News

POST TYPE

ARTICLE

ယောကျာ်းတို့အတွက် ဆေးမလိုစေတဲ့ အကြံဉာဏ်
15-Dec-2019


ယောကျာ်းတွေရဲ့ ဟိုဟာဒီဟာ ဆန္ဒနဲ့ ခွန်အားကို ဖြစ်စေတဲ့ တက်စ်တိုစရုန်းဆိုတဲ့ ဟော်မုန်းအကြောင်း ကြားဖူးမှာပေါ့ဗျာ။ အဲဒီဟော်မုန်းကျဆင်းတယ်ဆိုရင် ဆန္ဒခွန်အား အားနည်းတာတို့၊ ဘာလို့ ဖြစ်တတ်သတဲ့။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အမေရိကမှာ အမျိုးသားကျန်းမာရေး နဲ့ပတ်သက်ပြီး သုတေသနတွေ လုပ်ခဲ့တော့ ထူးခြားတဲ့ တွေ့ရှိချက်တစ်ခု မြင်ခဲ့ရပါတယ်။ အမျိုးသားများရဲ့ အဆိုပါဟော်မုန်းအဆင့်ဟာ နှစ်စဉ်တစ်ရာခိုင်နှုန်းစီလောက် ကျလာနေတယ်လို့ ကျန်းမာရေးဂျာနယ်တစ်စောင်က သုတေသနအခြေခံပြီး သတိပေးလိုက်ပါတယ်။ 

တက်စ်တိုစရုန်းဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာလေ့ရှိပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက်က အဆီတွေဟာ အဆိုပါဟော်မုန်းကို ပိုပြီးကျဆင်း စေတယ်လို့ ဆိုပါတယ်။ ပလတ်စတစ်အသုံးအဆောင်တွေကထွက်တဲ့ ဘီပီအေ ဓာတ်သတ္တိနဲ့ ဆီးချိုပုံစံ ၂ ကလည်း အမျိုးသားတွေရဲ့ လိင်ဆန္ဒခွန်အား ဟော်မုန်းကို သက်ရောက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါဟော်မုန်းတွေ ကုသရလောက်တဲ့အဆင့်အထိ ကျဆင်းတဲ့အခါ အမျိုးသားတို့ဟာ သန္ဓေအောင်မှု၊ လိင်ဆန္ဒခွန်အား စတာတွေ လျော့ပါးဆုံးရှုံး ရတတ်ပါတယ်။ အရိုးသိပ်သည်းဆလည်း ကျသွားပြီး မောခြင်း၊ အာရုံစိုက်ရခက်ခြင်းတို့ကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ဒီလိုအချိန်မှာ ဟိုဟိုဒီဒီ မြှူဆွယ်ယုယ နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုကို ရယူတာကောင်းတယ်လို့ Reader’s Digest ကျန်းမာရေးကဏ္ဍမှာ ဆောင်းပါးရှင်က အကြံပြုထားပါတယ်။ ဆေးကုမ္ပဏီ တွေကတော့ ဒီလိုအခြေအနေမျိုးမှာ ဈေးရောင်းတော့ တာပါပဲ။ ဟော်မုန်းကျဆင်းရင် ဘယ်လိုဆေးဝါးတွေ ရှိတယ်ဆိုတာ ကြော်ငြာပြီး ရောင်းတော့တာပေါ့။ စိတ်ဆန္ဒအင်အား တိုးတက်ထွန်းကား ပြန်လည်ခေါင်း ထောင်ချင်ကြသူ အမျိုးသားတို့က ဟော်မုန်းဆေးတွေ ဝယ်ယူအားပေးကြတော့တယ်။ 

တက်စတိုစရုန်း ဟော်မုန်းအားကောင်းဆေးတွေဟာ ဟော်မုန်းတိုးတက်လာတာတော့ ဟုတ်ပါရဲ့။ အမျိုးသားတို့ နှလုံးတိုက်ခိုက်မှု Heart Attack ရနိုင်ခြေလည်း တက်လာတယ်လို့ ဆိုပါတယ်။ သွေးစီးကြောင်းထဲမှာ အနီရောင်သွေးဆဲလ်တွေ များလာစေပြီး ဝှေးဥကလေးတွေကိုလည်း ကျုံ့သွားနိုင်တယ်လို့ သုတေသနတွေက သတိပေးထားပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဌာန FDA အဆိုပါ ဟော်မုန်းြွကစေတဲ့ ဒိန်းမတ်ဖြစ်စေတဲ့ ဆေးတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။ ဒါတောင် သူတို့နိုင်ငံတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ ဝယ်သောက် နေကြတာနော်။ ဆရာဆေးတို့ နိုင်ငံမှာတော့ ကွမ်းယာဆိုင် တချို့မှာတောင် သွားဝယ်လို့ရတဲ့ အဆိုပါဆေးတွေ အများကြီးပါ။ သတိချပ် ဆင်ခြင်စရာ ကောင်းလှပါတယ်။
 
ဆေးဆိုင်ပြေးပြီး တစ်ပွဲတိုး ဖြေရှင်းခြင်းထက် အမျိုးသားတို့ဟာ သဘာဝနည်းတွေနဲ့ အဆိုပါ ဟော်မုန်းတက်လာအောင် လုပ်ဆောင်သင့်တယ်လို့ ကျန်းမာရေးကဏ္ဍဆောင်းပါးရှင် ဂျွန်လာပူးမားက New York Times သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။ မလိုတဲ့ အဆီတွေ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို လျှော့ချခြင်းဟာ ဟော်မုန်းပြန်လည်ရရှိဖို့အတွက် အထောက်အကူပြုပါတယ်။ အဝလွန်နေတဲ့ အမျိုးသားဟာ ကိုယ်အလေးချိန် ၁၇ ပေါင် ကျဆင်းသွားတိုင်း တက်စတိုစရုန်း အဆင့် ၁၅ ရာခိုင်နှုန်းတက်သွားတယ်လို့ ၂၀၁၂ Endocrine  ဆေးပညာရှင်များ ညီလာခံမှာ စာတမ်းတင်သွင်းထားပါတယ်။ အမျိုးသားခွန်အားကို အကျိုးပြုစေတဲ့ အာဟာရတွေကိုလည်း စားသုံးသင့်လှတယ်။ အရက်အလွန်အကျွံ သောက်သုံးခြင်းဟာ တက်စတို စရုန်းအဆင့်ကို ကျဆင်းစေတယ်ဆိုတာ မမေ့ပါနဲ့ဗျို့။ ပြည့်ဝတဲ့အာဟာရကို စားသုံးခြင်းဟာ စိတ်ဆန္ဒနဲ့ စွမ်းအင်ကို အကျိုးရှိစေပြီး အမျိုးသားတို့ လိုအပ်ချက်ကို ဆေးမကူဘဲ ဖြေရှင်းနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတဲ့ ဆေးတွေကို ဘာဖြစ်လို့များ ဖက်တွယ်နေမလဲ။ ပြေးပြေးလွှားလွှား၊ စားစားသောက်သောက်နဲ့ တကယ့်ကျားတွေ ဖြစ်နိုင်တာပဲ။
ပျော်ရွှင်ကြပါစေ။

■ ဆရာဆေး


  • VIA