News

POST TYPE

ARTICLE

နိုင်ငံတော်များ၏ စွမ်းဆောင်ရည် (State Capacity)
01-Jan-2020
Memory ဆိုသောခေါင်းစဉ်ဖြင့် ဖော်ပြသော ဆောင်းပါးနှင့် စာစုများမှာ The Voice Daily ကို ထုတ်ဝေနေသည့် Myanmar Partners Think Tank Group၊ ယခင် Living Color မဂ္ဂဇင်း၊ The Voice Weekly တို့ကို တည်ထောင်သွားသော ကွယ်လွန်သူ ဒေါက်တာနေဝင်းမောင် လွန်ခဲ့သော ၈ နှစ်ကျော်ခန့်က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲကောင်းများဖြစ်ပေါ်ရန် အမြဲပင်ဆန္ဒရှိခဲ့သူ ဒေါက်တာနေဝင်းမောင် ကွယ်လွန်သည့် ၈ နှစ်ပြည့်ကာလတွင် ၎င်း၏ အတွေးအခေါ်၊ အယူအဆနှင့် အမြင်များကို အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြရခြင်း ဖြစ်ပါသည်။ ယနေ့ သတင်းစာ၏ စာမျက်နှာ ၄ တွင် ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်မှာလည်း တစ်ချိန်က ၎င်းရေးသားခဲ့ခြင်းဖြစ်ပြီး ယနေ့ထိတိုင် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် များစွာ လတ်လတ်ဆတ်ဆတ်ရှိနေဆဲဖြစ်သည့်အတွက် အမှတ်တရအဖြစ် ဖော်ပြလိုက်ခြင်းဖြစ်ပေသည်။  (အယ်ဒီတာ)





နိုင်ငံနှင့် ပတ်သက်သည့် စားပွဲဝိုင်းဆွေးနွေးပွဲတစ်ခုတွင် မြန်မာနိုင်ငံ၏ စီးပွားရေးပြဿနာဟာ Sanction နှင့် မည်သို့ ချိတ်ဆက်ပါသလဲဟု ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက မေးခဲ့သည်။ စာရေးသူ၏အဖြေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

Myanmar happened to be a country of low per capita income with high transaction cost without having any significant international trade and investment - except from China.

မြန်မာနိုင်ငံသည် လူတစ်ဦးချင်းဝင်ငွေနည်းပါးပြီး စီးပွားရေးလုပ်ရန် စရိတ်စကကြီးလွန်းသောနိုင်ငံ ဖြစ်နေပါသည်။ လူတစ်ဦးချင်းဝင်ငွေနည်းခြင်းမှာ GDP သေးငယ်သောကြောင့်ဖြစ်ပြီး နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမရှိဘဲ GDP မြင့်တက်လာရန်လည်း မဖြစ်နိုင်ပါ။ စီးပွားရေးလုပ်ရန် စရိတ်စကမြင့်မားခြင်းသည် Transaction Cost များနှင့်သက်ဆိုင်ပြီး အများစုမှာ စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကြောင့်ဖြစ်ပေသည်။

ကမ္ဘာပေါ်တွင် စီးပွားရေးမဖွံ့ဖြိုးသောနိုင်ငံများကို အမျိုးအစားခွဲခြားလျှင် ဆင်းရဲသင့် ဆင်းရဲထိုက်၍ ဆင်းရဲနေသောနိုင်ငံများနှင့် စီးပွားရေး စီမံခန့်ခွဲမှုလွဲမှားခြင်းကြောင့် ဆင်းရဲသောနိုင်ငံများဟူ၍ နှစ်မျိုးရှိသည့်အနက် မြန်မာနိုင်ငံသည် ဆင်းရဲသင့်ဆင်းရဲထိုက်၍ ဆင်းရဲမှုဖြစ်ပေါ်ရသော နိုင်ငံတစ်ခုမဟုတ်ပါ။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာသည် ဆင်းရဲသင့် ဆင်းရဲထိုက်၍ ဆင်းရဲရသောနိုင်ငံများထက် များစွာလွယ်ကူပါသည်။

နိုင်ငံရေးဘောဂဗေဒရှုထောင့်မှပြောရလျှင် မြန်မာနိုင်ငံ၏ စီးပွားရေး မဟာဗျူဟာတွင် အပိုင်းနှစ်ပိုင်းသာရှိပြီး အကောင်အထည်ဖော်ရန်လည်း အလွန်လွယ်ကူပါသည်။ အထူးသဖြင့် Fundamental Flaws ခေါ် အခြေခံကျကျမှားနေသော အယူအဆနှင့် လုပ်နည်းကိုင်နည်းများကို အပိုင်းနှစ်ပိုင်းလုံးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြင်ဆင်ဖြည့်ဆည်းပေးရုံသာဖြစ်ပေသည်။ ၎င်းတို့မှာ 

