News

POST TYPE

ARTICLE

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်
15-Jan-2020

လဟယ်မြို့အရှေ့ဘက်ရှိ တောင်တန်းများကြားမှ တိုးထွက်လာသည့် နေရောင်ခြည်သည် နာဂရိုးရာနှစ်သစ်ကူးပွဲကျင်းပရာ လဟယ် မြို့နယ် ဘောလုံးကွင်းသို့  ဖြာကျလျက်ရှိသည်။နံနက်ခင်းက ထူထပ်စွာကျဆင်းနေသည့် နှင်းထုတို့သည်လည်း တဖြည်းဖြည်းလွင့်စဉ် ကွယ်ပျောက်သွားပြီဖြစ်သည်။

နေရောင်ခြည်အောက် နာဂရိုးရာနှစ်သစ်ကူးပွဲ ကျင်းပရာကွင်းအတွင်း လေရှီးမြို့၊ လဟယ်မြို့နှင့် နန်းယွန်းမြို့နယ်များမှ နာဂတိုင်းရင်းသားများကတော့ အရောင်အသွေးစုံလင်လှ၏။

နာဂရိုးရာနှစ်သစ်ကူးပွဲကို ယခင်က ကျေးရွာအလိုက်သာ ကျင်းပခဲ့ရာမှ ၁၉၅၇ ခုနှစ်မှ စတင်ကာ မြို့နယ်အဆင့်ကျင်းပခဲ့သည်။၁၉၉၀ ခုနှစ် ရောက်သည့်အခါ မြို့နယ်ပေါင်းစုံမှ နာဂမျိုးနွယ်စုအကြီးအကဲများ ညှိနှိုင်းပြီး အရပ်ဒေသတိုင်းတွင် တစ်ရွာတစ်ရပ်အစား နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ ၁၅ ရက်နေ့ရောက်တိုင်း နာဂပွဲတော်အဖြစ်သတ်မှတ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြခြင်းဖြစ်သည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲကျင်းပရာတွင် မိရိုးဖလာ တောင်ယာလုပ်ငန်းခွင်နှင့် လယ်ယာလုပ်ငန်းခွင်များမှ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးနောက် နောင်နှစ်တွင် ပြုလုပ်ရသည့် တောင်ယာလုပ်ငန်းမတိုင်မီကြားတွင် ပွဲတော်ကိုကျင်းပကြခြင်းဖြစ်သည်။

ယင်းနေ့သည် နာဂတိုင်းရင်းသားတို့၏ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်သည်။ယင်းပွဲတော်နေ့တွင် နာဂတိုင်းရင်းသားတို့၏ တစ်နှစ်ပတ်လုံး လုပ်ငန်းဆောင်တာများတွင် ကြုံတွေ့ကြရသည့် အတွေ့အကြုံများကို ဖလှယ်ကြခြင်း၊ နှစ်သစ်တွင် လုပ်ကိုင်မည့် လုပ်ငန်းဆောင်တာများကို တိုင်ပင်ဆွေးနွေးကြခြင်းများ ပြုလုပ်ကြသည်။အရောင်းအဝယ်များမှ ပေးရန် နှင့် ရရန် ကြွေးမြီများကိုလည်း ရှင်းလင်းကြသည်။လာမည့်နှစ်တွင် ကောက်ပဲသီးနှံပေါများပါစေကြောင်း နှင့် ရာသီဥတုကောင်းမွန်စေကြောင်း၊ အဖျားအနာကင်းဝေးပြီး ကောက်ပဲသီးနှံများ ပေါများပါစေကြောင်း၊ ရာသီဥတုကောင်းမွန်ပါစေကြောင်းနှင့် အဖျားအနာကင်းဝေးပြီး ချမ်းသာသုခ ရှိပါစေကြောင်း ဆုတောင်းကြသည့် ပွဲတော်လည်းဖြစ်သည်။

