News

POST TYPE

ARTICLE

အခွင့်အလမ်းချင်း နှိုင်းရအားသာချက်
01-Jan-2020


Memory ဆိုသောခေါင်းစဉ်ဖြင့် ဖော်ပြသော ဆောင်းပါးနှင့် စာစုများမှာ The Voice Daily ကို ထုတ်ဝေနေသည့် Myanmar Partners Think Tank Group၊ ယခင် Living Color မဂ္ဂဇင်း၊ The Voice Weekly တို့ကို တည်ထောင်သွားသော ကွယ်လွန်သူ ဒေါက်တာနေဝင်းမောင် လွန်ခဲ့သော ၈ နှစ်ကျော်ခန့်က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲကောင်းများဖြစ်ပေါ်ရန် အမြဲပင်ဆန္ဒရှိခဲ့သူ ဒေါက်တာနေဝင်းမောင် ကွယ်လွန်သည့် ၈ နှစ်ပြည့်ကာလတွင် ၎င်း၏ အတွေးအခေါ်၊ အယူအဆနှင့် အမြင်များကို အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြရခြင်း ဖြစ်ပါသည်။ ယနေ့ သတင်းစာ၏ စာမျက်နှာ ၄ တွင် ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်မှာလည်း တစ်ချိန်က ၎င်းရေးသားခဲ့ခြင်းဖြစ်ပြီး ယနေ့ထိတိုင် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် များစွာ လတ်လတ်ဆတ်ဆတ်ရှိနေဆဲဖြစ်သည့်အတွက် အမှတ်တရအဖြစ် ဖော်ပြလိုက်ခြင်းဖြစ်ပေသည်။ 
အယ်ဒီတာ

တည်ဆောက်ရေးအတွက် နိုင်ငံတစ်နိုင်ငံတွင် လုံလောက်စွာ ရှိနေရန် လိုအပ်သော အရင်းအမြစ်တစ်ခုမှာ နိုင်ငံတည်ဆောက်ရေးဘာသာရပ်များကို အခြေခံကျကျ သဘောပေါက် နားလည်သည့် လူသားအရင်းအမြစ်များ ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏ ပညာရေးစနစ်နှင့်သက်ဆိုင်ပြီး အချိန်ယူ၍တည်ဆောက်ယူရမည့် အရင်းအမြစ်ကိစ္စဖြစ်သော်လည်း လွှတ်တော်ပေါ်တွင် ယခင်အစိုးရ ပညာရေးဝန်ကြီးက ပညာရေးစနစ်ပြုပြင်ရန် မလိုပါဟူသောသဘော ဖြေဆိုခဲ့ရာ ပြုပြင်ပြောင်းလဲမှုများ လမ်းပိတ်သလို ဖြစ်သွားခဲ့ပါသည်။ (လွှတ်တော်ပေါ်တွင် ကြားနာမှုများအတွက် မပြင်ဆင်ရသေးမီတွင် မေးခွန်းတက်လာခဲ့ခြင်းဖြစ်ရာ နိုင်ငံအတွက် အသက်တမျှ အရေးကြီး သောကိစ္စမှာ မေးတစ်ခွန်း ဖြေတစ်ခွန်းဖြင့် လမ်းပိတ်သွားခဲ့ခြင်း ဖြစ်ပေသည်။)

