News

POST TYPE

ARTICLE

လူပီသမှုများ
31-Dec-2019


အဖြစ်အပျက်တွေဖြစ်တိုင်း တွေးနေကျအတွေးက ပြန်ပြန်ပေါ်လာရသည်။ စိတ်ကို ယတိပြတ် ဆုံးဖြတ်ပြီး ခြံဝင်းထဲဝင်လိုက်တော့ စည်စည်ပင်ပင် သီးပွင့်နေကြသော အရွက်စိမ်းစိမ်းများက လေယူရာယိမ်းကာ နှုတ်ခွန်းဆက်နေသည့်သဏ္ဌာန်က စိတ်ကို ဒွိဟဖြစ်စေပြန်ပါ သည်။ လတ်ဆတ်သော လေနုအေးအေးလေးက အသက်ရှူရတာ ကောင်းလိုက်တာ လူကို အားအင်များ ပြည့်ဖြိုးသွားသလို ခံစားလိုက်ရသည်။

ထိုအချိန် လူများတိုးဝင်သောဒဏ်နှင့် ဖရိုဖရဲ ခြံစည်းရိုးကိုတွေ့ ပြန်တော့ စိတ်တွေက နောက်ကျိသလို ဖြစ်သွားရပြန်သည်။ ခြံဝင်းဝယ်စဉ်က စားပင်သီးပင်များဖြစ်တဲ့ ဘူး၊ ပဲ၊ ပြောင်းဖူး၊ ခရမ်းချဉ်၊ မုန်ညင်း အစရှိသည်ကို ထွန်ယက်စိုက်ပျိုးခဲ့သော်လည်း ကိုယ်ပိုင် လုပ်ငန်းတစ်ဖက်နှင့် အလုပ်များမနိုင်တော့ နှစ်ရှည်ပင်လေးများ အစားထိုးစိုက်ပျိုးခဲ့ရသည်။ သရက်၊ မာလကာ၊ ငှက်ပျော၊ နှင်းသီးပင်များ၏ စိမ်းစိမ်းစိုစို အရိပ်များ၊ တစ်နှစ်တစ်ခါ တာဝန်ကျေတတ်သော အသီးအပွင့်လေးများကို မြင်ရတော့ စိတ်ကြည်နူး ချမ်းမြေ့ရတာက ဘယ်အရာနှင့်မှ မနှိုင်းယှဉ်နိုင်ခဲ့တာ ကိုယ်တွေ့ဖြစ်သည်။ သာရေး၊ နာရေးများတွင် အသုံးပြုသော စတီးမဏ္ဍပ်များ ဒီခြံဝင်းအတွင်းက အိမ်လေး ထဲ၌ သိမ်းဆည်းပေးထားသည်ဖြစ်ရာ အသွင်းအထုတ် ပြုလုပ်ချိန်တိုင်း ခြံဝင်းလေးအတွင်းက အပင်ရိပ်သီးနှံလေးများရဲ့ ချိုမြမှုက ဧည့်ခံကောင်းသော အိမ်ရှင်လေးများ ဖြစ်ခဲ့ရသည်။ ကျေးငှက်လေးများရဲ့ ခိုနားရာ ဗိမာန်ဌာနဖြစ်ရာ ဤဝင်းလေးသည် သာရကာငှက်ပေါင်းစုံတို့ အမြဲမြူးထူးနေတတ်လေသည်။ 

ထိုသို့ ကောင်းမွန်သော အနေအထားလေးများကြောင့် တခြားနှစ်စဉ်စားပင်သီးပင်များ ထပ်မံစိုက်ပျိုးဖို့ ကြံစည်မိသည်။

ကိုယ်မစားရလျှင်လည်း နောက်လူတို့ အသီးစားရန်အတွေးစိတ်ဖြင့် ပျော်ရွှင်ကြည်နူးခဲ့ရသည်။ ထိုမှတစ်ဖန် ကိုယ်တိုင်လည်း အသီးစားမည်။ နောက်လူတွေအတွက်လည်း စိုက်မည်။ တွေးရင်းပျော်၊ ပျော် ရင်းတွေးမိသည့် စိတ်ကူးလေးများက ဤရက်ပိုင်း ဖြစ်ပျက်သမျှကြောင့် စိတ်တွင်းကြည်နူးပီတိစိတ်ကို ရိုက်ချိုးလျက်ရှိသည်။ ရှေ့ဆက်မည့် အစီအစဉ်ကို နှောင့်နှေးစေခဲ့ရသည်။

