News

POST TYPE

ARTICLE

အကျင့်စာရိတ္တနဲ့ ပြည်သူ့နီတိ ရင်ကိုဘယ်လိုထိစေမှာလဲ
02-Jan-2020
 

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်မှာ သိပ္ပံနဲ့ ဝိဇ္ဇာတွဲ ပေါင်းစပ်သင်ကြားမယ့် ပုံစံတွေကိုတော့ သိသင့်သလောက် သိကြမယ်ထင်ပါတယ်။ ထူးခြားတာကတော့ သင်ရိုးဟောင်းမှာဆိုရင် ၉ တန်းနဲ့ တက္ကသိုလ်ဝင်တန်းရောက်ရင် ဘာသာရပ် သီးသန့်ပဲသင်ရတယ်။ အခုတော့ ဘာသာတွဲ ၄ ခု စလုံးဟာ ပေါင်းစည်းဘာသာရပ်တွေအပြင် စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ ပန်းချီ၊ ဂီတစတဲ့ ဘာသာရပ်ခွဲတွေကိုလည်း မသင်မနေရသင်ရမှာဖြစ်ကြောင်း သိရပါတယ်။

တကယ်တမ်းပြောရရင်တော့ လက်ရှိသင်ရိုး ဟောင်းမှာလည်း မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့်မှာ သင်နေကြရတာပါပဲ။ ခုဟာက အထက်တန်း အဆင့်အထိ ပါဝင်လာတဲ့ သဘောပါပဲ။ ပြောချင်တာက ပြဋ္ဌာန်းပေးထားတဲ့ ဘာသာရပ်ခွဲတွေဟာ အခြေခံကျောင်းတွေမှာ အခြေခံကျကျ အချိန်ပေးပြီး သင်ပြပေးနိုင်ရင် အကျိုးများမှာအသေအချာပါပဲ။ အခုဖြစ်နေတဲ့ ပုံစံက ပြည်သူ့နီတိ စာရိတ္တတို့ဆိုတာ သင်တယ်ကြားတယ်ဆိုတဲ့ သဘောလောက်ပါပဲ။ အဓိက,က စာသင်ချိန်ကို အထိခိုက်မခံနိုင် ဖြစ်နေတဲ့အချက်ကို ကောင်းကောင်းကုစားကြဖို့ လိုအပ်လိမ့်မယ်။
ဆိုလိုတာက အခြေခံပညာကျောင်းတွေမှာသာ စာရိတ္တနဲ့ ပြည်သူ့နီတိကို ကောင်းကောင်း အသိပညာပေးနိုင်မယ်ဆိုရင် ပြင်ပမှာ ငွေကုန်ခံပြီး စာမေးပွဲဖြေသလို ဖြေနေစရာလိုမယ်မထင်ပါဘူး။ ကျောင်းတွေက ဝတ်ကျေတမ်းကျေသင်နေကြလို့ပဲ ထင်ပါတယ်။

ငယ်စဉ်က ကာယအချိန်၊ လက်မှုအချိန်တွေဆို ပျော်ခဲ့ရတယ်။ အဲဒီအချိန်ဟာ စာသင်ချိန်ရဲ့ နောက်ဆုံးအချိန်တွေ ဖြစ်တာများတယ်။ ကာယချိန်မှာ အတန်းတွေ စုပေါင်းပြီးလုပ်ရတယ်။ (ကျောင်းအရှေ့ဘက်က ကွင်းထဲမှာ ဘောလုံးကန်ရတယ်။ ကျောင်းဝင်းရဲ့ အလယ်တမာပင်တန်းမှာ ကိုယ်လက်လှုပ်ရှား ရတယ်) လက်မှုချိန်မှာတော့ လက်မှုခန်းထဲမှာပဲ အရုပ်မျိုးစုံ ပန်းမျိုးစုံ လုပ်ရတယ်။ ဆရာကိုယ်တိုင်ကလည်း သင်ကြားပေးခဲ့တယ်။

