News

POST TYPE

ARTICLE

"အထွေထွေ အကျပ်အတည်း General Crisis လို့ မယူဆပါဘူး" နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် တွေ့ဆုံခြင်း
28-Nov-2016
နိုင်ငံတော်အတွင်းဖြစ်ပေါ်လျက်ရှိသော အထွေထွေအကျပ်အတည်းများ နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် ဥစ္စာပစ္စည်းများ ဆုံးရှုံးနေခြင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၀၁နှင့်အညီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး ဖြေရှင်းရန် နိုင်ငံရေးပါတီ ၁၃ ပါတီ စုပေါင်းလက်မှတ်ရေးထိုးပြီး  အစိုးရထံ တောင်းဆိုခဲ့ကြသည်။ ယင်းတောင်းဆိုမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် The Voice က ဆက်သွယ်မေးမြန်း ဖော်ပြအပ်ပါသည်။

The Voice : လက်ရှိ အတိုက်အခံ ပါတီတွေက နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အထွေထွေ အကျပ်အတည်းတွေလို့ သုံးနှုန်းပြီးတော့ ကာလုံ အစည်းအဝေးခေါ်ပေးဖို့ကို တောင်းဆိုထားတယ်။ အဲဒါကို အစိုးရအနေနဲ့ အထွေထွေ အကျပ်အတည်းလို့ ယူဆပါသလားခင်ဗျ။

UZH   : လက်ရှိပြဿနာတွေကို အထွေထွေ အကျပ်အတည်း General Crisis လို့ မယူဆပါဘူး။

The Voice : ဘယ်လိုအချက်တွေကြောင့် အဲဒီလို မယူဆတာလဲခင်ဗျ။

UZH   : ဘာကြောင့်လဲဆိုတော့ နံပါတ်တစ် ရန်ကုန်မြို့မှာ ဗုံးလန့် တယ်ဆိုတဲ့ ပုလင်းဗုံးကိစ္စကို လက်သည်ဆောင်ရွက်တဲ့ ကျူးလွန်တဲ့ တရားခံတွေကို မိထားပြီးပြီ။ လောလောဆယ် မထုတ်ပြန်သေးတာက ဆက်စပ် တရားခံတွေကို ထုတ်ဖော်အရေးယူဖို့ ဆောင်ရွက်ဖို့ ရဲလုပ်ငန်း တွေ ဆောင်ရွက်နေတဲ့ အတွက်ကြောင့် Public ကို ကျယ်ကျယ်ပြန့်ပြန့် မရှင်းပြသေးတာဖြစ်တယ်။ အဲဒါကလည်း နောက်က ဆက်စပ်တဲ့ အားလုံးပါတဲ့ဟာတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်။ ပြီးတာနဲ့ ပြည်သူကို ထုတ်ပြန်ပေးသွားမယ်။ ဒါက ရန်ကုန်ဖြစ်တဲ့ ဖြစ်စဉ်ပေါ့။ 

