News

POST TYPE

ARTICLE

တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာပြည်လာရောက်ရခြင်း အကြောင်းအရင်း ၃ ချက်
16-Jan-2020
 

တရုတ်သမ္မတကြီး ရှီကျင့်ဖျင် မြန်မာနိုင်ငံကိုလာမယ်တဲ့။နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ပထမဆုံးဒေသတွင်း ပါဝါနိုင်ငံကြီးတရုတ်ရဲ့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မြန်မာပြည်ကို လာရောက်မှာဖြစ်ပါတယ်။မစ္စတာရှီဟာ ခရီးစဉ်အတွင်း အစိုးရ၊ တပ်မတော်၊ ပါလီမန်၊ နိုင်ငံရေးပါတီများ၊ အရပ်သားများနဲ့ တွေ့ဆုံသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်းက ပြောကြားထားပါတယ်။ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို မရောက်ဖူးသူတော့မဟုတ်ပါဘူး။ ၂၀ဝ၉ ခုနှစ်တုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ် မြန်မာနိုင်ငံကို လာခဲ့ဖူးပါတယ်။ဘာဖြစ်လို့ အခုလိုအချိန်မှာ မြန်မာပြည်ကို ရှီကျင့်ဖျင် ကိုယ်တိုင်ရောက်လာရပါသလဲ။ဘယ်လို အကြောင်းအရာတွေက နောက်ကွယ်မှာရှိနေပါသလဲ။

တရုတ်ဘက်က အပြော

မြန်မာနိုင်ငံအခြေစိုက် တရုတ်သံအမတ်ကြီးရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားချက်အရတော့ သမ္မတရှီဟာ မြန်မာအစိုးရ ခေါင်းဆောင်များနဲ့အတူ တရုတ် - မြန်မာ သံခင်းတမန်ခင်းအနှစ် ၇၀ပြည့် အခမ်းအနားများကို တက်ရောက်ဖို့လာတာပါတဲ့။တရုတ်-မြန်မာယဉ်ကျေးမှုနဲ့ ခရီးသွားနှစ်ဖွင့်လှစ်ခြင်းပွဲကို တက်ရောက်ဖွင့်လှစ်မှာပါတဲ့။တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် မြန်မာနဲ့သံတမန်သက်တမ်းဟာ အနှစ် ၇၀ ရှိပါပြီ။၁၉၄၉ ခုနှစ်မှာ မြန်မာပြည်ဟာ သမ္မတနိုင်ငံထူထောင်တဲ့ တရုတ်ကိုအသိအမှတ်ပြု သံခင်းတမန်ခင်း စတင်ခဲ့ပါတယ်။ဆိုရှယ်လစ်နိုင်ငံ မဟုတ်တဲ့နိုင်ငံများထဲမှာ တရုတ်ကိုစပြီး အသိအမှတ်ပြုတာမြန်မာပါတဲ့။တရုတ် - မြန်မာဆက်ဆံရေးဟာ အင်အားကြီးနိုင်ငံကြီးတစ်ခုနှင့် နိုင်ငံငယ်တစ်ခုအကြားမှာ ပူးတွဲဖွံ့ဖြိုးရေးနဲ့ သူနိုင်ကိုယ်နိုင်ဆက်ဆံရေး တို့နဲ့အတူ သဟဇာတဖြစ်စွာတည်ရှိနိုင်တယ်ဆိုတဲ့ ဥပမာကောင်းဖြစ်ပါကြောင်း တရုတ်အစိုးရသတင်းစာ Global Post က ရေးသားထားပါတယ်။ဒါဆို သမ္မတရှီကျင့်ဖျင်ဟာ ဆွေမျိုးပေါက်ဖော်ကို မြန်မာတို့နဲ့ဆက်ဆံရေး အနှစ် ၇၀ ပြည့်လို့ ပွဲလာတက်ရုံတက် တာလား။အချက်အလက်တွေကတော့ ဒီလိုမဆိုပါဘူး။သမ္မတရှီလာရခြင်း အကြောင်းအရင်းတွေရှိပါတယ်။ 

(၁) ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယရဲ့ မြန်မာ့မြေပေါ်မှာ စီးပွားရေးသြဇာကြီးလာမှု