(၁) တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု GDP မြင့်တက်စေခြင်းဖြင့် လူတစ်ဦးချင်းဝင်ငွေကို မြှင့်တင်ပေးခြင်း။ (နိုင်ငံသားတိုင်းကို အလွယ်တကူ အလုပ်လုပ်ခွင့်ပေးရုံသာ ဖြစ်ပါသည်။)

(၂) စီးပွားလုပ်ငန်းများ လုပ်ကိုင်ရာတွင် မလိုအပ်ဘဲရှိနေသည့် စရိတ်စကများ လျှော့ချပေးခြင်း (Transaction Cost)။ (မလိုအပ်ဘဲ ရှိနေသော လိုင်စင်ကြေး၊ ဂိတ်ကြေး၊ ပါမစ်ကြေးများ ဖြုတ်ပေးရန်သာ ဖြစ်ပါသည်။)

သယံဇာတများ၊ ရိက္ခာနှင့် အရင်းအမြစ်များမရှိသည့် နိုင်ငံများတွင် ဆင်းရဲမှုပပျောက်ရေးကို စဉ်းစားလျှင် စနစ်တကျသုတေသနပြု၍ ရေးဆွဲရမည့် မဟာဗျူဟာ၊ လမ်းညွှန်မြေပုံ၊ တိုင်းတာနည်းများလိုအပ်သော်လည်း အရင်းအမြစ်ပေါကြွယ်သည့် မြန်မာနိုင်ငံတွင် နိုင်ငံတော်၊ ဈေးကွက်၊ အရပ် ဘက်လူ့အဖွဲ့အစည်း သုံးဦးလုံးက မိမိတာဝန်မိမိ ကျေပွန်အောင်ထမ်းဆောင်ရုံ မျှဖြင့် ဆင်းရဲမှုပပျောက်ရေးသာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆုံးဖြစ်နိုင်ပါသေးသည်။ အရေးကြီးသည့်အချက်မှာ Institutional Capacity Building ခေါ် ကိုယ့်အလုပ်ကိုယ်လုပ်ရန် လိုအပ်သည့် နားလည်မှုနှင့် စွမ်းဆောင်ရည်ပင် ဖြစ်ပါသည်။

Institutional Capacity Building နှင့် ပတ်သက်၍ပြောရလျှင် အရေးအကြီးဆုံးမှာ State Capacity ဖြစ်ပါသည်။ ဤကိစ္စမှာ သိမ်မွေ့နက်နဲပြီး အထိမခံသောကိစ္စဖြစ်၍ လွန်ခဲ့သော အနှစ်(၂၀)လုံး ထောက်ပြ၍ မဖြစ်နိုင်သောကိစ္စ ဖြစ်ခဲ့ပါသည်။ သို့သော် တစ်ဖက်တွင်လည်း State Capacity ဆိုသည်မှာ တိုင်းတာ၍ရသော Facts ခေါ် အချက်အလက် ကိစ္စဖြစ်ရာ ခုခံကာကွယ်ခြင်းဖြင့် ခရီးပေါက်နိုင်သောကိစ္စ မဟုတ်ပေ။ State ဟုခေါ်သော နိုင်ငံတော်ဆိုသည်မှာ သက်မဲ့သဘောဖြစ်သည်။ ယာဉ်တစ်စင်းနှင့်တူသောကြောင့် Government ခေါ် အစိုးရတို့က ထိုယာဉ်ကို တက်မောင်းကာ ပန်းတိုင်ကို ပို့ပေးရခြင်းဖြစ်သည်။ ထို့ကြောင့် State Capacity ကို ပြောဆိုရသည့်အခါတွင် တစ်နည်းအားဖြင့် အစိုးရ၏ Capacity ကို ပြောဆိုဝေဖန်ရသည့် သဘောသက်ရောက်သွား၍ အထိမခံ သောသဘောကို သက်ရောက်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ဖက်တွင် နိုင်ငံတော်များက ရှုမြင်အပ်သောအမြင်သဘောထားနှင့် နိုင်ငံတော်များက ထမ်းဆောင်ရမည့်တာဝန်ကို အစိုးရတို့က သဘောမပေါက်လျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ မဖြစ်နိုင်ချေ။

