News

POST TYPE

ARTICLE

တူညီခြင်းတွေထဲက မတူညီခြင်းများ
17-Dec-2019


 ( ၁ )

ညနေစောင်းပြီဆို လှည်းတန်းသည် ကြက်ပျံမကျ စည်ကားလာပါသည်။ ကားလမ်းမကို ဖဲ့ေြွခကာ အခိုင်အမာနေရာယူသော ဆိုင်တန်းများကို နေရာ အနှံ့တွေ့ရလေပြီ။ အဆိုပါဆိုင်ခန်းများမှ အနံ့အသက်များ။ အသံဗလံများကြောင့် အင်းစိန် - လှည်းတန်း လမ်းမကြီးခမျာ အသက်ရှူကျပ်နေရှာ၏။ ကျွန်တော် သည် လှည်းတန်းကို ဖြတ်ကျော်ရလေတိုင်း ထိုသို့နာကျင်ကြေကွဲနေသော လှည်းတန်းလမ်းမကြီး၏ ရှိုက်သံသဲ့သဲ့ကို ကြားရလေ့ရှိ၏။ တစ်ခါတစ်ရံ သူ၏ ရှိုက်သံသည် လမ်းဘေးဈေးသည်များ၏ အသံများ နှင့် ထွေးရောယှက်တင် ဖြစ်သွားရ၏။ 

လှည်းတန်းကို ကျွန်တော် မကြာမကြာ ရောက်တတ်၏။ လှည်းတန်း - ဦးထွန်းလင်းခြံလမ်းရှိ စာအုပ်ဆိုင်များက ကျွန်တော့် နှလုံးသား အာဟာရ ဖြည့်ဆည်းရာ ဘုံဗိမာန်များပဲ ဖြစ်၏။ သူတစ်ပါးကို သင်ကြားရန် အတွက်သော်လည်းကောင်း။ ကိုယ့်ကိုယ်ကိုယ် သင်ကြားရန်အတွက်သော်လည်းကောင် ကျွန်တော်သည် လှည်းတန်းသို့ ရောက်ဖြစ်ပါသည်။ တစ်ခါတလေနယ်မှ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်ဝယ်ပေးရသည့်အခါ လှည်းတန်းရှိ အင်းဝ၊ စာပေ လောက၊ ရာပြည့်၊ စာပေဟင်းလေးအိုးနှင့် စိတ်ကူးချိုချိုတို့သို့ ပြေးရပါသည်။ ဆိုရလျှင် လှည်းတန်းသည် ကျွန်တော်၏ ငယ်ပေါင်းကြီးဖော် မဟုတ်သော်လည်း မိတ်ကောင်း ဆွေမွန်ပင် ဖြစ်၏။ 

ကျွန်တော် လှည်းတန်းရောက်တိုင်း လမ်းမပေါ်က ဘဝများကို ဂရုတစိုက်လေ့လာဖြစ်၏။ အသားကင်ဆိုင်၊ ငါးဆိုင်၊ အသုပ်ဆိုင်၊ စုံလို့၊ ဆိုင်ကြီးခန်းကြီး များပမာ အကြီးအကျယ်နေရာယူလို့။ လူသွားစရာလမ်းပင် အတော်လေး ပျောက်လုမတတ် ဖြစ်နေ၏။ ဆိုင်ခန်းတွေ စုံလာသော်လည်း လွန်ခဲ့သော ၁၀ နှစ်လောက် ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝက တွေ့ရှိခဲ့ရသော လမ်းဘေး စာအုပ်ဆိုင်လေးတွေကတော့ ကွယ်ပျောက်သွားခဲ့ရှာ၏။ ပျောက်ဆုံးသွားသော စာအုပ်ဆိုင်လေးတွေကို ကျွန်တော် လွမ်းဆွတ်မိတာ အမှန်ပါ။

 ( ၂ )