နံပါတ်နှစ်အချက်က မောင်တောမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်ပေါ့။ အောက်တိုဘာလ  ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ပေါ့။ အဲဒီဖြစ်စဉ်ကို တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ ရခိုင်ပြည်နယ် အစိုးရနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တယ်။ စစ်ဆင်ရေးတွေလုပ်ပြီးတော့ လက်ရှိအနေအထားကို အပွင့်လင်းဆုံး ပြောရမယ်ဆိုရင် အောက်တိုဘာ ၉ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်သမားတွေက မောင်တောဒေသတစ်ဝိုက်က ရွာတွေထဲမှာ စိမ့်ဝင်ပြီးတော့ ကိုယ်ရောင်ဖျောက်နေတယ်ပေါ့။ အဲဒီ တော့ ဘာပြဿနာရှိလည်းဆိုတော့ အခုလောလောဆယ်မှာ သတင်း တွေရတယ်။ ရတယ်ဆိုရင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာ ပါဝင်တဲ့ သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်။ ဖမ်းဆီးပြီးတော့ သူတို့နဲ့ ဆက်စပ်နေတဲ့ သူတွေကို ဖမ်းဆီးမှုတွေ လုပ်နေတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်မှာ ပါဝင်သူအားလုံးကို ဖော်ထုတ်ဖို့ ရည်မှန်းချက်ကိုလည်း ထိုက်သင့်သလောက် အောင်မြင်မှု ရနေတယ်။ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့သူတွေ ယူဆောင်သွားတဲ့ လက်နက်တွေကို ကြိုကြားကြိုကြားတော့ ပြန်ရလာတယ်။ အားလုံး တော့ ပြန်မရသေးဘူး အတန်အသင့်တော့ ပြန်ရတယ်ဆိုတဲ့ အနေ အထားမှာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အခြေအနေမဆိုးဘူးပေါ့။ နောက်ပိုင်းမှာ သူတို့အနေနဲ့ လှုပ်ရှားရတာလဲ ကျပ်လာတာပေါ့။ ဟိုဘက်မှာ မောင်တောက ရွာတွေမှာ ရွာသားတွေနဲ့ စိမ့်ဝင်နေတဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးမှုတွေ ဖိဖိစီးစီး လုပ်လာ တယ်။ နောက်တစ်ချက်ကတော့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ မူဆယ်-ကွတ်ခိုင် လမ်းကြောင်းတစ်လျှောက်မှာ KIA နဲ့ အပေါင်းအပါတွေ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ပေါ့။ အမှန်က ဒီလမ်းကြောင်းမှာ တအာင်း-ပလောင်တွေ လမ်းပိတ်ဆို့တယ်၊ ဆက်ကြေးကောက် တယ်ဆိုတာ အရင်တည်းက လုပ်နေတာပဲ။ ဒီတစ်ခေါက်မှာတော့ ကုန်သွယ်ရေးဇုန်ကို ပစ်မှတ်ထားပြီး တိုက်လာတယ်။ နောက် လမ်းမှာ တွေ့သမျှ အရပ်သားပြည်သူတွေကော အရပ်သားကားတွေကော မည်းမည်းမြင် ထင်ရာပစ်တယ်။ အဲဒီလို လုပ်လာတာကို ပြည်သူလူထုကကော နိုင်ငံတကာကကော ဒီဖြစ်စဉ်ကို ကွဲကွဲပြားပြား သိလာတယ်ပေါ့။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးတွေ ဆောင်ရွက်နေ တယ်။ ဥပမာ - မုံးကိုးဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတယ်။ ဆက်စပ် နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ ပြည်သူတွေကြားမှာ အရပ်ဝတ်နဲ့ ရောနှောဝင်ရောက်ပြီးတော့ မုံးကိုးကို အပိုင်စီးတယ် ဘာညာ ပြောနေပေ မယ့် လက်တွေ့ တပ်မတော်ကို မေးကြည့်တဲ့အခါမှာ ပြည်သူနဲ့ ရောနေတဲ့ အတွက် တပ်မတော်က ချေမှုန်းရေး လုပ်ရတာ  နည်းနည်းတော့ ချိန်ဆနေရတဲ့ သဘောပေါ့။ ဒါကလည်း ယခင်ကတည်းက လက်နက်ကိုင် တွေ အဲဒီဘက်မှာ ဆက်ကြေးကောက်၊ လူထုကိုဖမ်း၊ ရွာသားတွေကို သတ်ပစ်ပေါ့။ ဒါတွေက ဖြစ်နေတယ်။ နိုဝင်ဘာ ၂၀ မှာ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ အလစ်အငိုက် ခံခဲ့ရတယ်။ လက်ရှိမှာတော့ တပ်မတော် က စစ်ဆင်ရေးတွေ စနစ်တကျ ဆောင်ရွက်ခဲ့တဲ့အခါမှာ ထိုက်သင့်တဲ့ အနေအထားတစ်ခုတော့ ရအောင် စွမ်းဆောင်ထားနိုင်တယ်။ ပြီးတော့ မောင်တောမှာ ဆိုရင်လည်း အပြင်က အကြမ်းဖက်သမားတွေ လက်နက်အလုံးအရင်းနဲ့ ဝင်ရောက်လာမှာကို စိုးရိမ်မှုရှိတယ်။ အဲဒါကိုလည်း တပ်မတော်ရေက စနစ်တကျ ကာကွယ်ထိန်းချုပ်ထားတယ်။ လုံး၀ မထိန်းချုပ်နိုင်သေး ဘူးဆိုတာ လက်ရှိမှာ လူ့အခွင့်အရေး စွပ်စွဲပြစ်တင်ချက်တွေ ရှိနေတယ်။ အဲဒါတွေကို အပြောလွတ်အောင် ဆောင်ရွက်နေတဲ့ အနေအထားပေါ့။ လက်ရှိတပ်မတော်ကလည်း မောင်တောဒေသမှာဆိုရင် သမားရိုးကျ စစ်ပွဲလိုမျိုးမဟုတ်ဘဲ ပစ်မှတ်တစ်ခုချင်းစီကို တိုက်ခိုက်တဲ့ ပုံစံနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ သွားနေတယ်။ 

