News

POST TYPE

ARTICLE

လွမ်းရတဲ့အကြောင်းတွေ
12-Jan-2020


လွမ်းစရာအဖြစ်အပျက်တွေ၊ ပြန်ပြောင်းပြောပြစရာ အဖြစ်အပျက်တွေဟာ ကျွန်မတို့တစ်တွေရဲ့ ဘဝမှာ အမြဲလိုက်ပါနေတတ်သည့်၊ ကျွန်မတို့တစ်တွေရဲ့ မှတ်ဉာဏ်တွေထဲမှာ တွဲခိုနေတတ်သည့်၊ မေ့ပျောက်ရန်မလွယ်ကူသည့် အမှတ်တရများပင် ဖြစ်လေသည်။ ကျွန်မတွင်လည်း လွမ်းဆွတ်စရာ အကြောင်းအရာ တော်တော်များများ ရှိသလို တိုက်ဆိုင်မှုရှိတတ်သည့်အခါတိုင်း အလွမ်းတွင် နစ်မျောနေတတ်သည်မို့ လွမ်းလည်း လွမ်းတတ်ရန် ကောဟု တစ်စုံတစ်ဦးကများ ပြောသည်ရှိသော် လွမ်းဆွတ်တတ်သည့် အကြောင်းများကိုတော့ ဟုတ်တိုင်းမှန်ရာ ဝန်ခံဖို့ အသင့်ရှိနေပါသည်။ တချို့ သော အလွမ်းတွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေသလို လွမ်းဆွတ်စေဖို့ရာလည်း ထိုက်တန်ပါသည်။ 

အလွမ်းတွင် ကြည်နူးစရာများကို တွေးတောရင်းဖြင့် လွမ်းဆွတ်ရခြင်းရှိသလို ဝမ်းနည်းရခြင်းများကို တွေးတောမိခြင်းဖြင့်လည်း လွမ်းဆွတ်ရခြင်းမျိုးလည်း ရှိစမြဲပင်။ ထိုလူသားထဲက လူတစ်ဦးဖြစ်သည့် ကျွန်မသည်လည်း ခံစားတတ်၊ လွမ်းဆွတ်တတ်ပါသည်၊ ထိုသို့သော ကျွန်မ အခုရက်ပိုင်းတွင်တော့ စာအုပ် အငှားဆိုင်ကလေးများကို လွမ်းနေမိပါသည်။

+++ +++ +++ +++ 

ကျွန်မနေထိုင်ရာ အိမ်၏ နောက်တစ်လမ်းကျော်တွင် ဘတ်စ်ကားမှတ်တိုင်ရှိလေသည်မို့ အိမ်ကနေ မိနစ်အနည်းငယ်လောက် လမ်းလျှောက်လျှင်ပင် ထိုဘတ်စ်ကားမှတ်တိုင်သို့ ရောက်လေသည်။ ကျွန်မ ရုံးသို့ သွားရန်လည်း ဆိုက်ရောက်ပြေးဆွဲရာ ဘတ်စ်ကားက လမ်းကြောသင့်သဖြင့် ကျွန်မအတွက်တော့ အလွန်ပင် အဆင်ပြေလှ၏။ 

ဘတ်စ်ကားပေါ်ကနေရင်း မြင်မြင်သမျှ ငေးမောကြည့်ရှုကာ တွေးနေလေ့ရှိတတ်သည့် ကျွန်မအတွက်တော့ နေ့စဉ် မြင်တွေ့ရသမျှတို့သည် အကြောင်းအရာပေါင်းစုံနှင့် မရိုးနိုင်အောင်ပင် ဖြစ်နေတတ်သည်။ လမ်းမတန်းတစ်လျှောက် စီရရီ ဖွင့်ထားကြသည့် ဆိုင်ပေါင်းများစွာ၊ ဖြတ်လျှောက်နေကြသည့် ဆေးရောင်စုံလူများကို ကြည့်ရသည်မှာလည်း နေ့စဉ်လူမှုဘဝထဲက ပြယုဂ်ဆိုသော်ငြားလည်း စိတ်ဝင်စားစရာ တစ်မျိုးပင် ကောင်းနေသေးတော့သည်။