တရုတ်ရဲ့ဒေသတွင်း စီးပွားရေးပြိုင်ဘက် ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ မြန်မာနိုင်ငံမှာ ခြေလှမ်းစိပ်စိပ်နဲ့ အလုပ်ဖြစ်နေပါတယ်။ မြန်မာ့မြေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကအမြင့်ဆုံးဖြစ်နေဆဲ ဖြစ်ပေမယ့် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့ဟာ တိုးတက်လာနေတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရသိရပါတယ်။ဂျပန်ဟာ မြန်မာနိုင်ငံကို နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရ ထောက်ခံရပ်တည်ပေးမှုတွေ လုပ်ပေးနေခဲ့ပါပြီ။နယ်စပ်စည်း ၂၂၀ဝ ကီလိုမီတာတောင် ထိစပ်နေတဲ့ ခြံစည်းရိုးတစ်ဖက်ခြားက ကိုယ့်အိမ်နီးချင်းအိမ်ထဲကို ခပ်လှမ်းလှမ်းက ပြိုင်ဘက်တွေရောက်လာပြီး ရောင်းဝယ်ဖောက်ကား တွင်ကျယ်နေတာကို တရုတ်အနေနဲ့ သိပ်မကြိုက်ဘူးဆိုရင် ဒါဟာသဘာဝကျပါတယ်။တရုတ်ရဲ့ ကုန်သွယ်ရေးခြေသွက်စေဖို့ရာ၊ ရှေ့စီမံကိန်းများစွာ သွက်လက်လာစေဖို့ တရုတ်သမ္မတကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က သံခင်းတမန်ခင်းအရ နေပြည်တော်နဲ့ ချိတ်ဆက်ထူထောင်တော့မှာဖြစ်ပါတယ်။လူမှုရေးနဲ့ ဖွံ့ဖြိုးရေး အကူအညီအစီအစဉ်တွေ သယ်ဆောင်လာမှာဖြစ်တယ်လို့ တရုတ် သံအမတ်ကြီးရဲ့ အဆိုအရ မြန်မာအပေါ် ဖွံ့ဖြိုးရေး အကူအညီတွေ ဆောင်ရွက်နေတဲ့ ဂျပန်နဲ့ ကိုရီးယားကို ချိန်ခွင်လျှာညှိမယ့် အနေအထား ဖြစ်ပါတယ်။

(၂)  ကုန်းတစ်လမ်း၊ ရေတစ်လမ်း ပိုးလမ်းမသစ် BRI ရဲ့ စီမံကိန်းများကို အပြီးသတ်လက်မှတ်ထိုးဖို့

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဟာ BRI လို့ခေါ်တဲ့ ပိုးလမ်းမသစ်ကြီး မဟာဗျူဟာမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါပါတယ်။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်မြန်မာပြည်ဟာ ပိုးလမ်းမသစ်အတွက် မဟာဗျူဟာအရ အရေးပါပါတယ်။ဘယ်လိုပဲ အရေးပါတယ်ပြောပြော မြန်မာပြည်မှာ အလုပ်လုပ်ရတာ တရုတ်အတွက်မလွယ်ရတဲ့အကြောင်းအရင်းတွေ ရှိပါတယ်။မြန်မာနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် ပို့ဆောင်ဆက်သွယ်ရေးလမ်းမတွေကို တည်ဆောက်ရင်းနှီးရမှာဖြစ်ပါတယ်။ဒီစီမံကိန်းတွေ အများအပြားကို သက်ဆိုင်ရာတရုတ်အရာရှိတွေက သမ္မတရှီရဲ့နေပြည်တော်ခရီးစဉ်အတွင်းမှာ လက်မှတ်ရေးထိုးကြဖို့ရှိပါတယ်။

 မြစ်ကြီးနားစီးပွားရေး ဖွံ့ဖြိုးမှုဇုန်၊ ရန်ကုန် မြို့သစ်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ ကန်ပိုက်တီချင်း ရွှေဟော်မူဆယ်စက်မှုဇုန်များ၊ မူဆယ် - မန္တလေး ရထားလမ်းပိုင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စတဲ့ ခေတ်သစ်ပိုးလမ်းမ BRI ရဲ့ စီမံကိန်းတွေဟာ သမ္မတရှီရဲ့ ခရီးစဉ်အတွင်းမှာ သဘောတူညီမှု အကောင်အထည်တွေ ပေါ်လာနိုင်ပါတယ်။မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်ကသာ ဦးဆောင်ပြီးလုပ်မယ်ဆိုရင် မြန်မာပြည်သူတွေ သိပ်ပြီးမကန့်ကွက်လောက်ဘူးလို့ တရုတ်အရာရှိတွေက မျှော်လင့်နေကြတယ်လို့ မြန်မာပြည်ရေးရာ တရုတ်ပညာရှင်အသိုင်းအဝိုင်းက ကြားရပါတယ်။တရုတ်ဘက်က ဘယ်လောက်အထိ ကြိုးစားခြေလှမ်းလာမလဲဆိုတာ သမ္မတရှီရဲ့ ခရီးစဉ်မှာ ပေါ်ထွက်လာနိုင်ပါတယ်။ 