The Voice : နောက်တစ်ခုက စီးပွားရေးပြဿနာပေါ့၊ စီးပွားရေး ကျဆင်းမှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီးတော့ ထုတ်ပြန်ထားတာကိုကော ဘယ်လို မြင်လဲခင်ဗျ။

UZH   :  စီးပွားရေး ပြဿနာကတော့ အခု ကမ္ဘာ့ စီးပွားရေး အခြေ အနေကလည်း နှေးလာတယ်။ နိုင်ငံတော်သမ္မတကကော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကကော ဒါက အသိအမှတ်ပြု လက်ခံထားပြီးသား ဖြစ်တယ်။ အဲဒါကိုလည်း ပြည်သူကို ပြောပြီးသားဖြစ်တယ်။ ကမ္ဘာ့ စီးပွားရေး အခြေအနေမှာ ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်းမှာ ဒေါ်လာဈေးတွေ မာလာတယ်။ ပိုမာလာတယ်ပေါ့။ အိုဘားမား လက်ထက်ကထက်ပေါ့။ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေက ကုန်သွယ်မှုကို ဂယက်ရိုက်တယ်။ တစ်ကမ္ဘာလုံးက လွတ်လပ်စွာ ကုန်သွယ်ရေးကလည်း မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတယ်ပေါ့။ တစ်ကမ္ဘာလုံးကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းမှာ ပိုခိုင်မာလာအောင် Local ကို ပြန်ကြည့်နေရတယ်။ အဲဒီလို အခြေအနေနဲ့လည်း ကြုံတွေ့နေတယ်။ ပြီးတော့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ရေဘေး သဘာဝဘေး ပြင်းပြင်းထန်ထန်ဖြစ်သွားတယ်ပေါ့။ ဒါတွေကို ပြန်လည်ထူထောင် ပြန်လည်တည်ငြိမ်ဖို့ ကြိုးပမ်း နေရတဲ့ အခြေအနေမှာ ကမ္ဘာ့ စီးပွားရေး ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရ တယ်ပေါ့။ တစ်ကမ္ဘာလုံးမှာ Exchange Rate တွေ မြင့်တက်လာ တယ်ပေါ့။ အခုဆောင်ရွက်နေတဲ့ macro စီးပွားရေး အနေအထားက ဘာလဲဆိုရင် ဒေါ်လာဈေး မြင့်တာတက်တာထက် ငြိမ်နေဖို့ကို ဦးတည်ပြီး တော့ ကြိုးပမ်းဆောင်ရွက်နေတဲ့ သဘောရှိတယ်။ ကျန်တဲ့ ကုန်သွယ်မှု ငွေပေးငွေယူရှင်းတမ်းပေါ့၊ ကုန်သွယ်မှု ပိုငွေလိုငွေ အနေအထားပေါ့ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားကို ဆောင်ရွက်နေတယ်ပေါ့။ ကျွန်တော်တို့ နိုင်ငံအတွက် ကံကောင်းတာက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှု တွေပေါ့။ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာ နှေးကွေးနေတဲ့ အချိန်မှာ ဒီနိုင်ငံတွေ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေက ကျွန်တော်တို့ ပြည်တွင်းဈေးကွက် ကို လည်ပတ်နိုင်အောင် ထည့်သွင်းပေးမယ့်သဘောဖြစ်တယ်။