ထို စိတ်ဝင်စားစရာထဲတွင်မှ ကျွန်မ စိတ်နှလုံးကို လွမ်းဆွတ်ရီဝေစေသော အရာလေးကို ပြန်လည်တွေ့မြင်ခဲ့ရသည်။ စတွေ့လျှင် တွေ့ချင်းပင် ကျွန်မ ရင်သည် ပျော်ရွှင်ဝမ်းသာမှုကြောင့် ဖြစ်မည်ထင်သည် လှိုက်ခနဲပင် ခုန်လေသည်။ ထိုအရာကား တခြားမဟုတ် ဆိုင်ပေါင်းမြောက်မြားစွာများကြားတွင် တစ်ဦးတည်း ကြံ့ကြံ့ခံကာ ဖွင့်ထားသည့် စာအုပ်ဆိုင်ငယ်လေးတစ်ခုပင် ဖြစ်လေသည်။ ကျွန်မ ကားစောင့်ရာ မှတ်တိုင်ကနေ မိနစ်အနည်းငယ်မျှ လျှောက်လိုက်လျှင် ထိုစာအုပ်ဆိုင်လေးသို့ ရောက်လေသည်။ မိုးထိမြင့်မားနေသည့် အဆောက်အအုံကြီးများကြားတွင် ပျဉ်ထောင်အိမ်ကလေးတစ်လုံးတည်း ညပ်နေသဖြင့် တော်ရုံကြည့်လျှင် မြင်နိုင်မည် မထင်ပေ။ အိမ်ရှေ့တွင်တော့ ဗာဒံပင်ကလေး စိုက်ပျိုးထားသည်။ ထိုဗာဒံပင်ကလေးကို ကျော်ကြည့်လျှင် တန်းအပြည့် စီစီရီရီနှင့် ထားရှိထားသည့် စာအုပ်ပေါင်းများစွာကို တွေ့မြင်ရသည်။ တစ်ခါတစ်ရံတော့ ထိုစာအုပ်များစွာကို ဖုန်သုတ်ရှင်းလင်းနေသည့် ခပ်ရွယ်ရွယ် မိန်းမတစ်ယောက်ကို တွေ့ရတတ်သည်။ 

+++ +++ +++ +++ 

ဗာဒံပင်ကလေးနှင့် စာအုပ်အငှားဆိုင်လေးကို တွဲမြင်မိတော့ ခပ်ငယ်ငယ်အချိန်များက ကြုံခဲ့ရဖူးသည့်၊ ရင်းနှီးခဲ့ကြရသည့် စာအုပ်အငှားဆိုင်လေးများကို လွမ်းရသည်။ ထိုစာအုပ်အငှားဆိုင်ကလေးများသည် ကျွန်မတို့ မောင်နှမတစ်တွေ၏ မိတ်ကောင်းဆွေဖော်များပင် ဖြစ်လေသည်။ 

ကျွန်မ၏ ဖခင်ကြီးသည် စာရေးသူဖြစ်သည့်အလျောက် စာဖတ်ခြင်းတွင်လည်း မွေ့လျော်သူ ဖြစ်လေသည်။ အဖေဟာ စာရေးရင်း အသက်မွေးဝမ်းကျောင်းပြုသလို တစ်ဖက်တွင်လည်း အယ်ဒီတာအလုပ်ပါ တွဲလုပ်နေသူဖြစ်သဖြင့် ကျွန်မတို့အိမ်၏ တစ်ဝက်လောက်နီးနီးကို အဖေ့စာအုပ်စင်များကသာ နေရာယူထားလေသည်။