‘Mytel Sim Card တစ်ကတ် ၃၀၀၊ အင်တာနက် 1 GB ၊ ဘောနက်စ် ဘေတစ်ထောင်’ စပီကာမှ အဆိုပါ ကြော်ငြာကြောင့် ကျွန်တော်၏ ခြေလှမ်းများ တုံ့သွားခဲ့ရ၏။ အင်တာနက်အသုံးများ တတ်သော ကျွန်တော့်အဖို့ မဟာအခွင့်အရေးပင် မဟုတ်လား။ ဖေ့စ်ဘွတ်ခ်ပေါ်မှ ဘောလုံးပွဲ။ လက်ဝှေ့ပွဲ၊ သီချင်း၊ သတင်းများ ကြည့်လေ့ရှိသော ကျွန်တော်သည် မကြာခဏ Data ဝယ်ရ၏။ Operator မှ ဝယ်ယူသည့်အခါ 1 GB ကို ကျပ်တစ်ထောင်နီးပါး ပေးရတတ်၏။ ထို့ကြောင့် အင်တာနက်သုံးဖို့ Data ရောင်းသည့် Sim card များကို ဝယ်သုံးဖြစ်၏။ ယခု 1 GB ကိုမှ ၃၀၀ ကျပ်ဆိုသတတ်။

‘ညီလေး Data ပါတာ သေချာလား’
‘ဟုတ်ကဲ့အစ်ကို’
အသက် ၂၀ ကျော်မျှလောက်သာ ရှိသေးသည့် လူငယ်တစ်ဦး။ ဘဝဝမ်းရေးအတွက် လမ်းမပေါ်မှာ ရှင်သန်ရဲသောသူ၏သတ္တိကို ကျွန်တော်ချီးကျူးနေမိ၏။
‘ဒါဆို အစ်ကို့ဖုန်းထဲ ထည့်ပြီး တစ်ပါတည်း စမ်းပေးကွာ’ ဆိုတော့ အဆိုပါလူငယ်လေးသည် ဖြန့်ခင်းထားသော Sim Card များထဲမှ မဟုတ်သော သီးသန့်စက္ကူဘူးဖာထဲမှ Sim Card တစ်ခုကို ထုတ်လိုက်၏။ ကျွန်တော် တအံ့တဩဖြစ်သွား၏။ အများပြည်သူကို ခင်းကျင်းပြသထားသော Sim Card များထဲမှ မဟုတ်ဘဲ မခင်းကျင်းထားသော Sim Card ကို စမ်းသပ်ပြတော့မည်။ Sim Card ကို ဖွင့်ဖောက်ရင်း သူ၏ ဖြည့်စွက်စကားကြောင့် ကျွန်တော် ပို၍ အထိတ်တလန့် ဖြစ်သွားရ၏။

“အစ်ကို ဒါကတော့ တစ်ကတ် ၆၀၀။ သူက သေချာတယ်”
“ဟာ၊ အစောက ကြော်ငြာတာ တစ်ကတ် ၃၀၀ ဆို၊ အင်တာနက် 1 GB ကို ၃၀၀ ဆို၊ ဘောနက်စ် ၁၀၀၀ လည်း ပါတယ်ဆို”
ထိုမျှ ပြောပြီး ကျွန်တော်လှည့်ထွက်ခဲ့၏။ ထင်မှတ်မထားသော လုပ်ရပ်ကြောင့် ရင်ထဲမှာ မွန်းကျပ်လာ၏။ လှည်းတန်းလမ်းမကြီးသည် ထိုသို့ အရိပ်နေ အခက်ချိုးသူတို့ကြောင့် ပိုလို့ နာကျင်နေမိပေလိမ့်မည်။ ကျွန်တော် သူ့နေရာက ဝင်ရောက်ခံစားပေးလိုက်တော့ ကျွန်တော့်ဝေဒနာ သက်သာသွား၏။ ကိုယ်မကျူးလွန်သော အမှုအတွက် အမည်ဖျက်ခံနေရရှာသော လှည်းတန်လမ်းမကြီးအတွက် ကျွန်တော်များစွာ စိတ်မကောင်း ဖြစ်မိ၏။ 