အကျိုးဆက်မှာ မီဒီယာများပေါ်တွင်လည်းကောင်း၊ လွှတ်တော်များပေါ်တွင် လည်းကောင်း ငြင်းခုံရန်မလိုသည့် အယူအဆမှားအချို့ မြင်တွေ့နေရခြင်းဖြစ်ပေသည်။ မြင်သာထင်သာသော ဥပမာအချို့ကို ပြရလျှင် မြန်မာနိုင်ငံမှ ကားထုတ်လုပ်မှုလုပ်ငန်းများကို အကာအကွယ်ပေးရန် မော်တော်ယာဉ်တင်သွင်းခွင့်ကို ပိတ်ပင် ထားသင့်သည်ဆိုသော အယူအဆမျိုး၊ ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာကို ခွဲခြားစဉ်းစားသော ကိစ္စမျိုး၊ ပို့ကုန်ကို မတိုးချဲ့ဘဲ သွင်းကုန်ကို ပိတ်ပင်ရန်ကြိုးစားသော အယူအဆမျိုး စသည့် အခြေခံဝါဒီဆန်သော အယူအဆများမြင်တွေ့လာ ရခြင်းဖြစ်ပေသည်။

နိုင်ငံတစ်ခု၏ နိုင်ငံတကာကုန်သွယ်မှုများ ဒေသတွင်းချိတ်ဆက်မှု (Regio-nalization)၊ ကမ္ဘာနှင့် ချိတ်ဆက်မှု (Globalization) အကြီးအကျယ်ထွန်းကားလာသော ယနေ့အချိန်တွင် အထူးတလည် စဉ်းစားရန် လိုအပ်လာခဲ့သော အခြေခံ သီအိုရီနှစ်ရပ်မှာ COMPARATIVE ADVANTAGE  ခေါ် အရင်းအမြစ်ချင်း နှိုင်းရအားသာချက်နှင့် COMPETITIVE ADVANTAGE ခေါ် အခွင့်အလမ်းချင်း နှိုင်းရအားသာချက်နှစ်မျိုးဖြစ်သည်။ 
 
COMPARATIVE ADVANTAGE  ခေါ် အရင်းအမြစ်ချင်း နှိုင်းရအားသာ ချက်နှင့်ပတ်သက်၍ ယခင်အပတ်က ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သောကြောင့် ဤနေရာတွင် အသေးစိတ် ရှင်းလင်းတင်ပြ ခြင်းမပြုတော့ပါ။ မြင်သာထင်သာသော ဥပမာကိုပြောရလျှင် စင်ကာပူ နိုင်ငံတွင် မွေးရာပါပေးထားချက် မြေအလုံအလောက် မရှိသောကြောင့် စိုက်ပျိုးမြေအလုံအလောက်ရှိသော မြန်မာနိုင်ငံက ဆန်စပါး ထုတ်လုပ်မှုနှင့် ပတ်သက်လျှင် COMPARATIVE ADVANTAGE  ရှိနေသည် ဆိုသောသဘောမျိုးဖြစ်သည်။ အလားတူပင် လူဦးရေ သန်း ၆၀ ကျော် ရှိသော ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် ဆန်စပါးထုတ်လုပ်ရန် မွေးရာပါ ပေးထားချက်တူသော်လည်း တည်ဆောက်ယူရမည့် အရင်းအမြစ်များ တည်ဆောက်မထားသော မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့်ယှဉ်လျှင် COMPARATIVE ADVANTAGE  မရှိတော့သည့် သဘောမျိုးကို ဆိုလိုပါသည်။