ထိုစာအုပ်စင်များထဲမှ စာအုပ်များထဲတွင် ကျွန်မတို့ဖတ်၍ နားမလည်နိုင်သော အင်္ဂလိပ်စာအုပ် ထူထူကြီးများရှိသလို အဖေ့နာမည်ဖြင့် ရေးသားထားသော စာအုပ်များစွာရှိသည်။ လစဉ်ထုတ် မဂ္ဂဇင်း အမျိုးအမည်များစွာ ရှိသည်။ ဆရာကြီး ဒဂုန်တာရာရေးသည့် “မေ” ဆိုသည့် စာအုပ်ကို အဖေ့စာအုပ်စင်ကပင် ဖတ်ရှုရသည်။ ဆရာမကြီး ဂျာနယ်ကျော် မမလေး၏ “သူလိုလူ” နှစ်အုပ်တွဲကို အဖေ့စာအုပ်စင်ကပင် တမေ့တမော ဖတ်ခဲ့ရသည်။ “သွေး” ဆိုသည့် ဝတ္ထုကြီးကိုလည်း ထိုစာအုပ်စင်ကပင် ဖတ်ရှုရပြန်ပါသည်။ ဆရာမကြီးကြည်အေး၏ “နွမ်းလျအိမ်ပြန်”ဆိုသည့် စာအုပ်ပါးလျလျကိုလည်း အဖေ့စာအုပ်စင်ကပင် ဖတ်ရှုခဲ့ရဖူးသည်ကိုလည်း မှတ်မှတ်ထင်ထင် ရှိနေဆဲပါပင်။ 

+++ +++ +++ +++ 

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်နှင့် အဖေအလုပ်နားရက်များ ကြုံလျှင်တော့ ကျွန်မတို့ မောင်နှမတွေအတွက် အပျော်ရဆုံးပါပင်။ ထိုနေ့များ ဆိုလျှင်တော့ အဖေက ယခင် ပြည်မြန်မာကုန်တိုက်ဘေးတွင် ရှိသည့် စာအုပ်အဟောင်းတန်းများရှိ မိတ်ဆွေများဆီ သွားရောက်ရင်း စာအုပ်တွေ ရှာဖွေလေ့ရှိသည်။ ထို အချိန်များဆိုလျှင်တော့ ကျွန်မက အမြဲလို လိုက်ပါလေ့ရှိတတ်သည်။ နေဝင်လို့ မိုးချုပ်ပြီဆိုလျှင်တော့ သားအဖတစ်တွေ လှည်းတန်းလမ်းမကနေဖြတ်ပြီး ထိုလမ်းမပေါ်တွင်ရှိသည့် မြင့်မြင့်ဆိုသည့်စာအုပ်ဆိုင်လေးမှာ ကျွန်မတို့ကြိုက် ရုပ်ပြစာအုပ်များ ဝင်ငှားကြပြီးမှ အိမ်ကို ပြန်လေ့ရှိသည်။ 

လကုန်ရက် မဂ္ဂဇင်းများထွက်ရက်တွင် အဖေယူလာသည့် မဂ္ဂဇင်းများနှင့် အဖေ့စာအုပ်စင်မှ စာအုပ်များစွာ ဖတ်ရှုခွင့်ရနေသည့်တိုင်အောင် အဖေက ကျွန်မတို့ မောင်နှမတစ်တွေကို စာအုပ်ဆိုင် ကိုယ်တိုင်သွားပြီး စာအုပ်များ ကိုယ်တိုင်ရှာဖွေ ငှားရမ်းရသည့်ခံစားမှုကို ခံစားတတ်စေရန်ဆိုကာ ကျွန်မတို့ လမ်းထိပ်တွင်ရှိသည့် လမ်းအမည်ကို အစွဲပြုပေးထားသည့် စာအုပ်အငှားဆိုင်လေးသို့ စေလွှတ်ရင်း ကြိုက်ရာ ရုပ်ပြစာအုပ်များကို ငှားရမ်းဖတ်ရှုခိုင်းလေ့ရှိသည်။

