်ဝန်းတွင် ကြုံတွေ့နေရသကဲ့သို့ အဆိုးရွားဆုံး အနေအထားသို့ မရောက်ရှိသေးပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဧပြီလ ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်ဖြစ်ပွား လျက်ရှိသော COVID-19 ရောဂါပိုး ပြန့်ပွားမှုအခြေအနေသည် ကွက်ကျားဖြစ်ပွားခြင်း (Sporadic) ထက် တစ်ဆင့်မြင့်မားသော်လည်း ကူးစက်မှုအား ခြေရာခံ မလိုက်နိုင်လောက်အောင်အထိ (Community Transmission)မဆိုးရွားသော အုပ်စုငယ်အလိုက် ဖြစ်ပွားခြင်း (Clusters) အဆင့်သာရှိသေးကြောင်း သိရသည်။

သို့သော်လည်း ဓာတ်ခွဲစစ်ဆေးနိုင်မှုပမာဏနည်းပါးနေသေးသည့်အချက်ကြောင့် မပေါ်ထွက်လာသေးသည့် ကူးစက်ခံရသူ အမြောက်အမြားရှိနေနိုင်ကြောင်း International Growth Centre က သုံးသပ်ထားသည်။ WHO က အချက်အလက်များ ထုတ်ပြန်လိုက်သည့် တစ်နေ့တည်းတွင်ပင် ပြည်တွင်း သတင်းမီဒီယာများကမူ Community Transmission စတင်ဖြစ်ပွားနေသည့် လက္ခဏာများကို စတင်မြင်တွေ့နေရပြီဖြစ်ကြောင်း ရေးသားဖော်ပြကြသည်။

ရောဂါပိုးကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်တား ဆီးရန်အတွက် ကုမ္ပဏီများစွာက Work From Home ဟူသည့် နေအိမ်မှအလုပ်လုပ်သော အလေ့အထတစ်ခုကို စတင်ကျင့်သုံးလာကြသဖြင့် တစ်နိုင်ငံလုံးရှိ ရုံးခန်းများမှာ လူမရှိဘဲ ခြောက်ကပ်လျက်ရှိသည်။

အဝေးမှ အလုပ်လုပ်သည့် အလေ့အထ ပိုမိုတွင်ကျယ်လာခြင်း

အဝေးမှအလုပ်လုပ်သည့် အတွေ့အကြုံရှိသော ပြည်တွင်းအခြေစိုက် နိုင်ငံတကာကုမ္ပဏီကြီးများ၏ဦးဆောင်မှုဖြင့် ရန်ကုန်မြို့ရှိ လုပ်ငန်းအချို့သည် နေအိမ်မှအလုပ်လုပ်သည့်ပေါ်လစီကို မတ်လအလယ်လောက်ကတည်းကပင် စတင် အစမ်းကျင့်သုံးခဲ့ကြသည်။

မတ်လကုန်သည်နှင့်တစ်ပြိုင်နက် ဝန်ထမ်းအင်အား အနည်းစုအားနေအိမ်များမှ အလုပ်လုပ်စေ သည့်လုပ်ငန်းများတွင် ဘဏ်များ၊ သတင်းမီဒီယာ ဌာနများနှင့် အူရီဒူး၊ တယ်လီနော အစရှိသော ဆက်သွယ်ရေးအော်ပရေတာများ ပါဝင်ခဲ့သည်။ 

အဆိုပါအချိန်အတောအတွင်း၌ အစိုးရသည်လည်း ၎င်း၏ဝန်ထမ်းတစ်ဝက်ခန့်ကို မတ် ၂၆ ရက်မှ စ၍ နေအိမ်၌နေကြရန် အမိန့်ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို့ အဝေးမှအလုပ်လုပ်ဆောင်နိုင်လာခြင်းသည် မြန်မာနိုင်ငံ၌ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း အင်တာနက်တိုးချဲ့ အသုံးပြုလာခြင်းကြောင့်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုသူပေါင်း ၁၈ သန်း (လူဦးရေ အချိုးအရ ၃၃.၁ ရာခိုင်နှုန်း) ရှိရာမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီ လတွင် ၂၂.၂ သန်း (လူဦးရေအချိုးအရ ၄၀.၈ရာခိုင်နှုန်း) အထိ မြင့်တက်လာခဲ့သည်။ သို့သော်လည်း အာဆီယံဒေသတွင်း အင်တာနက်အသုံးပြုမှု ပျမ်းမျှနှုန်းဖြစ်သည့် ၆၆.၁ ရာခိုင်နှုန်းကို မီခြင်းမရှိသေးပါ။