တာဝန်မကျေပွန်သော မိဘက ပေါက်ဖွားလာသည့် ကလေးများ၏ ပစ်မှတ်စားကျက် ဖြစ်မှန်းမသိဖြစ်လာသည့် ဤခြံလေးအား ရှေ့ဆက်ပြီး မည်သို့စီစဉ်ရမည်ကို မတွေးတတ်အောင် ဖြစ်မိရသည်။ လုံခြုံအောင်လုပ်ထားသောခြံစည်းက ထိုကလေးများ၏လက်၌ ဖရိုဖရဲဖြစ်ကြရသည်။ လောက လူ့သဘာဝဆိုတာကလည်း ခြံစည်းရှိဖို့ထက် လူ့စည်းရှိဖို့က အရေးကြီးနေသည် မဟုတ်လော။ ခေါင်ကစ၍ အမိုးမလုံသော မိသားစုအတွင်း ပေါက်ဖွားလာသောကလေးများကလည်း မည်သည့်ဆိုဆုံးမမှုမျိုးကိုမျှ မမှုတော့။ နေ့ညမပြတ် ခြံဝင်းအတွင်း ကျင်လည်ကျက်စားတတ်၏။ ဘဝကံအကျိုးပေးညံ့ရသည့်အထဲ မွေးဖခင်၏ လွဲမှားလမ်းလွှဲနေသည့်စိတ်က ထိုကလေးများအပေါ် အကျိုးသက် ရောက်နေပြန်တော့ ဘေးလူတွေဖြစ်တဲ့ ကျွန်မတို့မှာ သက်ပြင်းချရုံသာ တတ်နိုင်ခဲ့ရသည်။ ဆုံးဖြတ်ချက် တစ်ခုအနေနှင့် ထိုကလေးငယ်လေးများ၏ စားကျက်ကွင်းသဖွယ်ဖြစ်နေသည့်သစ်ပင်များကို ခုတ်ပစ်လိုက်တော့မည်ဟု အတွေးဝင်မိခဲ့သည်။

ကျေးငှက်လေးများ၏ တကျီကျီအသံ၊ အသီး အနှံလေးများအား ကိုက်ချီစားနေတာတွေ တွေ့ပြန်တော့ ဆုံးဖြတ်ချက်တစ်ခုက မပီပြင်ဝိုးတဝါးစိတ်က မနိုင်ဖြစ်ကာ ခြေဦးက ခြံပေါက်ဝကို ပြန်အလှည့် ခြေတောက်အောက်က သစ်ရွက်ခြောက်လေးများ၏ အသံတိုးတိုးလေးက နားထဲကို တိုးဝင်လာသည်။ လူသားများနှင့် ကျေးငှက်သာရကာများကို အရိပ်တွေ ပေးဝေရင်း သက်တမ်းကုန်သွားကြသည့် ထိုရွက် ခြောက်လေးများ မကြာမီအချိန်အတွင်းမှာ မြေဆီလွှာကို အားဖြည့်ပေးမည့်အရာတွေ ဖြစ်လာကြတော့မှာပါလား။ ကြည့်စမ်း သူ့တာဝန်သူ ဘယ်လောက် ကျေပွန်ခဲ့သလဲ။ ကြည်နူးစရာကောင်းလိုက်တာ။ ဝေမြဲ ကြွေမြဲ သံသရာစက်ဝန်းထဲမှာ သူ့တာဝန်သူ ကျေပွန်ပုံက ဘယ်သူမှ ခိုင်းစရာမလို။

ယနေ့ အိပ်ရာထချိန် အံဆုံးသွား ဘေးက အံသွား၏ လက်ကျန်အငုတ်လေး ပြတ်ထွက်လာသည်။ အံသွားအငုတ်လေးအား လွှင့်ပစ်မည့်လက်ကို အတွေးတစ်ချက်က ဆွဲထားခြင်းခံလိုက်ရပြန်သည်။ ထိုအံသွားလေး စတင်ပေါက်ကတည်းက ယခု ပြတ်ထွက်သွားသည့် အချိန်ထိ သူ့တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်သွားသည်။ အစုံစား လူသတ္တဝါ၏ပါးစပ်၌ ဖြစ်တည် လာသည့် သူ့ဘဝအစပိုင်းကတည်းက သူ့ထံပါးရောက် လာတဲ့အစာအားလုံးကို ပျော့သော မာသော မရွေးချယ်၊ ကြိတ်ဝါးချေဖျက် လူ့အာဟာရအတွက် ကျေပွန်သောတာဝန် ထိမိသောလုပ်ဆောင်ချက်တွေနှင့် သက် တမ်းကုန်သွားရှာသည့် အံသွားလေးပါလား။ နောက်များတွင် အစာမာစားတိုင်း သူရှိနေလျှင် သိပ်ကောင်းမှာဆိုသော အတွေးကတော့ဖြင့် တိုက်ဆိုင်တိုင်း သတိရနေမှာ အသေအချာ။