ကျွန်မတို့ မောင်နှမတွေကလည်း စာအုပ်များဖတ်ရသည်ကို သဘောကျသူများပီပီ ရသမျှ မုန့်ဖိုး တော်တော်များကို စာအုပ်ငှားရမ်းဖို့အတွက် နှမြော တွန့်တိုခြင်းမရှိ ကျေကျေနပ်နပ်ပင် သုံးပစ်တတ်ကြသည်။ အဲဒီအချိန်များဆို ကျွန်မ၏ စာအုပ်အငှားဆိုင်သွားဖော်သည် ညီမလေးပင် ဖြစ်သည်။ 

အစ်ကိုကြီးနှင့် မောင်လေးကတော့ ဒီရဲဂျာ၊ သမိန်ပေါသွပ်၊ ရွှေဂေါင်းပြောင်၊ ကာတွန်း တင်အောင်နီ၏ ပြာလောင်အပါအဝင် ကာတွန်း ဦးအောင်ရှိန်၏ ဦးစိတ်တိုနှင့် မျောက်ညို ပရိသတ် များဖြစ်ပြီး ကျွန်မနှင့် ညီမလေးကတော့ နန်းဦး၊ စံရွှေမြင့်၊ မိမန်းလေး၊ ကိုရွှေထူး(ပြည်)၊ တွတ်ပီ၊ ပိုးဇာ၏ လေးမွန်၊ ထွေးမွန် ညီအစ်မ ပါဝင်သော ရုပ်ပြများကို နှစ်သက်ကြသည်။

သင်္ကြန်ပိတ်ရက်များဆိုလျှင်တော့ ရုပ်ပြကြိုက်သည့် ကျွန်မတို့ တစ်တွေအတွက်တော့ တွက်ခြေအကိုက်ဆုံးပင်။ သင်္ကြန်တွင်းတစ်တွင်းလုံးပြီးမှ တစ်ရက်ခပဲ ငှားခပေးရသည်မို့ သင်္ကြန်အကြိုရက် မတိုင်ခင် ညမှာ စာအုပ်ဆိုင်ကို ပြေးကြပြီး မဖတ်ရသေးသည့် ရုပ်ပြစာအုပ်များနှင့် အသစ်ထွက်သည့် ရုပ်ပြများကို အားပါးတရ ပွေ့ပိုက်ပြီး သိမ်းကျုံးငှားတတ်ကြသည်။

သင်္ကြန်ရက်များမှာတော့ မနက်ခင်းပိုင်း ရေကစားပြီးသည်နှင့် နေ့လယ်ဘက် နားနေချိန်များမှာ ငှားထားသည့် စာအုပ်များကို ဖတ်ခဲ့ရသည်မှာလည်း လွမ်းစရာကောင်းလှသည်။ သင်္ကြန်ပိတ်ရက် များပြီးလို့ သင်္ကြန်တွင်း တစ်တွင်းစာ ငှားထား ကြသည့် စာအုပ်ဖိုးဟာ မနည်းမနောမို့ စာအုပ်အငှား ပြန်အပ်ရမည့်နေ့ ရောက်လျှင်တော့ အမေ့ခမျာ ရင်ဘတ်ကလေးဖိလို့ မျက်စိများပင် ပြူးပေရော့ပင်၊ အဖေကတော့ သူ့ထုံးစံအတိုင်း တဟားဟား အော်ရယ်လို့ သဘောကျနေတော့သည်။ အဘယ်သို့ပင်ဆိုပါစေကာမူ စာဖတ်ခြင်းအလေ့အကျင့်ကောင်းကို မိဘတွေဆီကနေ လက်ခံရရှိခဲ့ပြီး ကလေးအရွယ်နှင့် လိုက်ဖက်သည့် အသိဉာဏ်လင်းပွင့်မှုကို ရုပ်ပြနှင့် ပုံပြင် စာအုပ်များထဲကရရှိခဲ့ရသည်မို့ စာပေဖတ်ရှုခြင်းကို အားပေးလမ်းညွှန်ခဲ့သည့် မိဘများနှင့် စာအုပ်အငှားဆိုင်ကလေးများ၏ ကျေးဇူးကားကြီးမားလှပါသည်။ 