COMPETITIVE ADVANTAGEဆိုသည်မှာ အခွင့်အလမ်းများကိုပါ ထည့်သွင်းစဉ်းစားထားသော နှိုင်းယှဉ်ချက် ဖြစ်သည်။ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ဆန်စပါးထုတ်လုပ်မှု နှင့် ပတ်သက်လျှင် COMPARATIVE ADVANTAGE  တူညီသော်လည်း ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ထွက်ရှိသော သဘာဝဓာတ်ငွေ့များကြောင့် မြန်မာနိုင်ငံက ရခိုင်ပြည်နယ် လယ်မြေအချို့ကို ဆန်စပါးတိုးချဲ့ ထုတ်လုပ်ခြင်းမပြုတော့ဘဲ ရေထဲမှတက်လာသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းအဆုံးနေရာရှိ လယ်မြေများကို3 in 1 Value added စက်မှုလုပ်ငန်းများထူထောင်ရန် ဆုံးဖြတ်ခြင်းမျိုးကို ဆိုလိုပါသည်။ သဘာဝဓာတ်ငွေ့များကို 3 in1 စီမံကိန်းဖြင့် အဆင့်မြင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်ရောင်းချ ခြင်းမှရရှိမည့်အခွင့်အလမ်းမှာ ကြီးမားလွန်းသောကြောင့် ထိုနေရာတွင် ဗီယက်နမ်ကဲ့သို့ပင် နှိုင်းရအားသာချက်ရှိသော ဆန်စပါးကိုမထုတ်လုပ်တော့ရန် ဆုံးဖြတ်ခြင်းမျိုးသည် COMPETITIVE ADVANTAGE ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန် စဉ်းစားခြင်းသည် (ကိုယ်ပိုင် တံဆိပ် ဖြစ်ခဲ့လျှင်) အဆင်အခြင်နည်းလွန်းရာကျပါသည်။ ဂျပန်နိုင်ငံက တင်သွင်းလျှင် ဒေါ်လာ ၁၀၀၀ သာ ကျသင့်သော LITEACE ကားတစ်စီးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ပြီး ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ရောင်းချသည့်ကိစ္စမျိုးမှာ နိုင်ငံ၏ COMPETITIVE ADVANTAGE ကို ကောင်းစွာ သဘောမပေါက်ရာကျပေသည်။ (မြန်မာနိုင်ငံတွင် မည်သို့ထုတ်လုပ်သည်ကို လူတိုင်းသိပါသည်။)

ဤနေရာတွင် မလိုအပ်ဘဲ အငြင်းပွားနေသောကိစ္စတစ်ရပ်မှာလည်း အခြေခံကျကျ လွဲနေပါသေးသည်။ ဂျပန်ကကား ဒေါ်လာ ၁၀၀၀ သည် ဒေါ်လာဖြစ်၍ မြန်မာနိုင်ငံက ထုတ်လုပ်သောကားသည် ကျပ်သိန်း ၁၀၀ ဖြစ်သည်ဆိုသော အယူအဆမျိုးဖြစ်သည်။ စီးပွားရေးသဘောတွင် ကျပ်ငွေ ၁၀၀၀ သည် ဒေါ်လာ တစ်ဒေါ်လာနှင့် ဖလှယ်၍ရနေသမျှ ဤနှစ်ခုအတူတူသာဖြစ်ပြီး ကျပ်ငွေ/ဒေါ်လာ ငွေ စသည်တို့မှာ ကုန်ဖလှယ်သော မီဒီယံများသာ ဖြစ်ပေသည်။ ကျပ်သိန်း ၁၀၀ သည် ဒေါ်လာ ၁၀,၀၀၀ ဖြစ်သောကြောင့် ဂျပန်နိုင်ငံက ကားတစ်စီးမသွင်းဘဲ မြန်မာနိုင်ငံတွင် ဒေါ်လာ ၁၀,၀၀၀ တန်ကား ထုတ်လုပ်ခြင်းသည် Opportunity Cost ခေါ် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ဒေါ်လာ ၉၀၀၀ ပျောက်ဆုံးသွားခြင်းဖြစ်ရာ ဤကိစ္စမျိုးမှာ သီအိုရီသဘောအရ မစဉ်းစားကောင်းသောအရာ ဖြစ်ပေသည်။

စာရေးသူအနေဖြင့် စီးပွားရေးနှင့်ပတ်သက်၍ ရယ်ဒီကယ်အယူအဆ ရှိနေသူများကို အပြစ်တင်နေခြင်းမဟုတ်ပါ။ ဤအယူအဆမျိုးရှိခဲ့လျှင် နောက်တစ်ဆင့်ထပ်၍ အမှားကျူးလွန်မိရာရောက်မည်စိုး၍ ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နိုင်စေရန် ရှင်းလင်းပြီး လက်တွေ့နှင့်နီးစပ်သော ဥပမာပေး၍ ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။