အဝေးမှ အလုပ်လုပ်သည့် အလေ့အထနှင့် အတူ အချို့ကုမ္ပဏီများသည် သမားရိုးကျ ရုံးခန်းများဖြင့်အလုပ်လုပ်ခြင်းမှ Co-working Facilities များ၊ ဝန်ဆောင်မှုပါရရှိနိုင်သော ယာယီရုံးခန်းများ၊ Virtual ရုံးခန်းများနှင့် အစည်းအဝေးခန်းမများ ငှားရမ်းခြင်း အစရှိသည့် Flexible ဖြစ်သော လုပ်ငန်းခွင်နေရာများတွင် အလုပ်လုပ်ခြင်းကို ထည့်သွင်း စဉ်းစားလာကြသည်။

အနာဂတ်၏ Flexible ဖြစ်သော လုပ်ငန်းခွင်နေရာများ

Covid-19 ရောဂါပိုးပြန့်ပွားမှုသည် မြန်မာ နိုင်ငံ၏ Flexible ဖြစ်သော ရုံးခန်းဈေးကွက်အပေါ် မည်မျှအကျိုးသက်ရောက်မှု ရှိမည်ကို ရှင်းလင်းပြတ်သားစွာ မသိရသေးပါ။

ရန်ကုန်အခြေစိုက် Slade Property Services ၏ Managing Director ဖြစ်သူ Hugo Slade က “ရုံးခန်းငှားထားတဲ့သူတွေက အခုဆိုရင် နေအိမ်တွေကနေပဲ အလုပ်လုပ်တဲ့အလေ့အထကို ကျင့်သုံးပြီး နေသားလည်းကျလာပြီဖြစ်တဲ့အတွက် Flexible ဖြစ်တဲ့ လုပ်ငန်းခွင်နေရာတွေကို မလို အပ်တော့တာကြောင့် Covid-19 ဟာ ရုံးခန်းနေရာ ငှားရမ်းတဲ့လုပ်ငန်းတွေကို ရေရှည်မှာ ဆိုးဆိုးရွားရွား ဆုံးရှုံးနစ်နာစေလိမ့်မယ်လို့ ယုံကြည်ထားတဲ့သူ တွေလည်းရှိပါတယ်။ တစ်ဖက်က Co-working Industry က သူတွေကလည်း ဒီကပ်ရောဂါကြီးဟာ ရုံးခန်းငှားထားတဲ့သူတွေကို Flexible ဖြစ်တဲ့ အလုပ် လုပ်နည်းကို ပိုပြီးကျင့်သုံးဖို့ အားပေးလျက်ရှိတယ်လို့ ယုံကြည်နေကြပါတယ်” ဟု OBG သို့ ပြောကြားခဲ့သည်။

Flexible ဖြစ်သည့်လုပ်ငန်းခွင်ပုံစံသို့ ဦးတည်ခြင်းသည် စီးပွားရေးလုပ်ငန်းများအဖို့ ရုံးခန်းနေရာများနှင့် ငှားရမ်းခများကို လျော့ကျစေပြီး Co-working Spaces များ၊ Virtual ရုံးခန်းများနှင့် အစည်းအဝေးခန်းမများ ငှားရမ်းပေးသည့်သူများ အတွက်ကိုမူ အခွင့်အလမ်းတစ်ခုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။

ရန်ကုန်တွင် Co-working Space များကို လည်ပတ်နေသည့် စင်ကာပူအခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သော Draper Startup House ၏ တွဲဖက် တည်ထောင်သူ CK Goyal က “အခုလို မုန်တိုင်းထန်ပြီးခက်ခဲနေတဲ့ကာလအတွင်းကနေ ဖောက်ထွက်နိုင်တဲ့ Start-up လုပ်ငန်းတွေ၊  Co-working Spaces တွေကို လည်ပတ်နေတဲ့စီးပွားရေးလုပ်ငန်း တွေနဲ့ အခြားအသေးစားလုပ်ငန်းတွေက နောက် ဆိုရင် ပိုပြီးတော့တောင် ကြီးထွားလာနိုင်ပါတယ်” ဟု OBG သို့ ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ကျန်းမာရေးအကျပ် အတည်းသည် သမားရိုးကျအလုပ်ခွင်ပုံစံမဟုတ်သည့် ရုံးခန်းနေရာ ဝန်ဆောင်မှုများပေးနေသော လုပ်ငန်း များအဖို့လည်း ၎င်းတို့၏လုပ်ငန်းလည်ပတ်ပုံကို ရိုက်ခတ်မှုများရှိလာနိုင်သည်။