+++ +++ +++ +++ 

ကျွန်မတို့ ငယ်ငယ်ကဘဝသည် စမတ်ဖုန်းများမရှိသလို ရုပ်ဝတ္ထုပစ္စည်းများလည်း ပါးရှားလှသည့် ခေတ်ကာလမို့ ကျွန်မတို့၏ မိတ်ကောင်းဆွေဖော်များသည် ပုံပြင်၊ ရုပ်ပြစာအုပ်များပင် ဖြစ်လေသည်။ ထိုစာအုပ်များသည် ကျွန်မတို့ ငယ်ဘဝ စာဖတ်ခြင်းအလေ့ကို များစွာအထောက်အကူပြုခဲ့သည်။ ထိုရုပ်ပြထဲမှ အလေ့အကျင့်ကောင်းများ ရခဲ့ကြသည်။

ခေတ်ဟာ ရပ်တန့်မနေ ရွေ့လျားလာသည်နှင့် အညီ စာအုပ်ငှားဆိုင်လေးများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လို့လာလေပြီ။ ထိုအငှားဆိုင်လေးများနေရာတွင် စာအုပ်အရောင်းဆိုင်များစွာက နေရာယူလာကြတော့သည်။ စာအုပ်တစ်အုပ်၏ တန်ဖိုးဟာ တချို့သော သူများအတွက် မသိသာလှပေမင့် သာမန်လူတန်းစားတို့၏ တစ်နေ့တာဝမ်းရေးအတွက် ဖြေရှင်းလို့နေရသည့် ပမာဏဖြစ်နေပြီး ဝမ်းရေးကို ဦးစားပေးနေရသည့် အခြေအနေမို့ စာအုပ်စာပေဘက် မလှည့်နိုင်အားဘဲ တဖြည်းဖြည်း ဝေးကွာလာသည်မှာ သိပ်တော့လည်း မဆန်းဟုပင်ဆိုရတော့မည်ပင်။ 

ကျွန်မတို့ တူ၊ တူမတွေ ခေတ်တွင်တော့ ပုံပြင်၊ ရုပ်ပြများအစား စမတ်ဖုန်းများနှင့် အဆင့်မြင့် နည်းပညာများက နေရာယူလာကြတော့သည်။ စမတ်ဖုန်းများနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေကြသည့် သူတို့လေးကို မြင်ရသည့်အခါတိုင်း ပုံပြင်၊ ရုပ်ပြများကို လုဖတ်ခဲ့ကြသည့် ကျွန်မတို့ မောင်နှမတွေ၏ ငယ်ဘဝပုံရိပ်ကို မြင်ယောင်ရင်းလွမ်းရသည်။ ကျောင်းပိတ်ရက် ညနေခင်းတွေမှာ ညီမနှစ်ယောက် တစ်ယောက်လက်တစ်ယောက်တွဲလို့ စာအုပ်အငှားဆိုင်သွားခဲ့ရသည့် ပိုင်ဆိုင်ခဲ့ဖူးသည့် ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း လွမ်းရသည်။ 

တချို့သော အလွမ်းတွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်သလို လွမ်းဆွတ်စေဖို့ အကြောင်းခြင်းရာ လုံလုံလောက်လောက်ရှိပြီး လွမ်းဆွတ်စေဖို့ရာလည်း ထိုက်တန်ပါသည်။ လွမ်းတတ်သော ကျွန်မ အခုရက်ပိုင်းတွင်တော့ စာအုပ်အငှားဆိုင်ကလေးများကို လွမ်းနေမိပါသည်။ 

ပန်းငုဝါဝါ