News

POST TYPE

ARTICLE

ကိုယ်ဝန်ဆောင်တွေ ဘယ်လိုမုန့်မျိုး စားသင့်သလဲ
22-Dec-2019


လေးလက်ဝန်ရှိတဲ့အခါ ပါးစပ်ပျက်လို့ အချိုအချဉ်လေးတွေ စားချင်တတ်ပါတယ်။ အစာလည်းဆေးမို့ အာဟာရအုပ်စု သုံးခုစုံလင်အောင် စားသင့်ပါတယ်။ ပရိုတင်း၊ ဖိုက်ဘာအမျှင်နဲ့ ကျန်းမာသောအဆီများ ပါဝင်အောင်စားရမှာ ဖြစ်ပါတယ်။ အခုကျန်းမာရေး အကြံပြုချက်ဆောင်းပါးက ဘယ်လိုအာဟာရမျိုးကို မုန့်ပဲသရေစာအဖြစ် စားသင့်တယ်ဆိုတာ စုဆောင်းအကြံပြု ဖော်ပြပေးမှာ ဖြစ်ပါတယ်။ 

(၁) မုန့်လေးတွေ တစွတ်စွတ်စားနေချင်တဲ့ မေမေလောင်းတွေအတွက် စားလို့လည်းကောင်းမယ့်၊ ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အာဟာရ မုန့်တစ်မျိုးက ပန်းသီးစိတ်များရယ် အနှံတွေနဲ့ လုပ်ထားတဲ့ ဘီစကစ်ပေါ်ကို ပဲထောပတ်ရည်ဆမ်းထားတဲ့မုန့်ပါ။ လုပ်ရတာလည်း လွယ်ပါတယ်။ ပန်းသီးစိတ်လေးတွေရယ်၊ ခရက်ကာလေးတွေရယ်ကို ပန်းကန်ပေါ် ဖြန့်ခင်းပြီးတော့ အပေါ်က Peanut Butter လေး ဆမ်းပေးထားရမှာ ဖြစ်ပါတယ်။ ပါးစပ်ပျက်နေတဲ့ မေမေလောင်းတွေ စားချင်စရာ ဖြစ်သွားပါမယ်။ ကျန်းမာရေးနဲ့မညီတဲ့ ဆီတွေနဲ့ လုပ်ထားတဲ့ Peanut Butter မျိုးမဟုတ်ဘဲ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ပဲထောပတ်ရည်မျိုး ရွေးချယ်ရမှာပါ။ 

(၂) နေ့စဉ်မှာ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းကလည်း စားပေးသင့်ပါတယ်။ ဒါမှ မေမေလောင်းတို့ နဲ့ ဘေဘီလေးတွေ ကယ်ဆီယမ် အလုံအလောက်ရမှာပါ။ ကယ်ဆီယမ် အလုံအလောက် ရတဲ့အခါ အရိုးတွေ၊ သွားတွေကောင်းတယ်ပေါ့။ ဒိန်ချဉ်ဟာ ကယ်ဆီယမ်အပြင် ပရိုတိန်းတွေလည်း ပါဝင်ပါတယ်။ သကြားနည်းတဲ့ သဘာဝဒိန်ချဉ်က ကျန်းမာရေးနဲ့ ပိုညီပါတယ်။ ဒိန်ချဉ်ထဲကို အမျှင်ဓာတ်ရအောင် ဗာဒံအယ်မွန်စေ့၊ သီဟိုဠ်စေ့ ကြိတ်ထားတာလေးတွေ ဖြူး၊ ဘယ်ရီသီး နှစ်သက်ရာလေး စိမ်ပြီးစားမယ်ဆိုရင် အစားအစာ ဂဂျီဂဂျောင်ကျနေတဲ့ မေမေလောင်းတွေ ခံတွင်းလည်းတွေ့၊ ဆေးလည်းဖြစ်မှာပါ။ ကြိုက်တယ်ဆိုရင် ချောကလက်အနက်လေးတွေ ထည့်စားပေးနိုင်ပါတယ်။ 

(၃) ပါးစပ်ကနေ ဝါးနေရတာကို ကြိုက်တယ်ဆိုရင်တော့ မုန့်တစ်မျိုး ညွှန်ချင်ပါတယ်။ အစေ့၊ အဆန်တွေမျိုးစုံကို ရောနှောပေးထားတဲ့ သစ်စေ့ကော့တေးပဲ ဆိုပါတော့။ မေမေတို့နဲ့ ကလေးအတွက် အကောင်းဆုံး အရောအနှောကတော့ ဆားထည့်ထားတာမျိုး မဟုတ်တဲ့ သစ်စေ့သစ်နှံများ၊ သကြားထည့်ထားတာ မဟုတ်တဲ့ သစ်သီးခြောက်များ၊ နို့ထည့်မထားတဲ့ ချောကလက်အနက်များကို ရောထားတဲ့ ကော့တေးလ် ဖြစ်ပါတယ်။ အယ်မွန်စေ့၊ သီဟိုစေ့၊ နေကြာစေ့ စတဲ့ အစေ့အဆန်တွေနဲ့ သစ်သီးခြောက်တွေမှာ အမျှင်ဓာတ်ပေါကြွယ်ဝသမို့ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ တချို့ အဆင်သင့်ရောထားပြီး ရောင်းတာမျိုး ရှိပါတယ်။ စားသင့်တဲ့ အာဟာရမုန့်ပါ။ ပါးစပ်လည်း အလုပ်ရတာပေါ့။ 

(၄) ထောပတ်သီးအနှစ်ကို ဖျော်ရည်လုပ် သောက်လို့ဖြစ်စေ၊ မုန့်ကြွပ်ကြော်နဲ့ တို့စားတဲ့ အနှစ်လုပ်လို့ဖြစ်စေ လုပ်စားတာ စားလို့လည်းကောင်း အာဟာရလည်း ပြည့်ဝစေပါတယ်။ ငှက်ပျောခြောက် ဒါမှမဟုတ် ကန်စွန်းဥခြောက်ကို ထောပတ်သီးနဲ့ လုပ်ထားတဲ့ ဟင်းအနှစ်ထဲကို တို့တို့ပြီး စားရတာ အပျင်းလည်းပြေတဲ့ မုန့်ဖြစ်ပါတယ်။ ထောပတ်သီး မကြိုက်တဲ့အခါ ပဲနဲ့လုပ်ထားတဲ့ အနှစ်တစ်မျိုး ဆိုရင်လည်း အာဟာရပြည့်ဝတာပါပဲ။
အပျင်းလည်းပြေ။ အာဟာရလည်း ပြည့်ဝပါစေ။

  ဆရာဆေး



  • VIA