တစ်ဦးနှင့်တစ်ဦး နီးကပ်စွာမနေရဟူသည့် စည်းမျဉ်းများကြောင့် အခန်းကန့်ထားခြင်းမရှိသော Co-working Spaces များသည်လည်း လတ်တလောတွင် အသုံးပြုသူမရှိဘဲ ခြောက်ကပ်လျက်ရှိသည်။ သို့သော် Services Suites များ၊ အခန်းကန့်ထားသော ရုံးခန်းနေရာများအပါအဝင် သမားရိုးကျ ရုံးခန်းနေရာအချို့ကမူ ကျန်းမာရေးလုပ်ဆောင်ချက်များကို တိုးမြှင့်ဆောင်ရွက်ကာ ဖွင့်လှစ်ထားဆဲဖြစ်သည်။

ပုံမှန် ရုံးခန်းများ ပြန်လည်ဖွင့်လှစ်ခြင်း

ကပ်ရောဂါမတိုင်မီကာလများတွင် အာမခံလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ အစရှိသော ကဏ္ဍများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာမူဝါဒများကို လျှော့ပေါ့ပေးလိုက်ခြင်းကြောင်း ပြည်ပလုပ်ငန်းအမြောက်အမြား ဝင်ရောက်လာပြီး ရုံးခန်းနေရာ ငှားရမ်းသည့်ဈေးကွက်သည်လည်း အလားအလာကောင်းနေခဲ့သည်။

“ငှားရမ်းမှုကာလနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲရေးတွေလုပ်အပြီး မကြာသေးခင်ကမှ ရုံးခန်းငှားရမ်းမှုဈေးကွက်က တည်ငြိမ်လာခဲ့တာပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကဆိုရင် ငှားရမ်းခနှုန်းထားတွေ ကျဆင်းခဲ့တာကြောင့် ငှားရမ်းနေထိုင်မှုနှုန်းတွေ အတန်အသင့် မြင့်တက်လာခဲ့ပါတယ်”ဟု Emerson Real Estate ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Richard Emerson မှ OBG သို့ ပြောကြားခဲ့သည်။

Slade Property Services ၏ အဆိုအရ ကပ်ရောဂါပြီးဆုံးသွားသည့်အခါတွင်ပင် ရုံးခန်းငှားရမ်းနိုင်မှုမှာ မသေချာ မရေရာဖြစ်နေသဖြင့် ရုံးခန်းပိုင်ရှင်များသည် ကပ်ရောဂါအပြီး၌ ၎င်းတို့၏စီးပွားရေးများ ဆက်လက်ငြိမ်သက်နေဦးမည်ဟု လတ်တလောတွင် ထင်မြင်သုံးသပ်လျက်ရှိကြောင်းသိရသည်။ မည်သို့ပင်ဖြစ်စေ သမားရိုးကျရုံးခန်းများကို ပြန်လည်ငှားရမ်းလိုအားသည် ကပ်ရောဂါအပြီး ၃ လမှ ၅ လ အတွင်း ပြန်လည်ထူထောင်လာနိုင်မည်ဟုလည်း လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

လာမည့် ၂၀၂၁ တွင် များပြားလှသော စီးပွား ရေးလုပ်ငန်းများသည် ကပ်ရောဂါကာလအတွင်း ၎င်းတို့ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းရန် စီးပွားရေးတိုးချဲ့မှုများ ဆောင်ရွက်လာတော့မည်ဖြစ်သည်။ ထိုကာလမတိုင်မီထိ ကပ်ရောဂါကာလအတွင်း မိမိကိုယ်ကို ခေတ်ရှေ့ပြေးသော အဆင့်မြင့်လုပ်ငန်းများအဖြစ်သို့မြှင့်တင်ရန် အခွင့်အရေးရထားသည့် လုပ်ငန်းများအနေဖြင့် တိုးတက်မှုများဖော်ဆောင်နေ နိုင်ဦးမည်ဖြစ်သည်။

By Oxford Business Group