(၃) မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ရဲ့ နိုင်ငံရေးသြဇာတက်လာဖို့ လိုနေခြင်း 

သမ္မတဦးသိန်းစိန် လက်ထက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်လုပ်လာတော့ မထင်မှတ်ဘဲ အနောက်အုပ်စု၏ ချိတ်ဆက်ပါဝင်မှုက မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် သိသာမြင်သာလာသည်။မြန်မာတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ အမေရိကကို ရောက်သွားခဲ့ပြီး၊ အနောက်တိုင်း သံတမန်အရာရှိများက တရုတ်နယ်စပ်နားဒေသများကိုလာပြီး လူ့အခွင့်အရေးအကြောင်း ပြောကြဆိုကြပြီးနောက်မှာ တရုတ်ဟာ သူ့နယ်စပ်နားက လက်နက်ကိုင်တွေကို အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးဖို့အရေး အားမပေးခဲ့ပါဘူး။တရုတ်နယ်စပ်နားက ဘယ်လက်နက်ကိုင်ကမှလည်း အပစ်အခတ်ရပ်စဲရေး NCA မှာ မပါခဲ့ပါဘူး။တရုတ်ဟာ ဒီလိုမျိုး နိုင်ငံရေးသြဇာကိစ္စအတွက် မြန်မာ့မြေမှာ အနောက်အုပ်စုနဲ့ ပြိုင်ရပါတယ်။အခုလိုရိုဟင်ဂျာ အရေးလည်းရှိတဲ့အချိန်မှာ တရုတ်ဟာ မြန်မာကိုကူညီပေးပြီး မြန်မာအတွက် အားကိုးစရာဖြစ်လာနိုင်ပါတယ်။ 

အထက်ဖော်ပြခဲ့တဲ့အတိုင်း ဒေါ်လာဘီလီယံများစွာ ရင်းနှီးမြှုပ်နှံပြီးတော့ ပြင်ဆင်ရမယ့် လမ်းကြောင်းအပေါ်မှာ လက်ရှိအရှေ့တောင်အာရှ အရှုပ်အထွေးဆုံး၊ အကြမ်းတမ်းဆုံးနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခက ရှိနေပါတယ်။မြန်မာနိုင်ငံထဲက ခေတ်သစ်ပိုးလမ်းမ BRI ရဲ့ အစိတ်အပိုင်းတွေ ရှောရှောရှူရှူ ဖြစ်ချင်တယ်ဆိုရင်တော့ မြန်မာ့ငြိမ်းချမ်းရေးဟာ တရုတ်အကျိုးစီးပွားနဲ့ ဆက်စပ်နေတဲ့အချိန်ပါပဲ။တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင်မှာ မြန်မာ့တပ်မတော်နဲ့ လတ်တလောတိုက်ပွဲတွေ ပြင်းထန်နေတဲ့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်တွေကို တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆန်းဂေါ်ရှန်း ကိုယ်တိုင်လာရောက်တွေ့ဆုံသွားခဲ့ပါတယ်။မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တရုတ်ကဘယ်လောက်အထိ ပံ့ပိုးနိုင်မလဲ၊ တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုမူဝါဒတွေ ဖော်ဆောင်လာမလဲဆိုတာ သမ္မတရှီရဲ့ ခရီးစဉ်က သက်ရောက်မှုတွေ အများကြီးရှိလာပါမယ်။မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တရုတ်ကဘယ်လောက်အထိ ပံ့ပိုးနိုင်မလဲ၊ တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုမူဝါဒတွေ ဖော်ဆောင်လာမလဲဆိုတာ သမ္မတရှီရဲ့ ခရီးစဉ်က သက်ရောက်မှုတွေ အများကြီးရှိလာပါမယ်။

သန့်ဇင်စိုး