News

POST TYPE

ARTICLE

ဒီနှစ်ဆောင်းလည်း အမေ့မေတ္တာကြောင့် နွေးပါတယ်
29-Dec-2019


မြူနှင်းတွေဝေတဲ့ ဆောင်းရာသီကို ရောက်တိုင်း အတိတ်ပုံရိပ်တွေ တစ်ခါပြန် နိုးထလာတယ်။

အတိတ်ပုံရိပ်ထဲမှ ဆောင်းရာသီနေ့စွဲတွေက ကျွန်တော့်ကို သနားသလိုကြည့်တယ်။ ပြီးတော့ အမေ့ကိုလွမ်းဖို့ တွန်းအားပေးခဲ့သလို အတိတ်ကအဖြစ် အပျက်တစ်ခုကိုလည်း ပြန်အမှတ်ရစေခဲ့ပါတယ်။ ဆောင်းရာသီနဲ့ ပတ်သက်ခဲ့သမျှတွေထဲ အနွေးထည် ဇာတ်လမ်းက ဘဝမှာ မှတ်မှတ်ရရ အဖြစ်အပျက် နေရာမှ ပါဝင်လာတယ်။
...............
ကျွန်တော်ဟာ အခုလိုချမ်းအေးတဲ့ ဆောင်းရာသီရောက်တိုင်း အနွေးထည်လေးတွေကို လိုက်ငေးမိတယ်။ အနွေးထည်လှလှလေးတွေ စတိုးဆိုင်မှာ ချိတ်ဆွဲထားတာတွေ့ရင် ကိုယ်မဝယ်နိုင်လည်း ငေးမောကြည့်မိတယ်။ ကျွန်တော်ဟာ အနွေးထည်ခရေဇီတစ်ယောက်လည်း ဖြစ်ပါတယ်။ အနွေးထည် လက်ဆောင်ရတဲ့အခါ ပျော်ရွှင်တတ်သလို အနွေးထည် လက်ဆောင်ပေးရတဲ့အခါများမှာလည်း ကြည်နူးနေတတ်ပါတယ်။ ကျွန်တော်ဟာ အနွေးထည်ခရေဇီ တစ်ယောက်ဖြစ်ပေမယ့် အနွေးထည် ဝယ်စုဆောင်းခြင်းအမှုကို မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် ဘဝမှာ အနွေးထည်နဲ့ ပတ်သက်တဲ့အမှတ်တရအဖြစ်အပျက်များကို အချိန်တွေ ဘယ်လောက်ကြာကြာ မေ့မရခဲ့ဘူး။ 
...............
ဒီဇင်ဘာကျောင်းပိတ်ရက် တနင်္ဂနွေ အားလပ်ရက်တစ်နေ့မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ကို သွားခဲ့တယ်။ ရန်ကုန်ရောက်တုန်း အဖိုးချိုတဲ့အနွေးထည်များ ရှိရာဆီသွားဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။ စိတ်ကူးထဲမှာရှိတဲ့အတိုင်း ရန်ကုန်ရောက်တော့ ကျွန်တော်ဟာ အဖိုးချိုတဲ့အနွေးထည်လေးတွေ ရှိရာဆီကို ဦးတည်ခဲ့တယ်။