"ပွဲတော်ရဲ့ အနှစ်သာရကတော့ ကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်မှုအင်အားကို ဦးတည်ပြီးတော့ ကျင်းပကြတာဖြစ်တယ်"ဟု လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၊ နာဂဦးစီးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးကာစီရန်း က ပြောသည်။

နာဂလူမျိုးများသည် မြန်မာနိုင်ငံအနောက်မြောက်ဘက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံရှိ နာဂတောင်တန်းတွင် နေထိုင်ကြသူများဖြစ်သည်။ နာဂလူမျိုးသည် တစ်မျိုးတည်းဖြစ်သော်လည်း အမျိုးစု ပေါင်းများစွာကွဲပြားလျက်ရှိသည့်အပြင် ၎င်းတို့နေထိုင်ရာ ဒေသပေါ်မူတည်ပြီး စကားနှင့် ဓလေ့ထုံးစံများ အနည်းငယ်စီကွဲလွဲကြသည်။နာဂလူဦးရေအနေဖြင့် စုစုပေါင်း နှစ်သန်းခန့်ရှိပြီး ၁ ဒသမ ၈၅ သန်းသည် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်နှင့် အရုနချယ်ပရာဒက် ပြည်နယ်များတွင် နေထိုင်ပြီး မြန်မာနိုင်ငံတွင် တစ်သိန်းခွဲခန့် နေထိုင်ကြသည်။

မြန်မာနိုင်ငံဘက်ခြမ်း နာဂတောင်တန်းပေါ်တွင် နေထိုင်ကြသည့် နာဂမျိုးနွယ်စုများအနက် ထင်ရှားသည့် မျိုးနွယ်စုများမှာ နောက်ကော်နာဂ၊ တန်ခူးနာဂ၊ ပါရာနာဂ၊ ခေါင်ဆိုင်နာဂ၊ ရာရာနာဂ၊ ရာစာနာဂ၊ မက်ဝဲယားနာဂများ ဖြစ်ကြသည်။နာဂလူမျိုးစုအနေ ဖြင့် လူမျိုးစုကြီး လေးမျိုးရှိပြီး နာဂမျိုးနွယ်စုပေါင်း ၆၄ မျိုးရှိသည်။မူလနာဂလူမျိုးစုကြီးလေးမျိုးမှာ ကွမ္မရာ နာဂ၊ ထငံနာဂ၊ စန်းနာဂနှင့် ဟဲမြေနာဂတို့ ဖြစ်သည်။

လေရှီးမြို့နယ်တွင် တန်ကွန်နာဂ၊ မကူရီနာဂ၊ ပါရာနာဂမျိုးနွယ်စုများနေထိုင်ပြီး လဟယ်မြို့နယ်တွင် လိုင်းနောင်နာဂ၊ မကျန်နာဂ၊ ကျန်း/ကား နာဂ၊ နောက်အော်နာဂ၊ ဂုဏ်ဝပ်/မာနောက်နာဂ၊ ဟိုင်းမြေ နာဂမျိုးနွယ်စုများနှင့် နန်းယွန်းမြို့နယ်တွင် နန်းယွန်း မြို့နယ်တွင်မူ ဟိုင်းမြေနာဂမျိုးနွယ်စုများ အများဆုံးနေထိုင်ကြသည်။

နာဂလူမျိုးများ ကိုင်ဆောင်သော လက်နက်မှာ လှံ၊ တုတ်ရှည်ထိပ်တွင် ဓားမတိုသဖွယ်တပ်ထားသောအရာနှင့် လေးမြားတို့ဖြစ်သည်။ လှံတံ၌ မုတ်ဆိတ်မွေးများကို အရောင်စုံဆေးဆိုး၍ တပ်ထားကြသည်။လှံသွားတွင် အဆိပ်လူးလေ့ရှိပြီး ပေ ၄၀ အကွာအဝေးထိ ပစ်မှတ်ကို တည့်အောင်ပစ်နိုင်သည်။နာဂအမျိုးသမီးများသည် အားလပ်ချိန်တွင် ရက်ကန်းရက်လုပ်တတ်ကြသည်။နာဂတို့တွင် ရိုးရာအကများရှိပြီး လှံအက၊ ဓားအက နှင့် စစ်ရေးပြအကများ ဖြစ်ကြပြီး နှစ်သစ်ကူးပွဲတော်များတွင် ထည့်သွင်းကပြကြသည်။