The Voice  : လက်ရှိဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းမှာ အဓိက ခံစားနေရတာက အောက်ခြေပြည်သူတွေပေါ့။ အစိုးရကနေပြီးတော့ အခြေခံ လူတန်းစားတွေ ချောင်လည်ရေးအတွက် အစီအစဉ်တွေ လုပ်ဆောင်နေတာမျိုး ရှိလားခင်ဗျ။

UZH   : အခြေခံ လူတန်းစားတွေအတွက် Real Estate (မြေယာ)ကဏ္ဍမှာပေါ့။ ရန်ကုန်မှာ အထပ်မြင့် ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အတော်လေး ဂယက်ရိုက်သွားတယ်။ အဲဒီအပေါ် မှီခိုနေတဲ့ အခြေခံ အလုပ်သမား ပန်းရန်ကအစပေါ့ ရိုက်ခတ်မှုရှိခဲ့တယ်။ အဲဒါတွေကို ပြန်ဆောက်လုပ်ခွင့် ပေးလိုက်တဲ့အခါမှာ ဒီလုပ်ငန်းက ပြန်လည်ပတ် လာတယ်။ တစ်ဖက်မှာလည်း MIC ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြင်ဆင်ဖွဲ့စည်းတဲ့အခါမှာ လူရွေးချယ်မှုနဲ့ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတဲ့ အချိန်မှာ အကူးအပြောင်းကာလမှာပေါ့ ကျွန်တော်တို့က နည်းနည်း နောက်ကျသွားတယ်။ ဒါပေမဲ့ အခုရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း ပြင်ဆင်ပြီးသွားပြီ ဒါက Recovery ပြန်ဖြစ်လာတာပေါ့။ ဒါက အကူးအပြောင်း ကာလမှာ ကြုံလေ့ကြုံထရှိတဲ့ ပြဿနာဖြစ်တဲ့အတွက် ပြဿနာ ကြီးကြီး မားမားလို့ မယူဆဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ ပြန်ရောက် လာမယ့် အနေအထားရောက်ရင် ကျွန်တော်တို့ရဲ့ စီးပွားရေးက ခုသာခံသာ ရှိလာမှာပေါ့။ လောလောဆယ်ကတော့ စီးပွားရေးက နှေးကွေးနေတယ်။ အဲဒါကိုလည်း အစိုးရက အသိအမှတ်ပြုပြီးတော့ ဆောင်ရွက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံး စီးပွားရေးနဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ပုဂ္ဂလိကကဏ္ဍအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ကော်မတီဖွဲ့တယ်။ ကော်မတီဖွဲ့ ပြီးတော့ ပုဂ္ဂလိက လုပ်ငန်းတွေလည်ပတ်လာအောင်ပေါ့ ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကို အမြန်ဆုံးဆောင်ရွက်သွားမှာ ဖြစ်တယ်။ ပုဂ္ဂလိကကဏ္ဍမှာ မှီခိုနေတဲ့ ပြည်သူလူထုပေါ့။ Construction အပါအဝင် နေ့စား အလုပ်သမားတွေပေါ့။ အဲဒါတွေကလည်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်တာနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်များလာမယ့် သဘောရှိတယ်။  ပြန်ခြုံလိုက်ရင်ပေါ့ အထွေထွေ အကျပ်အတည်း General Crisis ပေါ့။ လုံးဝကို ကသောင်းကနင်းဖြစ်ပြီးတော့ ကမောက်ကမဖြစ်နေတဲ့ တကယ့် Crisis အနေအထားတော့ မဟုတ်ဘူး လို့တော့ ပြောချင်တယ်။