မြို့ပြရဲ့လမ်းတွေဟာ မနက်ပိုင်းမှာ နှုတ်ဆိတ်နေတတ်ပေမယ့် နေ့လယ်ပိုင်းအချိန်မှာတော့ သူတစ်လူ၊ ငါတစ်မင်း ကိုယ့်သီချင်းကိုယ်ဆိုနေကြတယ်။ ကျွန်တော်ဟာသိမ်ကြီးဈေးကိုသွားဖို့ ပန်းဆိုးတန်းမှ ကားမစီးတော့ဘဲ လမ်းလျှောက်သွားရန်သာ ဆုံးဖြတ်လိုက်တယ်။ သိမ်ကြီးဈေးသို့သွားရာ လမ်းတစ်လျှောက် လမ်းဘေးဆိုင်များဆီမှ ကျွန်တော်လိုချင်တာတွေ့ရင်ဝယ်မယ်ဟု စိတ်ကူးထားတယ်။ အခုလိုဆောင်းတွင်းကာလဆို ဘေထုပ်ဟုခေါ်သော အထည်များ စုပုံရောင်းတဲ့ဆိုင်တွေ ပလက်ဖောင်းပေါ်မှာ ပေါများတယ်။ ထိုဆိုင်များမှ မျက်စိလျင်လျင် စိတ်ရှည်ရှည်ရွေးနိုင်ပါက အဖိုးနည်းနည်းနဲ့ အနွေး ထည်ကောင်းကောင်း ရနိုင်တယ်။ ကျွန်တော်ဟာ ကိုယ့်အတွေးနဲ့ကိုယ် သိမ်ကြီးဈေးသို့ တက်တက်ကြွကြွ ခရီးဆက်ခဲ့ပါတယ်။

“ဟော ... တွေ့ပါပြီ”

ပုံပုံစတိုးများ။ စီစီရီရီ။ ပီပီပြင်ပြင်။ လမ်းဘေးပလက်ဖောင်းဟာ သူတို့အတွက်အကောင်းဆုံးဈေးကွက် ဖြစ်နေခဲ့တယ်။ နေခြည်နွေးနွေးအောက်မှာ ငေးသူတွေ ငေး၊ မေးသူတွေ မေး၊ ရွေးသူတွေရွေးနဲ့ ပလက်ဖောင်းဈေးဟာ အလှသွေးတွေ စိုလက်နေတယ်။ အော်သူတွေအော်၊ ခေါ်သူတွေခေါ်နဲ့ ပုံပုံစတိုးများဟာ ပလက်ဖောင်းရဲ့စင်တင်ဖျော်ဖြေရေးတစ်ခုဖြစ်နေတယ်။ ကျွန်တော်လည်း ပုံပုံစတိုးတစ်ခုဆီ ဝင်ရောက်ခဲ့တယ်။

ဒီနှစ်ဆောင်းဟာ ဆောင်းဦးမှာ အအေးဓာတ်ခန်းခြောက်ခဲ့ပေမယ့် ဆောင်းရာသီအလယ်လောက်မှာတော့ ထူးထူးကဲကဲ အအေးပိုနေခဲ့တယ်။ ဒါ့ကြောင့်လည်း အခုလို ပုံပုံစတိုးများ ရောင်းအားကောင်းနေကြတာ ဖြစ်မယ်။ သူ့ထက်ငါ အလုအယက် ရွေးနေကြတယ်။ ဝယ်သူတွေက ဟိုပစ်ဒီပစ် မွှေဖွနေသောကြောင့် အဝတ်ပုံကြီးမှာ ခုန်ဆွခုန်ဆွဖြစ်နေတယ်။
လက်နှေးနေပါက သူများဆီပါသွားနိုင်တဲ့ အခြေအနေ၊ ကိုယ်လိုချင်တာတွေ့ပါက ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရတယ်။ သို့မဟုတ်ပါက မျက်စိအောက်မှာပဲ နောက်တစ်ယောက်က လက်ဦးသွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

အနီရဲရဲအနွေးထည်တစ်ထည်ကို ကျွန်တော်ရွေးချယ်လိုက်တယ်။ မိမိရရဆုပ်ကိုင်ပြီး အင်္ကျီကို လှမ်းဆွဲလိုက်တယ်။ အနွေးထည်လေးဟာ ကျွန်တော့်လက်ထဲသို့ရောက်ခဲ့ပြီ။ သေသေချာချာကြည့်တော့ ကျွန်တော်လိုချင်သောပုံစံများနဲ့ ပြည့်ဝနေခဲ့တယ်။ ရင်ထဲပီတိဖြစ်သွားတယ်။ အင်္ကျီရဲ့ ကျောဘက်ကို လှန်ကြည့်လိုက်တဲ့ အခါမှာလည်း အပေါက်အပြဲ အနာအဆာကင်းတယ်။ adidas ဆိုတဲ့တံဆိပ် (လိုဂို) လေးကလည်း ထင်းထင်းရှားရှားနဲ့ လှနေတယ်။ ကျွန်တော်က ဆိုင်ရှင်ကို ငွေရှင်းရန် အင်္ကျီထိုးပေးလိုက်သော အခါ ...။