ထိုသက်တမ်းကုန်သွားသည့် အံသွားလေးဘေးအစွန်ဆုံး၌ ရှိသည့် အံဆုံးသွားကတော့ဖြင့် သွားပိုး တချို့ကြောင့် အစာစားချိန်တိုင်း တစ်ချက်တစ်ချက် နာတတ်လေသည်။ သို့သော်ငြားလည်း ပါးစပ်က စားသမျှအစာများကိုတော့ ကြိတ်ဝါးစဉ်က အစွန်ဆုံးဖြစ်တဲ့ သူက မပါပါ။ သို့ပေမဲ့လည်း လူကိုတော့ဖြင့် သတိရချိန်တိုင်း ဒုက္ခပေးနေတတ်သေးသည်။

သြော်... သက်ရှိသတ္တဝါမှမဟုတ်...

အံအစွန်ဆုံးသွားသည်လည်း သူလည်း အလုပ် မလုပ်ပါဘဲ ပြဿနာသာ ထထဖြစ်နေပါတကား။ တာဝန်ကျေပွန်မှုမရှိသော မိဘများ၊ တာဝန်ကျေပွန် သောသစ်ပင်လေးများ၊ တာဝန်ကျေပွန်သော အံသွား၊ ကိုယ်တိုင် ဘာတာဝန်မှမယူပါဘဲ မကြာခဏ စိတ်ဒုက္ခ ပေးတတ်သော အစွန်ဆုံးအံသွားများအကြောင်း တွေးမြင်ကြည့်ရင်း ကြည့်မှန်တစ်ချပ်တွင် ကိုယ့်ရုပ်ကိုယ် မြင်ရသလို ခံစားလာရသည်။ စိတ်ထဲတွေးထင်ရင်း နောက်ကျိဖြစ်နေခဲ့ရသည့် ယခုရက်အတွင်း ကိုယ့်စိတ်ကိုယ်လည်း မေ့နေမိခဲ့ရသည်။

အတွေးစိတ်က ကိုယ့်ကိုယ်တွင်း ပြန်လှည့်ကြည့်မိတော့ ဦးနှောက်တစ်နေရာက လက်ခနဲ အချက်ပြလာသည်။ အာရုံထဲ ဆတ်ခနဲပေါ်လာတာက ဆရာလူထု စိန်ဝင်းရဲ့စကားလေး။ “ကမ္ဘာအနှံ့အပြားမှာရှိတဲ့သူတွေရဲ့ အကျင့်စာရိတ္တတွေ တစ်နေ့တခြား ပျက်ပြား လာတာတော့ လူတိုင်းအသိ။ သို့သော်လည်း နတ်ရုပ်စောင်းတာမကြည့်နဲ့ ကိုယ်ကစလို့ ကောင်းတာလုပ်”

ဟုတ်သားပဲ “ငါရော ဘာတွေလုပ်ပြီးပြီလဲ”၊ “လူသားတာဝန်များကို ဘယ်လို ထမ်းဆောင်ပြီးပြီလဲ” ဟူသည့်မေးခွန်းများ အစီအရီပေါ်လာရသည်။နိုင်ငံတစ်နံတစ်လျားတွင် ဖြစ်ပျက်နေသော ပြဿနာများ၏ အရင်းအမြစ်တွေကို သေချာဆန်းစစ်ကြည့်လျှင် ကိုယ်ပိုင်ဆိုင်ရာ တာဝန်မကျေပွန်မှုများနှင့် ဆက်စပ်နေနိုင်သည်ဟု ဆွဲဆန့်တွေးမိသည့်အတွေး ကနေတစ်ဆင့် ပေါ်လာချိန်၌ စိတ်ထဲထိတ်လန့်မိရသည်။ အဝေးကြီးကိုမမျှော် ကိုယ့်ဝန်းကျင်လေးတွင် ကောင်းတာဖြစ်ဖို့ စတင်ချိန်တွေ နောက်ကျကုန်ပြီလား၊ ရှိတာလေးထိုင်စားတော့ ပေါကြွယ်ဝလွန်းတဲ့ သယံဇာတတွေကြားက မြန်မာတောင်ချမ်းသာခြင်း နှင့်ဝေးရသေးသည့်အကြောင်း၊ စား၍ရသည့်အပင် အေးမြမှုပေးသည့်အပင်တွေကို ကိုယ်တိုင်လည်းစိုက်မည်၊ စားမည်၊ ပိုတာအကုန်ပေးဝေငှမည်ဆိုသည် လှသောစိတ်ထားလေးတွေဖြစ်ဖို့ သူတို့လေးတွေကို စည်းရုံးလိုက်ရရင်ကော...လက်ခနဲ အတွေးက မိုးအမှောင် မှာ လျှပ်စီးလက်လိုက်သလို ဝင်းခနဲ ဖြစ်ချိန်လွန်ခဲ့သောရက်ပိုင်းက ဒွိဟဖြစ် လွန်ဆွဲစိတ်က ပြေလျော့သွားလိုက်တာ ရင်တစ်ခုလုံး ပေါ့သွားရသည်။