( ၂ )
“အစ်ကို အုန်းသီးက ဘယ်လိုရောင်းတာလဲ”
“တစ်လုံး တစ်ထောင်ပါဗျ”
ကျောင်းကအပြန် ဂန္ဓမာဆောင်ရှေ့ရောက်တော့ လေးဘီးတွန်းလှည်းဖြင့် အုန်းသီးစိမ်းရောင်းနေသည်ကို တွေ့ရသဖြင့် စက်ဘီးကို ရပ်ပြီး မေးလိုက်မိ၏။ အိမ်အပြန်၌ ကျွန်တော့်ဇနီးသည်အတွက် အုန်းရည်ချိုချိုလေး ပါသွားချင်စိတ်ဖြစ်မိ၏။ အုန်းသားက နုနုထွေးထွေး၊ အုန်းရည်က ချိုမြမြ၊ ဇနီး သိပ်ကြိုက်မှာကို ကျွန်တော်သိ၏။ သို့နှင့် ကျွန်တော်သည် အုန်းသီးတစ်လုံးမှာလိုက်၏။

“ညီလေးက ဒီလှိုင်နယ်မြေထဲကပဲလား”
“ဟုတ်ကဲ့”
“ဒါဆို ဒီက ဆရာမကို အရင်လုပ်ပေးလို့ ရမလား” 

ကျွန်တော်နှင့် မရှေးမနှောင်းဆိုသလို ရောက်လာသည့် ဆရာမတစ်ဦး၊ အသက် ၄၀ ကျော်လောက်ရှိမည်။ အဖြူအစိမ်းကို တွေ့လိုက်ရုံဖြင့် ကျွန်တော်၏ အသွေးအသားက ဆွေမျိုးရင်းချာကဲ့သို့ ခံစားလိုက်ရ၏။ ဆရာမသည် အုန်းသီး နှစ်လုံး မှာယူလိုက်၏။ အိမ်အတွက်ပင် ဖြစ်ပေလိမ့်မည်ဟု ကျွန်တော် တွေးလိုက်မိ၏။ ၅ မိနစ်လောက်ကြာတော့ ဆရာမသည် သူ၏ အုန်းရည် ပါဆယ်၂ ထုပ်ကို ယူပြီး ပြန်သွားတော့၏။ ဆိုင်ရှင်အမျိုးသားသည် ကျွန်တော့်အတွက် အုန်းသီးပုံထဲက သင့်တော်မည့် အုန်းသီးကို ရှာပေး၏။ အလုံးခပ်ကြီးကြီး တစ်လုံးကို စဉ်းတီတုံးပေါ်တင်လိုက်၏။ ဓားကို ဆလိုက်၏။

‘ဒုတ် ဒုတ် ဒုတ်’
လက်တစ်ဖက်က ဓားကို တရစပ်ခုတ်ပြီး ကျန်လက်တစ်ဖက်က အုန်းသီးကို လှည့်ပေး၏။ ထက်မြသော ဓားအရောင်က ပြောင်လက်နေ၏။ ဓားခုတ်လိုက်တိုင်း ကျွန်တော် ရင်တုန်မိ၏။ ဓားပိုင်ရှင်ကမူ တည်ငြိမ်အေးဆေးလျက်ရှိ၏။ ဘဝက သင်ပေးလိုက်သော သူ၏ ကျွမ်းကျင်မှုကို ကျွန်တော်ချီးကျူးမိ၏။ 

အုန်းသီးထိပ်ပိုင်းကို ခုတ်ဖြတ်ပြီး အိတ်စွပ်ထားသော ပုံးထဲ လောင်းချလိုက်၏။ ထို့နောက် ဖင်ပိုင်းကိုပါ ခုတ်ဖြတ်လိုက်၏။ နှစ်ဖက်ပွင့်အနေအထားကို ထက်ခြမ်းပိုင်းလိုက်ရာ အုန်းသားနုနုဖွေးဖွေးကို တွေ့လိုက်ရ၏။ ဇွန်းခွက်ဖြင့် အုန်းသားကို ခြစ်ယူလိုက် ၏။ ထိုအုန်းသားတွေကို အိတ်ထဲထည့်၏။ ထို့နောက် အုန်းရည်အိတ်ကို စည်းရန် ဆွဲမလိုက်ရာ အိတ်မှာ ဘယ်အချိန်ကတည်းက ပေါက်နေမှန်းမသိသဖြင့် အုန်းရည်အချို့ မြေပေါ်သို့ ဖိတ်စဉ်သွား၏။ ပုံးထဲ အလျင်အမြန် ပြန်ထည့်လိုက်နိုင်သဖြင့် အနည်းငယ်သာ အလေအလွင့် ဖြစ်သွား၏။
“ညီလေးရေ၊ အစ်ကို အားနာတယ်ကွာ။ အုန်း သားစားဖို့ အစ်ကို ပေးလိုက်မယ်။ နောက်နေ့မှ လာခဲ့ကွာ။ ဒီနားမှာပဲ ရှိတယ်”