“တူလေး ...အဒေါ့်ကို အဲဒီအင်္ကျီလေးပေးပါ”ဘေးနားမှ နီးနီးကပ်ကပ်၊ သေသေချာချာကြားလိုက် ရသောအသံက ကျွန်တော်ရွေးထားသော အင်္ကျီကိုလက်ညှိုးထိုးပြောနေခြင်း ဖြစ်တယ်။ ရုတ်တရက် ကျွန်တော် အံ့ဩသွားတယ်။ ဆိုင်ရှင်ကလည်း အင်္ကျီကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး ဘေးနားမှ မိန်းမကြီးကို တစ်လှည့်ကြည့်လိုက်၊ ကျွန်တော့်ကို တစ်လှည့်ကြည့်လိုက်နဲ့ ဘယ်သူ့ကိုပေးရမှန်း မသိဖြစ်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်း ဘေးနားမှ အမျိုးသမီးကြီးကို ဘုပြောမိလိုက်တယ်။

“အဒေါ် ... ဒီအင်္ကျီက ကျွန်တော်ရွေးထား တာဗျ။ ငွေတောင်ရှင်းတော့မှာ။ အဒေါ်က ကြားဖြတ်ဝင်ပြီး ဘယ်လိုလုပ်လိုက်တာလဲ”
ကျွန်တော့်စကားတို့ အဆုံးမှာတော့ အသက် ၆၀ ကျော်ခန့်ရှိပြီဖြစ်သော ကျွန်တော့်ဘေးမှ အမျိုးသမီးကြီးက သူ့အခက်အခဲကိုပြောပြပါတယ်။

“ဒီအင်္ကျီက အဒေါ့်သားလေးအတွက်ပါကွယ်။ သူအနွေးထည် ပူဆာနေတာကြာပါပြီ။ အဒေါ်လည်း ဈေးကြီးတဲ့ အနွေးထည်ဝယ်မပေးနိုင်လို့ အခုလို ဘေထုပ်အရောင်းဆိုင်ထဲမှာ ဝင်ဝယ်တာပါ။ ငါ့တူ ရွေးထားတယ်ဆိုတာလည်း အဒေါ်မသိပါဘူး။ အဒေါ့် မျက်စိထဲမှာ အဒေါ့်သားလေးအရွယ်ဝတ်မို့ ယူမယ် လို့ပြောလိုက်မိတာပါ။ ပြီးတော့ အဒေါ့်သားလေးကလည်း အနီရောင်ကြိုက်တယ်လေ။ ဒါ့ကြောင့် အဲဒီအင်္ကျီလေး အဒေါ်သဘောကျသွားလို့ပါ။ ငါ့တူကြီး ရွေးပြီးသားဆိုလည်း အဒေါ် နောက်တစ်ထည်ရွေး ဝယ်လိုက်ပါ့မယ်။ ငါ့တူရွေးထားတဲ့ အင်္ကျီ၊ငါ့တူကြီးပဲ ယူလိုက်ပါကွယ်”

ကျွန်တော့်ရင်ထဲ လစ်ဟာသွားတယ်။ ဘာဆက်ပြောရမှန်းမသိတော့။ ရင်ထဲမှာ ဝမ်းနည်းစိတ်မ ကောင်းသလိ ုခံစားလိုက်ရတယ်။ ထိုအမျိုးသမီးကြီးရဲ့ မျက်ဝန်းအိမ်ထဲမှာ မိဘမေတ္တာတွေ ထင်ထင်ရှားရှား ရှိနေတာကို တွေ့လိုက်ရတယ်။ ဒါ့ကြောင့် ကျွန်တော် ရှည်ရှည်ဝေးဝေးမစဉ်းစားတော့ဘဲ အင်္ကျီထုပ်ကိုယူကာ ထိုအမျိုးသမီးကြီးထံ ထိုးပေးလိုက်တယ်။