ဒီဘက်ခေတ်ကျောင်းတွေ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေမှာ နေရာအခက်အခဲရှိတယ်။ ကာယလေ့ကျင့်ခန်းဆိုလည်း စာသင်ခန်းထဲမှာပဲ တချို့အားကစားကွင်းတောင် မရှိဘူး။ ပြည်သူ့နီတိ ဆိုတာလည်း စာသင်သလိုသင်နေကြတယ်။ ဘာသာရပ်တစ်ခုအနေနဲ့ စာမေးပွဲစစ်သလိုမျိုး မရှိတဲ့အတွက် ခပ်ပေါ့ပေါ့ပါပဲ။ တကယ်တော့ စာရိတ္တတို့ ပြည်သူ့နီတိ တို့ဆိုတာ သင်ကြားရမှာ မဟုတ်သလို စစ်ဆေးနေရမယ့် အရာလည်းမဟုတ်ပါဘူး။ အတုယူနိုင်ဖို့ နည်းပေးလမ်းပြလုပ်ရမှာ။ ခုလိုနည်းပညာဖွံ့ဖြိုးတဲ့အချိန်မှာ အလွန်လွယ်ကူတဲ့နည်းလမ်းတွေ ပေါပါတယ်။
ငယ်စဉ်က ကျောင်းမှာ အတုယူအားကျခဲ့ရ တာတွေရှိတယ်။ အသင်း (၄) သင်းရှိတယ်။ သန့်ရှင်းရေးပြိုင်တယ်။ တက်ကြွလှုပ်ရှားမှုတွေ ပြိုင်ရတယ်။ သူများပစ္စည်းတွေ့လို့ ပြန်ပေးတဲ့ ကျောင်းသား၊ ကျောင်းသူဆိုရင် စာရိတ္တဆုတွေရတာ။ ကျောင်း Assembly မှာ ဂုဏ်ပြုချီးကျူးတာ။ သိပ်အားကျခဲ့ရတယ်။ တကယ်တော့ကလေးတွေရဲ့ အကျင့်စာရိတ္တနဲ့ ပြည်သူ့နီတိကို သင်ကြားတဲ့နေရာမှာ နိုင်ငံတကာကို အတုယူသင့်တယ်။

ကလေးတွေကို ငယ်စဉ်ကပဲ အမှိုက်ကို စနစ်တကျပစ်တတ်စေချင်တယ်။ လမ်းဖြတ်ကူးရင် မျဉ်းကျားက ကူးစေချင်တယ်ဆိုရင် စာအုပ်နဲ့ မသင်ဘူး။ ဗီဒီယိုဖိုင်လေးနဲ့ ထိုးပြလိုက်တယ်။ (ကျောင်းတိုင်းမှာ ပရိုဂျက်တာရှိကြပါတယ်) အဲဒီဗီဒီယိုဖိုင်ထဲမှာ ဘဲအုပ်တစ်အုပ်ဟာ မီးနီနေလို့ လမ်းဖြတ်မကူးဘူး။ မီးစိမ်းသွားမှ မျဉ်းကျားအတိုင်း ကူးသွားတာကိုပြတယ်။ လူတွေစည်းကမ်းမဲ့လွှင့်ပစ်တဲ့ အမှိုက်ကို ကျီးကန်းတစ်ကောင်က ကောက်ပြီး အမှိုက်ပုံးထဲ ထည့်နေတာနဲ့ပြတယ်။ ကြည့်ရတာလည်း သဘောကျတယ်။ အတုလည်း ယူထိုက်တယ်။
မိဘမေတ္တာ မိဘကျေးဇူးသိဖို့ ပုံပြင်တွေ ရွတ်ပြမနေတော့ဘူး။ ဗီဒီယိုဖိုင်နဲ့ ပြတယ်။ ကြက်မကြီးဟာ မိုးရွာနေတဲ့အထဲမှာ သူ့သားပေါက်ကြက်ကလေးတွေ မိုးမစိုရအောင် သူ့တောင်ပံနဲ့ဖြန့်ကြက်အုပ်မိုး ပေးထားတယ်။ ချောင်းရေပြင်ကျယ်ထဲကို တစ်ကိုယ် တည်းဖြတ်ပြေးတဲ့ သမင်ပေါက်ကလေး။ မိကျောင်း က ကိုက်စားဖို့ လာနေပြီ။ ဘယ်လိုမှ လွတ်လမ်းမရှိ။ အဲဒါကိုမြင်တဲ့ မိခင်သမင်မဟာ အလျင်အမြန် ဖြတ်ကူးပြီး မိကျောင်းရှေ့ကသွားပြီး အစားခံလိုက်တယ်။ သမင်ငယ်လေး ဘေးကင်းလုံခြုံစွာ လွတ်မြောက်သွားတယ်။ ရင်သပ်ရှုမောမြင်ရတဲ့ မြင်ကွင်းပါ။ ဒါလိုမျိုး မိဘမေတ္တာကိုပြတဲ့ ဗီဒီယိုဖိုင်တွေအများကြီးပါပဲ။