တကယ်တော့ ငယ်ရွယ်နုပျိုခြင်း၏ အကြီးမားဆုံး တန်ဖိုးသည် နုပျိုခြင်းလည်းမဟုတ်၊ ရုပ်ရည်လှပခြင်းလည်းမဟုတ်၊ အားအင်နှင့်အလုပ်လုပ်နိုင်ခြင်းလည်း မဟုတ်၊ အမှားလုပ်နိုင်သည့် အခွင့်အရေးရော၊ လုပ်သင့်လုပ်ထိုက်သည့် အခွင့်အရေးကောင်းများကိုပါ ဖမ်းဆုပ်ထားဖို့ပင်မဟုတ်ပါလား။ လူတိုင်းလူတိုင်း ကမ္ဘာကြီးကို ပြောင်းလဲလိုကြသည်။ မနက်ဖြန်တွေ၏ အနာဂတ်သည် ပြောင်းလဲခြင်းများအောက်၌ လှပဖို့ စိတ်ကူးသည်။ လူတိုင်းဘဝတွင် လက်ရှိရောက်နေသောဘဝကို မဖြတ်သန်းခင် ဘဝအိပ်မက်ရည်ရွယ်ချက် စိတ်ကူးတွေ လှပနေသူချည်း ဖြစ်နိုင်သည်။ ထိုအိပ်မက်များသည် အပြစ်ကင်းနေပေလိမ့်မည်။ လူသားပီသမှုကိုလည်း ပြနေပေလိမ့်မည်။

နှစ် ၁၅၀ တိုင်ခဲ့သော်လည်း အမြဲသစ်လွင်မှန် ကန်နေသော “မဟတ္တမဂန္ဒီ”၏ အဆိုအမိန့်တစ်ခုက ရင်ထဲရိုက်ခတ်လာပြန်သည်။

“လူပီသမှုဟာ ဘယ်တော့မှ မစွန့်လွှတ်သင့်တဲ့ အရာ..

လူပီသမှုဟာ ပင်လယ်နဲ့တူတယ်...

ရေနည်းတဲ့ပင်လယ်တွေဟာ ညစ်ပတ်တတ်ကြတယ်...

လူပီသမှုမရှိတဲ့သူတွေဟာလည်း ရေနည်းတဲ့ ပင်လယ်လိုပဲ လူသားဆန်မှုနည်းတော့ ညစ်ပတ်တာပေါ့...

ရေများတဲ့ပင်လယ်ဟာ ဘယ်တော့မှ မညစ်ညမ်းဘူး...

အဲ့လိုပဲ လူပီသမှုများတဲ့သူတွေဟာလည်း သန့်စင်ကြတယ်...

လူပီသမှုကို ဘယ်တော့မှ မစွန့်လွှတ်ကြသင့်ဘူး...” ဆိုသည့်အဆိုအမိန့်လေး။

တကယ်တော့ ကမ္ဘာကြီးကို ကျွန်မ မပြောင်းလဲနိုင်ပါ။ ထို့ကြောင့် ကျွန်မ “နတ်ရုပ်စောင်းတာ” မကြည့်တော့ပါ။ ကိုယ်ကစပြီး ကောင်းတာလုပ်ဖို့ ကြိုးစားရပေဦးမည်။ ကျွန်မဘေးက လူတစ်ယောက်လောက်တော့ ကောင်းသောပြောင်းလဲခြင်းဖြစ်ဖို့ ကူညီသူတစ်ယောက်တော့ ဖြစ်နိုင်ကောင်းပါရဲ့။ ကျွန်မ “လူသား ပီသချင်ပါသေးသည်”။ ။

ခိုင်ခိုင်