နာဂတိုင်းရင်းသားတို့၏ ဘဝဖွံ့ဖြိုးတိုးတက်လာရေးမှာ တိုက်တာအဆောက်အအုံများ မဟုတ်၊အဆင့်မြင့်စိုက်ပျိုးနည်းစနစ်များမဟုတ်၊ စီးပွားရေးလုပ်ငန်းများ ထူထောင်ရန် ချေးငွေများလိုအပ်နေခြင်းမဟုတ်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာရန်မဟုတ် သူတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရန်ဖြစ်သည်။

"အောက်ပြည်အောက်ရွာလိုလေ ကွန်ကရစ်လမ်းတွေ၊ ကတ္တရာလမ်းတွေ ကောင်းစေချင်တယ် ကျွန်တော်တို့က။ အောက်ပြည်အောက်ရွာလို လူနေမှုအဆင့်အတန်းမြင့်မားအောင်လေ ကားလမ်းတွေ ကောင်းစေချင်တယ်။နာဂလူမျိုးတွေက လမ်းပန်း ဆက်သွယ်ရေး တအားခက်ခဲတဲ့အခါကျတော့ သွားလာရတာခက်ခဲတယ်။ကျန်းမာရေးလည်း ခက်ခဲတာပေါ့လေ။အဲ့ဒါကြောင့် လိုချင်တာ"ဟု လေရှီးမြို့နယ် မယလုံကျေးရွာမှ တန်ကွန်လူမျိုး ဦးကသစ် ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အသစ်တက်လာပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ပထမအကြိမ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်၌ စင်မြင့်ထက်တွင် နာဂဒေသ မဖွံ့ ဖြိုးမတိုးတက်ဘဲ စစ်ကိုင်းတိုင်း တိုးတက်နေပြီဟု ပြောလို့မရ ဟူ၍ ပြောဆိုခဲ့သည်။ယင်းအပြင် ဝန်ကြီးချုပ်က ချမ်းသာချင်လျှင် လမ်းဖောက်ဟူသော တရုတ် စာဆိုအတိုင်း စစ်ကိုင်းတိုင်းအနေနှင့် မူဝါဒချမှတ်၍ လမ်းများကိုအတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေကြောင်း ပြောဆိုမှုများရှိခဲ့သည်။

သို့သော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အဓိကမြို့များဖြစ်သော လဟယ်မြို့နှင့် နန်းယွန်းမြို့ ဆက်သွယ်သည့် ကားလမ်းမှာ ၂၀၂၀ ရောက်သည်အထိ ရာသီမရွေးကားများ သွား၍မရသေး။ လဟယ်မြို့နှင့် လေရှီးမြို့ တိုက်ရိုက်ဆက်သွယ် သွားလာ၍ရသည့် ကားလမ်း မရှိသေးသဖြင့် ဌာနေတိုင်းရင်းသားတို့ ၏ ၂၀၁၇ ခုနှစ်မှ စတင်ရေတွက်လျှင် လေးနှစ်အကြာ ၂၀၂၀ အထိ ဖွံ့ ဖြိုးတိုးတက်လာပြီလား ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် လက်ရှိ နာဂဒေသအခြေအနေကို ပကတိအမှန်အတိုင်း မိမိတို့ကိုယ်တိုင် မေးခွန်းပြန်ထုတ်သင့်နေပြီဖြစ်သည်။

ငြိမ်းသူမင်း