တစ်ဦးဘဝကို တစ်ဦးမျှဝေလိုတဲ့ စိတ်ထားလေးတွေ ပွားများလာစေချင်ရင် ဗီဒီယိုဖိုင်လေးထိုးပြ လိုက်ပါ။ ရေကန်ဘေးက ဘဲငန်းကြီးတစ်ကောင်က အစာခွက်ကလေးနဲ့။ ကမ်းစပ်မှာက ငါးလေးတွေ ဝိုင်းအုံ နေတယ်။ ဘဲငန်းကြီးက သူ့စားခွက်ထဲကအစားအစာ တွေကို နှုတ်သီးနဲ့ ကိုက်ချီပြီး ငါးလေးတွေကို ဝေမျှ ကျွေးနေလေရဲ့။ ဖိုင်တစ်ခုမှာတော့ လူနာတွေ တန်းစီနေတဲ့ နေရာတစ်ခု။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ကြားဖြတ်နေရာလေးပေးဖို့ ပြောနေတယ်။ အမျိုးသားတစ်ဦးကရကြောင်း သူ့နေရာယူပါ။ သူ့ နောက်က ပြန်တန်းစီလိုက်ပါမယ်ဆိုတဲ့ သဘောနဲ့ နောက်ကိုထွက်သွားတယ်။ သူ့နောက်က လူတွေကလည်း နားလည်သွားတယ်။ အားလုံးကလည်း နေရာပေးလိုက်တဲ့သူရဲ့ နောက်ကပဲ လိုက်စီလိုက်ကြတယ်။ အားလုံးရဲ့ မျက်ဝန်းတွေမှာ ကြည်နူးမှုအပြည့်နဲ့။ကြည့်ရသူ စိတ်ထဲမှာလည်း ကျေနပ်စရာအပြည့် ဖြစ်ကြရတယ်။

ဒီနေရာမှာ ဂျပန်နိုင်ငံဆူနာမီဖြစ်စဉ်က အဖြစ်အပျက်လေးတစ်ခုအကြောင်း ဖတ်မိတယ်။ ဆူနာမီဖြစ်တော့ ရေလွှမ်းပြီးတစ်မြို့လုံးအတိ ဒုက္ခရောက်ကြတယ်။ အစားအသောက်ကအစ ခက်ခဲကုန်တယ်။ ကုန်တိုက်တွေမှာ တန်းစီကြရတယ်။ အားလုံးဒုက္ခရောက် ကြတာပဲ။ ဘယ်သူကမှ ပိုပြီးအခွင့်အရေးမယူကြဘူး။ အားလုံးတန်းစီတယ်။ အဲဒီနေရာမှာ ကလေးတစ်ယောက် ရောက်လာတော့ လူကြီးတစ်ယောက်က နေရာပေးတယ်။ အဲဒီကလေးက မယူဘူး။ နောက်ဆုံးမှာပဲ သွားတန်းစီတယ်။ ဒုက္ခရောက်တာချင်း အတူတူပဲ ဆိုတဲ့အသိ။ အဲဒီလို အသိတရားရှိတာလေး တွေမြင်ရတွေ့ရ ဖတ်ရတော့ ကိုယ့်နိုင်ငံက တန်းမစီချင်တဲ့ သူတွေ၊ ခေါင်းထိုးပြီးနေရာလုတဲ့ လိုင်းကားတွေ၊ ဘုန်းတော်ကြီးနဲ့ လူကြီးသူမတွေမြင်ရင်တောင် လမ်းမဖယ်တာ၊ နေရာမပေးတာတွေတွေ့နေကြရတယ်။ ပျက်ယွင်းနေတဲ့ နီတိကျင့်ဝတ်တွေကို နေရာတကာမှာ တွေ့ရတယ်။

တကယ်တော့ မိမိတို့ နိုင်ငံမှာ ကိုယ်ကျင့်တရား ပျက်တာတွေ၊ နီတိကျင့်ဝတ်လိုက်နာရမှန်း မသိတာတွေ တစ်နေ့တခြား ပိုများနေတာကို တွေ့နေရတယ်။ အတန်းပညာတွေ တဖြည်းဖြည်း မြင့်တက်လာပေမယ့် အသိတရားတွေနဲ့ ကိုယ်ကျင့်တရားတွေက ပိုပြီးနိမ့်ကျလာနေတယ်။ ဒါတွေက ပြုစုပျိုးထောင်မှု မှန်ကန်မှုမရှိလို့ အမှန်တကယ်ကိုပဲ ကလေးတွေရဲ့ ရင်ထဲနှလုံးသားထဲထိ ထိုးဖောက်ဝင်ရောက်မှု မရှိလို့ပါပဲ။ ဒါကြောင့် စည်းကမ်းမလိုက်နာမှုတွေ ကိုယ်ကျင့်တရားပျက်ယွင်းမှုတွေ၊ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာခြင်းပါပဲ။