နိုင်ငံသားတိုင်းကို အလုပ်လုပ်ခွင့်ပေး၍ ဆင်းရဲမှုလျှော့ချရေးမှာ ပြည်ထောင်စု အစိုးရသစ်၏ မူဝါဒဖြစ်ပေသည်။ ဆင်းရဲမှုဆိုသည်ကို အတိအကျအဓိပ္ပာယ်ဖွင့်ရလျှင် လူတစ်ဦးချင်း ဝင်ငွေနည်းခြင်းဖြစ်ပါသည်။ လူတစ်ဦးချင်း ဝင်ငွေနည်းခြင်းမှာGDP နည်းသောကြောင့် ဖြစ်ပါသည်။ GDP သေးငယ်လွန်း၍ GDP ကို လူဦးရေနှင့် စားလိုက်သောအခါ လူတစ်ဦးချင်းဝင်ငွေလည်း နည်းပါးသွားခြင်း ဖြစ်သည်။ ဤကိစ္စကို ဆေးကုရာ တွင်GDP ကြီးအောင်မပြုလုပ်ဘဲ နေ၍မရပါ။ GDP ကြီးအောင် ပြုလုပ်မည်ဆိုလျှင် နိုင်ငံရှိ လူဦးရေသန်း ၅၀-၆၀ အတွက် ရည်ရွယ်ထုတ်လုပ် ရောင်းချခြင်းသက်သက်ဖြင့် မရပါ။

ထိုအခါ ပို့ကုန်မြှင့်တင်ရေးကို မဖြစ်မနေပြုလုပ်ရန် လိုအပ်သွားပြီ ဖြစ်ပေသည်။ ပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံသားတိုင်းကို အလုပ်လုပ်ခွင့် ပေးရာတွင် အရင်းအမြစ်ချင်း နှိုင်းရအားသာချက် (COMPARATIVE ADVANTAGE ) ရှိသော လုပ်ငန်းများကို ဦးစားပေးတိုးချဲ့ရမည် ဖြစ်သကဲ့သို့ ယှဉ်ပြိုင်နိုင်စွမ်းအလို့ငှာ COMPETITIVE ADVANTAGE ရှိသော လုပ်ငန်းများထူထောင်ရန် လိုအပ်ပါသည်။ AFTA ခေါ် အာဆီယံ လွတ်လပ်သောကုန်သွယ်မှု ရှိနေသောကြောင့် အာဆီယံဈေးကွက်ကိုပါ လွတ်လပ်စွာရောင်းချရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံမှ ဟွန်ဒေးကော်ပိုရေးရှင်းနှင့် ဖက်စပ်ကားစက်ရုံ တည်ထောင်သည်ဆိုသည့် စဉ်းစားချက်မျိုးမှာ အဓိပ္ပာယ်ရှိပါသည်။ အဓိကနားလည်ထားရန် လိုအပ်သည့်အချက်မှာ ဘောဂဗေဒနှင့် နိုင်ငံရေးဘောဂဗေဒနယ်ပယ်တွင် သုံးနှုန်းသည့် Opportunity Cost ခေါ် လက်လွတ်သွားနိုင်သည့် အခွင့်အလမ်းများကိုပါ ထည့်သွင်းစဉ်းစားထားသည့် COMPETITIVE ADVANTAGE ခေါ် အခွင့်အလမ်းချင်းနှိုင်းရတန်ဖိုးများ၏ သီအိုရီသဘောဖြစ်ပါသည်။

■ The Voice Weekly Vol 7-No.34

ဆရာ နေဝင်းမောင်၏ ယနေ့ ပြန်လည်ဖော်ပြထားသော Memory ခေါင်းစဉ်အောက်တွင် ပါရှိသော ဆောင်းပါးများ



  • VIA