News

POST TYPE

ARTICLE

ခံတွင်းကင်ဆာကို စောစီးစွာသိရှိနိုင်ခြင်းနှင့် သွားနှင့် ခံတွင်း ကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်း
29-Dec-2019


သွားတွေပျက်စီးခြင်း၊ သွားဖုံးရောင်ခြင်းတို့ကို ကုသဖို့အပြင် သွားနဲ့ခံတွင်း ဆေးခန်းကို မှန်မှန်ပြဖို့လိုတဲ့ နောက်ထပ်အကြောင်းပြချက်လည်း ရှိပါတယ်။ ခံတွင်းကင်ဆာကို စောစောစီးစီး သိရှိနိုင်စေဖို့ရာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ပါးစပ်ထဲမှာ အကျိတ်ရှိသလား၊ နှုတ်ခမ်းမှာလား၊ ပါးမှာလား၊ ခံတွင်းအောက်မှာလား၊ အာခေါင်မှာလား ရှာဖွေရခြင်း ဖြစ်ပါတယ်။ အာခံတွင်းကင်ဆာ ဖြစ်နူန်းဟာ ပျမ်းမျှခြင်း လူတစ်သိန်းမှာလေးဦး ဖြစ်ပါတယ်တဲ့။ တစ်ကမ္ဘာလုံး ဖြစ်နှုန်းကတော့ နေရာလိုက်ပြီး ကွဲပါတယ်။ လူတစ်သိန်းမှာ တစ်ယောက်မှ မဖြစ်တာကနေ လူတစ်သိန်းမှာ ၂၀လောက်က ဒီရောဂါရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အာခံတွင်း ကင်ဆာဟာ ယောကျာ်းတွေမှာ ပိုပြီးအဖြစ်များပါတယ်။ သက်ကြီးတွေဟာလည်း လူငယ်တွေထက်ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ လူမှုစီးပွားအခြေအနေပေါ်ကို မူတည်ပြီးတော့ ဖြစ်ပွားနှုန်း မတူတာလည်း ရှိပါတယ်။ 

ဘယ်အဆင့်မှာ သိရတာလဲဆိုတာက အင်မတန် အရေးကြီးပါတယ်။ စာဖတ်သူတို့ မမြင်နိုင်တဲ့ နေရာတွေကို စစ်ကြည့်နေကြတဲ့ သွားဆရာဝန်များဟာ ဘယ်နေရာမှာ အနီကွက်တွေ ဖြစ်နေလဲ၊ မလိုအပ်ဘဲ ဖြူနေသလားစတဲ့ စဦးပိုင်းလက္ခဏာတွေကို ကြည့်တတ်အောင် သင်ကြားထားကြသူများ ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ်လည်းသိနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ ပါးစပ်နာခြင်း၊ ပါးစပ်ထဲက အဖုမပျောက်တာ အလွန်ကြာခြင်း၊ ပါးစပ်ထဲမှ ကိုက်ခဲခြင်း၊ သွားဖုံးရောင်ခြင်း၊ တံတွေးထဲ သွေးပါခြင်း၊ သွားကျွတ်ခြင်း၊ အသံပြောင်းခြင်း၊ မျိုချဖို့ ခက်ခဲခြင်း စတဲ့ လက္ခဏာတွေက သင်သိနိုင်ပါတယ်။ ဒီလိုပြဿနာမျိုးက သုံးပတ်ထက် ပိုပြီးကြာနေပြီဆိုရင်တော့ ခံတွင်းဆရာဝန်ဆီမှာသွားပြီး စစ်ဆေးပါတော့လို့ အကျိတ်ကုသမှုဆိုင်ရာဥရောပအဖွဲ့အစည်း European Society of Medical Oncology က ဒေါက်တာ ဘရာနိုဘိုင်စရစ်စကီက ပြောကြားပါတယ်။ ပါးစပ်ထဲမှာ အဖုကယောင်ပြီးကြီးလာတာ သာမန်မဟုတ်ဘူးလို့ သူက ပြောပါတယ်။ “ဒီလိုယောင်ရမ်းခြင်းကို လူနာက သိနိုင်ပါတယ်။ လည်ပင်းနဲ့ ချိုင်းကြားမှာလာပြီး အကျိတ် ဖြစ်ပါတယ်။ ဒါကို ပဋိဇီဝဆေးနဲ့ မပျောက်ဘူး ဆိုရင်တော့ သတိထားရမယ်” ဟု ၎င်းက ပြောကြားသည်။ 

ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူများဟာ အာခံတွင်းကင်ဆာ ပိုပြီးတော့ ဖြစ်နိုင်ခြေ ရှိပါတယ်တဲ့။ တို့က အီးစီးကရက်သောက်တာဆိုပြီးလည်း လွတ်မယ် မထင်ပါနဲ့။ သူတို့ထဲမှာ ကင်ဆာကိုဖြစ်စေတဲ့ ကာစီနိုဂျင်စ်တွေ ပါဝင်ပါတယ်။ အရက်၊ ဘီယာသောက်တာ အလွန်အကျွံဆိုရင်လည်း အာခံတွင်းထဲက ဆဲလ်တွေကို ပျက်စီးစေတာပါပဲ။ ဆေးလိပ်နဲ့ အရက်နဲ့တွဲတယ်ဆိုရင်တော့ ဆေးလိပ်ပါ ဓာတ်တွေ၊ ဓာတုပစ္စည်းတွေ အဆိုပါဆဲလ်ထဲ ပိုဝင်ဖြစ်အောင် အရက်က အားပေးတော့တာပါပဲ။ 

အာခံတွင်း ကင်ဆာဖြစ်နှုန်းမှာ အမျိုးသားက အမျိုးသမီးတွေထက် နှစ်ဆပိုများပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်၊ အရက်သောက်ခြင်းဟာ အာခံတွင်း ကင်ဆာနဲ့ ဆက်စပ်တယ်ဆိုတာကို ပြသနေပါတယ်။ ပါးစပ်ကနေတစ်ဆင့်ကူးတဲ့ HPV ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ရှိပါတယ်။ ဒီဗိုင်းရပ်စ်ကို ကိုယ်ခံအားနဲ့ ချေမှုန်းနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ခံအား မကောင်းတဲ့အခါ ဒီဗိုင်းရပ်စ်က ပါးစပ်ထဲမှာ ဒုက္ခပေးတတ်ပါတယ်။ HPV ကို ကာကွယ်တဲ့ ကာကွယ်ဆေးတွေတော့ရှိပေမယ့် ခံတွင်းကင်ဆာဟာ သူတို့ကြောင့် ဖြစ်နိုင်ခြေများ၊ မများကို ကျန်းမာရေးပညာရှင်တွေက အပြည့်အဝ ကောက်ချက်ချနိုင်ခြင်း မရှိသေးပါဘူး။ သွားနဲ့ခံတွင်းကို ပုံမှန်စစ်ဆေးခြင်းဖြင့် ခံတွင်းကင်ဆာကို ကာကွယ်နိုင်ပါစေ။

 ဆရာဆေး


  • VIA