ဆိုလိုတာက အခြေခံပညာအရွယ်ငယ်စဉ်ကတည်းက ကလေးတွေရဲ့ နှလုံးသားထဲ မသွတ်သွင်းနိုင်ခဲ့လို့ပဲဆိုတာ အထင်အရှားပါပဲ။ ဒါကြောင့် ကလေးတွေရဲ့ နှလုံးသားထဲကို စွဲစွဲမြဲမြဲရောက်နိုင်မယ့် နည်းလမ်းကို ရှာကြဖို့ပါ။ စာအုပ်ကို ဖတ်ပြရုံ ပုံပြောပြရုံ အလွတ်ကျက်စာမေးပွဲဖြေနေရုံလောက်နဲ့တော့ မရနိုင်တော့ပါဘူး။ ဒီတော့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ နီတိကျင့်ဝတ်တွေနဲ့ဆိုင်တဲ့ ဗီဒီယိုဖိုင်တွေ ရှာဖွေပြသ ခြင်း၊ ငွေကြေးအကုန်အကျခံပြီး ဇာတ်လမ်းတိုတွေ ရိုက်ကူးခြင်း၊ ပြသခြင်းစတဲ့ ကျယ်ပြန့်တဲ့ လုပ်ဆောင်နိုင်မှုတွေ မဖြစ်မနေ လိုအပ်လာနေခြင်းပါပဲ။

အဓိကပြောချင်တာကတော့ အကောင်အထည် ဖော်နိုင်တဲ့အပိုင်းမှာ ပညာရေးကဏ္ဍဟာ အရေးအကြီးဆုံး နေရာမှာပါဝင်နေတယ်ဆိုတာပါ။ စနစ်သစ်ပညာရေးအရ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ထည့်သွင်းလိုက်တဲ့ အပိုသင်ရိုးတွေကို စနစ်ဟောင်းသင်နည်းကြားနည်း အတိုင်း ဆက်သွားလို့မရနိုင်ဘူးဆိုတာပါပဲ။ ဒါကြောင့် သင်နည်းစနစ်ပြောင်းပါ။ အသုံးပြုမယ့် သင်ကြားမှုအထောက်အကူပစ္စည်း (TeachingAids) တွေဟာ ရုပ်ပုံကားချပ်လောက်နဲ့မဆွဲဆောင်နိုင်တော့ပါဘူး။ အခြေခံပညာအထက်တန်းကျောင်းတိုင်းမှာ Laptop ၊ Computer ရှိရပါ့မယ်။  Projector တစ်လုံးမရှိမဖြစ် လိုအပ်ပါတယ်။ ။ IT / Computer  ကျွမ်းကျင်တစ်ဦး ခန့်ထားနိုင်ရပါမယ်။ သင်ရိုးသစ်အရ သတ်မှတ်ထားတဲ့ စိတ်ပိုင်းရုပ်ပိုင်းဖွံ့ ဖြိုးမှုအတွက် ထိုက်သင့်တဲ့ ဘတ်ဂျက်ငွေမဖြစ်မနေ အသုံးပြုရပါလိမ့်မယ်။ အဲသလိုမှ မလုပ်နိုင်ခဲ့ရင်တော့ Policy Makers တွေ ဘယ်လိုပဲတော်တော်၊ မူဝါဒတွေဘယ်လောက်ပဲကောင်းကောင်း ကလေးတွေရဲ့ရင်ထဲမှာ ကောင်းမွန်တဲ့ကိုယ်ကျင့် တရားတွေ၊ လေးစားလိုက်နာဖွယ်ကောင်းတဲ့ နီတိကျင့်ဝတ်တွေ စွဲငြိကျန်ရစ်ခဲ့မှာမဟုတ်ဘဲ ကျောင်းတံခါးဝတင်ပဲ ပြုတ်ကျကျန်ရစ်ခဲ့မှာသာ ဖြစ်နေကြောင်းပါ ...။
 
ခင်မောင်ဌေး (ပညာရေး) 


  • VIA