မြင်သာထင်သာသော ဥပမာအချို့ကို ဤနေရာတွင် လိုအပ်သောကြောင့် ဖော်ပြလိုပါသည်။ 

ဆန်ဈေးကွက်ကို သူ့သဘောအတိုင်း လွှတ်ထားပေးလျှင် ကုန်သည်များသည် ကိုယ်ကျိုးစီးပွားကိုသာကြည့်၍ အမြတ်အစွန်းရရှိရေးကိုသာ လုပ်ဆောင်ကြသောကြောင့် ဈေးနှုန်းများ မြင့်တက်သွားတတ်သည်။ ထို့ကြောင့် ကုန်ဈေးနှုန်း ကျဆင်းရေးကော်မတီတစ်ခုဖွဲ့စည်း၍ ထိန်းချုပ် ရန်လိုအပ်သည်ဆိုသော အယူအဆမျိုးဖြစ်သည်။ ဤနေရာတွင် နိုင်ငံတော် များ၏တာဝန်မှာ ထိုအချိန်မျိုးကျမှသာလျှင် Buffer Stock ခေါ် Supply တစ်မျိုးကို ကိုင်ထား၍ ဈေးနှုန်းကို ဈေးကွက်နည်းလမ်းဖြင့် ဆွဲချပေးရမည် ဟူသောသဘောကို အသုံးချရန်မသိခဲ့လျှင် ကုန်ဈေးနှုန်း ကျဆင်းရေးကော်မတီက ကုန်သည်များကိုခေါ်ယူကာ ဈေးချပေးရန်သတိပေးခြင်းမျိုး ဖြစ်သွားတတ်ပေသည်။

အလားတူပင် စားအုန်းဆီကို လူတိုင်းအားသွင်းခွင့်ပြု၍ ဒလဟော ဝင်လာကာ ဈေးနှုန်းများ ကျဆင်းသွားလျှင် စီးပွားရေးသမားများက ထိုသွင်းကုန်ကို မသွင်းဘဲ ထားကြလိမ့်မည်။ စီးပွားရေးသမားများ တာဝန်မဲ့တတ်သောကြောင့် နိုင်ငံတော်က အရှုံးခံသွင်းမည့် စီးပွားရေးသမားများ ရှာဖွေလုပ်ကိုင်ခွင့်ပေးရမည်ဆိုသော သဘောတရားမျိုးကိုလည်း ရောက်ရှိ သွားတတ်ပေသည်။ သွင်းကုန်တစ်မျိုးကို ဈေးကွက်မသွင်းခဲ့လျှင် အသင့် ရှိနေစေရန် စီမံထားရေးမှာ နိုင်ငံတော်များ၏တာဝန်ဖြစ်ပြီး နိုင်ငံတော်များသည် ထိုအချိန်မျိုးကျမှသာလျှင် ဈေးကွက်နည်းလမ်းဖြင့် ဝင်ရောက် စွက်ဖက်လေ့ရှိသည်ဆိုသော သဘောတရားကို ခြုံငုံမိရန်အရေးကြီးခြင်း ဖြစ်ပေသည်။

ပြည်သူ့ရေးရာဝန်ဆောင်မှုဆိုသည်မှာ နိုင်ငံတော်များကိုယ်စား အစိုးရတို့ကသာလျှင် ဆောင်ကြဉ်းပေးရခြင်းဖြစ်သောကြောင့် ထိုတာဝန် ကိုထမ်းဆောင်မည့် အစိုးရတို့၏ Capacity ကိုပြောဆိုရန် လိုအပ်ချက် ရှိလာခြင်းဖြစ်ပါသည်။ State Capacity ကို ပြောဆိုရခြင်းသည် အစိုးရကို ဝေဖန်ခြင်းမဟုတ်ဘဲ နိုင်ငံတော်များက မည်သည့်အခြေအနေအချိန်အခါ မျိုးတွင်သာ မည်သို့စွက်ဖက်သင့်သည်ဆိုသော အချက်ကို ပြည်သူလူထု အကျိုးငှာ အကြံပြုတင်ပြရခြင်းဖြစ်သည်ဟု ရှုမြင်ပေးနိုင်လျှင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးရန်နှင့် Good Governance ပန်းတိုင်သို့ ရောက်ရှိရန် မခဲယဉ်းပါဟု ဆိုချင်ပါသည်။

The Voice Weekly Vol 7-No.25

ဆရာ နေဝင်းမောင်၏ ယနေ့ ပြန်လည်ဖော်ပြထားသော Memory ခေါင်းစဉ်အောက်တွင် ပါရှိသော ဆောင်းပါးများ