The Voice :  ကာ/လုံ အစည်းအဝေးကကော သူတို့ပြောသလို လုပ်ဖို့ ရှိလားခင်ဗျ။

UZH   : အဲဒါကတော့ လူကြီးတွေ စဉ်းစားရမှာပေါ့။ ဒါပေမဲ့ ဖြည့်စွက်ပြီး ပြောချင်တာက ကျွန်တော်တို့ သတင်းထုတ်ထားတာလည်း ရှိတယ်။ သတင်းမထုတ်ထားတာလည်း ရှိတယ်။ ရခိုင်ကိစ္စ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကိစ္စတွေနဲ့ ပတ်သက်လို့ သတင်းမထုတ်သော်ငြားလည်း နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော်ခေါင်းဆောင်တွေ စဉ်ဆက်မပြတ်တွေ့တယ်။ တွေ့ပြီးတော့ ဆွေးနွေးတယ်။ ညှိနှိုင်းပြီးတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်။ ဟိုတစ်ခါတုန်းကတော့ သတင်းထုတ်လိုက်တယ်။ နိုင်ငံတော် သမ္မတလည်းတက်တယ်။ ကာကွယ်ရေး ဦးစီးချုပ်လည်း တက်တယ်။ နိုင်ငံတော် အတိုင်ပင်ခံလည်းတက်တယ်။ ဒါပေမဲ့ သတင်း မထုတ်ပေမယ့် လူကြီးပိုင်းတွေကြားမှာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မကြာခဏ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိတယ်။ ကာလုံခေါ်ခိုင်းတဲ့ ကိစ္စကလည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်တဲ့ လိုရင်းဖြစ်ပါတယ်။ အဲဒီတော့ သူတို့ရဲ့  စိုးရိမ်ပူပန်မှုကိုလည်း နားလည်တယ်။ သူတို့လိုချင်တဲ့ နိုင်ငံမှာ အဓိကကျတဲ့ တပ်မတော်နဲ့ အစိုးရ ညှိနှိုင်းဆောင်ရွက်တဲ့ အနေ အထားက လက်ရှိမှာလည်း နီးနီးကပ်ကပ် ပွင့်ပွင့်လင်းလင်း လုပ်ဆောင် နေတယ်လို့ အဲဒါကို အသိပေးပြောကြားလိုတယ်။

The Voice : အဲဒီတော့ ရခိုင်ကိစ္စနဲ့ ရှမ်းမြောက်ကိစ္စတွေမှာ တပ်မတော်က သူ့သဘောနဲ့ သူလုပ်တာမဟုတ်ဘဲနဲ့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတာပေါ့။

UZH   : ဟုတ်ပါတယ်။ ရခိုင်ကိစ္စတွေတင်မကဘူး တစ်နိုင်ငံလုံး ကိစ္စတွေ ဆွေးနွေးတယ်။ အဲဒီနောက်မှာလည်း Human Rights Watch တွေ ထွက်လာပြီးနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ အချင်းချင်း ညှိနှိုင်းပြီး တော့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နေတာဖြစ်တယ်။ နောက်ပြီး ရှမ်းမြောက်ကိစ္စတွေ ဖြစ်လာတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တွေ တွေ့ပါတယ်။

The Voice :  ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှား ခရီးစဉ်က ဆန္ဒပြမှုတွေကြောင့် မသွားဖြစ်တော့တာလို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်တာရှိပါသလဲ။