“နေပါစေအစ်ကို။ ဖိတ်တာက နည်းနည်း လေးပါပဲ။ ပုံးထဲက အရည်ပဲ အိတ်အသစ်ထဲ ထည့်ပေးလိုက်ပါ”

“ဒီမှာကြည့် ပုံးထဲမှာ အမှုန်တွေနဲ့ ရောကုန်ပြီ။ ဒါကြောင့် မယူသွားနဲ့တော့။ နောက်နေ့မှ အစ်ကို ကောင်းကောင်းလေးပေးမယ်။ ကျန်အလုံးတွေက နုလွန်းသေးတော့ နည်းနည်း ချဉ်နေလိမ့်မယ်။ ရော့... ရော့ ...”

ကျွန်တော့် အိတ်ကပ်ထဲသို့ ငွေတစ်ထောင် အတင်းပြန်ထည့်ပေး၏။ ကျွန်တော် ဘယ်လိုမှ ငြင်းမရခဲ့ပေ။ ကျွန်တော့်ဘက်က လိုလိုလားလား တောင်းဆိုသည်ကိုပင် မရောင်းသောသူ့ကို ကျွန်တော် တအံ့တဩ ဖြစ်ရပြန်၏။ ကျွန်တော်၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းမယူသော သူ့ကို ကြည်ညိုမိ၏။ ထို့ပြင် မိမိ၏ ပစ္စည်းအရည်အသွေးကို အာမခံတတ်သော သူ့ကို ကျွန်တော် သဘောကျမိ၏။ သူ၏ ဘဝကို ရိုးသားစွာ ရှင်သန်နိုင်ခြင်းအပေါ် ကျွန်တော် ပိုလို့ လေးစားမိပါ၏။ သူသည် ကျွန်တော့်အားဘဝနေနည်းကို လမ်းပြခဲ့သည်ဟု ခံစားနေမိ၏။ နောက်တစ်နေ့မှာ သူ့ဆိုင်သို့ ကျွန်တော် မဖြစ်မနေသွားကာ သွားရောက် အားပေးဦးမည်ဟု စိတ်ပိုင်းဖြတ်မိ၏။ ကျွန်တော့် မိတ်ဆွေများကိုလည်း သူ့ဆိုင်လေးသို့ ညွှန်းပေးမိမည်မှာ အမှန်ပင် ဖြစ်၏။

( ၄ )
ကျွန်တော်သည် ဘဝခရီးသည်ပီပီ ခရီးလမ်းများစွာကို သွားရလာရ၏။ ခရီးသွားရင်းလာရင်း ဘဝခရီးဖော်များနှင့် ထိတွေ့ရပါသည်။ ထိုအခါ ဘဝကို ပုံဖော်ထုဆစ်ကြပုံချင်း မတူကွဲပြားကြသည်တို့ကိုလည်း သိရှိလာရ၏။ တစ်ပါးသူတို့၏ ဘဝဆောက် တည်ပုံများကို သတိထားလေ့လာရင်း ကျွန်တော်သည်လည်း မိမိဘဝကို ဘယ်လိုဘယ်ပုံ ထုဆစ်ပုံဖော် သွားမလဲဆိုတာ သတိပြုမိလာရတော့သည်။ 

ဪသာ် ဘဝချင်း တူသော်လည်း အလှချင်းတော့ မတူပေတကား။ 

 ကိုကိုလင်း (အမေ့အိမ်)


  • VIA