“အဒေါ့်သားလေးအတွက် အဒေါ်ပဲယူသွား ပါနော်”
ကျွန်တော့်အား ဝမ်းသာဟန်ပြသော အပြုံးများနဲ့ အသိအမှတ်ပြုပြီး ဆိုင်ရှင်အား ငွေရှင်းနေတယ်။ ပြီးတော့ ...
“ငါ့တူကြီးကို ကျေးဇူးတင်ပါတယ်ကွယ် ... ငါ့တူကြီးလည်း မိဘမေတ္တာတွေ အပြည့်အဝ ရနိုင်ပါစေ ...”
 ကျေးဇူးတင်စကား။ မေတ္တာစေတနာထားတဲ့ စကားများပြောပြီး ထိုအမျိုးသမီးကြီးဟာ ပုံပုံစတိုးဆီမှ ကျောခိုင်းသွားတော့တယ်။ ကျွန်တော့်အတွေးတွေကတော့ အနွေးထည်လေးနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြတယ်။

အနွေးထည်ဝယ်ယူသွားသော အမျိုးသမီးကြီး ရဲ့ပုံရိပ်များ ကျွန်တော့်အာရုံထဲ အလိုလိုရုပ်လုံး ပေါ်လာတယ်။ အမျိုးသမီးကြီးဟာ သူ့ကိုယ်သူအနွေး ဓာတ်ရရှိဖို့ကို သတိမမူ။ သူ့သားလေး အနွေးဓာတ်ရဖို့ကိုသာ စိတ်အားထက်သန်နေတာတွေ့ရတယ်။ မိဘတစ်ယောက်ရဲ့ မေတ္တာ၊ မိခင်တစ်ယောက်ရဲ့ စေတနာတွေ ထိုအမျိုးသမီးကြီးထံမှာ အပြည့်အဝ ရှိနေတယ်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းတို့ထက် မိဘရဲ့ မေတ္တာဓာတ်ကို အပြည့်အဝရရှိသူတွေဟာ ကံကောင်းကြသူများဟု ကျွန်တော်ထင်မိပါတယ်။ ဘာ့ကြောင့်ဆို ကျွန်တော့်ဘဝမှာ မိဘနှစ်ပါးစလုံးရဲ့ မေတ္တာကို စောစီးစွာပင်ငတ်မွတ်ခဲ့ရသူမို့ မိဘမေတ္တာကိုမက်မော ဆာလောင်သူဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘမေတ္တာ အပြည့်အဝရပါစေဟု ဆုတောင်းပေးခဲ့သော အမျိုးသမီးကြီးရဲ့ စကားသံတွေဟာ ကျွန်တော့်နှလုံးသားဆီမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်နေခဲ့တယ်။
...............
အခုချိန်မှာ အမေ့ရင်ငွေ့နဲ့ နွေးခွင့်မရတော့ပေမယ့် အမေဝယ်ပေးခဲ့တဲ့အနွေးထည်လေးနဲ့ပဲ နွေးနေရတော့တယ်။ အမေဝယ်ပေးခဲ့တဲ့ အနွေးထည်လေးမှာ အမေ့မေတ္တာတွေ လွှမ်းခြုံနေတယ်ဆိုတာ အကြွင်းမဲ့ယုံတယ်။ ဒါ့ကြောင့် ရာသီတွေဘယ်လို ပြောင်းပြောင်း၊ တစ်ဆောင်းကုန်လို့ တစ်ဆောင်းအသစ်တို့ ဘယ်လိုရောက်ရောက်လာလာ ကျွန်တော်ဟာ အမေဝယ်ပေးခဲ့တဲ့ အနွေးထည်လေးနဲ့ ဆောင်းရာသီမှာ နွေးနေခဲ့ပါတယ်။ 
 
အရင်လူ (တွံတေး)



  • VIA