UZH   : နိုင်ငံခြား ခရီးစဉ် သွားတဲ့အခါ တစ်ဖက်အစိုးရနဲ့ ညှိနှိုင်းပြီးမှ သွားရတာတွေရှိတယ်။ အခုက ဆန္ဒပြတာတွေနဲ့ မဆိုင်ဘူး တိုက်ဆိုင် သွားတာပါ။ ရခိုင်ပြဿနာနဲ့ ပတ်သက်လို့ အခုကျွန်တော်တို့ ရင်ဆိုင် နေရတဲ့ အခက်အခဲက သတင်း ဝါဒဖြန့်နေတာတွေဖြစ်တယ်။ နှစ်ပေါင်း များစွာ သူတို့က တည်ဆောက်ထားတဲ့ ဝါဒဖြန့်မှုကို လေးငါးခြောက်လနဲ့ သွားဖြိုဖျက်သလို ဖြစ်နေတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ အဓိကတော့ မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တက်လာတဲ့ အချိန်မှာ ဗီဒီယိုဖိုင်တက်လာတယ်။ ဂျီဟတ်လှုပ်ရှားမှု ဆိုပြီးတော့ တက်လာတယ်။ ဂျီဟတ်ဆိုတာက သိတဲ့အတိုင်း အကြမ်းဖက်ဝါဒဖြစ်တယ် ဒါကို နိုင်ငံတကာကလည်း လက်မခံဘူး။ ဒါကို ပြည်တွင်းမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေက လည်း လက်မခံကြောင်း ထွက်ပြီးတော့ ပြောသင့်တယ်။ ဒီမောင်တော အကြမ်းဖက်မှု ဖြစ်စဉ်မှာ အကြမ်းဖက်သူတွေကို အရေးယူဆောင်ရွက်နေ တာဖြစ်တယ်။ ပါသွားတဲ့ လက်နက်ကို ပြန်လည်ရယူနေတာဖြစ်တယ်။ ဘယ်ဘာသာရယ်လို့ ဆောင်ရွက်နေတာ မဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးသည် အခြေခံဥပဒေအရ တူညီသော အခွင့်အရေး ရှိရပါမယ်။ ပြည်တွင်းမှာရှိတဲ့ ဘာသာခြားတွေအနေနဲ့လည်း အကြမ်းဖက်မှုကို အကြမ်းဖက်မှုလို့ ရှုမြင်ဖို့ လိုပါတယ်။ ပြည်တွင်းကနေ ဆောင်ရွက်ချက်တွေက ပြည်ပနိုင်ငံတွေကို ရောင်ပြန်ဟပ်ပါတယ်။ နိုင်ငံသားစိတ်ဓာတ် နှလုံးသွင်းဖို့ လိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကို ဆန့်ကျင်ဖို့ လိုပါတယ်။ ဘယ်နိုင်ငံကမှ လက်မခံတဲ့ အကြမ်းဖက်မှုကို အားပေးအားမြှောက် ထောက်ခံတဲ့ အနေအထားကို မပြုလုပ်ကြဖို့ လိုပါတယ်။ဒီကိစ္စက ကျွန်တော်တို့ နိုင်ငံအတွက် အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့လို အသွင်ကူးပြောင်းစ နိုင်ငံမျိုးမှာ ဘာသာရေး ခေါင်းဆောင် တွေရဲ့ ကဏ္ဍက အရေးကြီးပါတယ်။ ထွက်ပြောပေးပါလို့ ပြောလိုပါတယ်။

The Voice : အစိုးရ သစ်တက်လာပြီးနောက်မှာ ကာ/လုံအစည်းအဝေး ဘယ်နှကြိမ်လောက်လုပ်ပြီးပြီလဲ။

UZH  : ကာလုံရယ်လို့တော့ မလုပ်ဘူး၊ ကာလုံဆန်ဆန် အစည်းအဝေး တွေ လုပ်တယ်။ ရခိုင်ကိစ္စ၊ ရှမ်းမြောက်ကိစ္စ၊ နောက် 'ဝ' ကိစ္စ စသည်ဖြင့်ပေါ့ ဒီလို ကိစ္စတွေကို ခေါင်းဆောင်တွေကြားမှာ ဆွေးနွေးမှုတွေ ရှိပါတယ်။

ပွင့်ဇင်မော်ဟိန်း


  • VIA