News

POST TYPE

ARTICLE

မြန်မာပြည် နိုင်ငံတကာတရားရုံးရောက်သွားခြင်းအတွက် သင်ခန်းစာ
15-Dec-2019


တကယ်တော့ သည်ပွဲက ကျွန်တော်တို့တစ်တွေ မပြိုင်မီက ရှုံးနှင့်ပြီးဖြစ်သည်။ တရားမစွဲမီကပင် ကျွန်တော်တို့တစ်တွေ ရှုံးနှင့်ပြီးသား ဖြစ်သွားသည်။ 

ဆွေးနွေးပွဲတစ်ခုတွင် ပြောခဲ့သောမြန်မာပြည်မှ စာရေးဆရာ တစ်ဦး၏စကားကို ကိုးကားလိုပါသည်။ 

“ကျွန်တော်တို့နိုင်ငံသားတွေ အရင်ကဆိုရင် အာဏာရှင်ကို နည်းပေါင်းစုံနဲ့ ခုခံတော်လှန်တဲ့လူတွေအဖြစ် ဂုဏ်ရှိပါတယ်။ အခုတော့ ကိုယ်နဲ့မတူတဲ့ လူအုပ်စုတွေကို အမုန်းတရားထားတဲ့၊ သေကျေဖျက်ဆီး လိုတဲ့လူတွေအဖြစ် ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရပါပြီ” ပြီးခဲ့သည့်လက ဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ခြင်းဖြစ်သည်။ 

ကျွန်တော်ဖြတ်သန်းခဲ့သော အလုပ်ဘဝတစ်လျှောက်တွင် ထိုနည်းတူ ကြုံခဲ့ရသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် ဖြတ်သန်းခဲ့သော မျိုးဆက်အတွက် ဂုဏ်ယူစရာအခိုက်အတန့်တစ်ခု ဖြစ်သည်။ ရှေ့တန်းက ဆန္ဒပြကြွေးကြော်ခြင်း မလုပ်ခဲ့သော်လည်း သတင်းစာသမားတစ်ယောက် လုပ်ရမည့်အလုပ်ကို ကောင်းမွန်စွာလုပ်နိုင်ခဲ့သည်။ ထိုခေတ်က ကိုယ်လုပ်သည်ဆိုသော ကြွေးကြော်ကြေညာ၍ရသောခေတ်မဟုတ်သဖြင့် ကိုယ်တွေ လုပ်သည်ဟု လူအများသိသောကိစ္စလည်း မဟုတ်ခဲ့ပါ။ အများသိအောင် ပြော၍ရလည်း မပြောချင်လှပါ။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရန်ကုန်မြို့လယ် လမ်းကျဉ်းလေးတစ်ခုရှိ အင်တာနက်ကဖေးဆိုင်လေးကို အခြေပြုရင်း တိတ်တဆိတ် ကိုင်လှုပ်ခဲ့သောကိစ္စလေးမျှသာ ဖြစ်ပါသည်။ 
နာမည်ကျော် ကမ္ဘာ့သတင်းမီဒီယာအချို့အပါအဝင် ပြည်ပရောက် မြန်မာသတင်းမီဒီယာအချို့တွင် ထိုကိစ္စကို တော်တော်ပြန်ပြောကြသဖြင့် ကိုယ်တွေလက်တံ မည်မျှအထိ ရောက်သွားသည်ကိုတော့ မှန်းဆမိသည်။ 

ထိုစဉ်က မြန်မာနိုင်ငံသားတွေသည် ဂုဏ်ယူစရာလူထု ဖြစ်ခဲ့သည်။ အာဏာရှင်ကို ဆန့်ကျင်တော်လှန်သော သတ္တိရှိသောလူထု၊ မတရားမှုကို အာခံတော်လှန်ရဲသောလူထုအဖြစ် ဂုဏ်ယူစရာဖြစ်ခဲ့သည်။ 

၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာအပြီး ပိုဂုဏ်ယူစရာဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့မီဒီယာစင်မြင့်ပေါ်တွင် ကောင်းသတင်းများဖြင့် ပိုနေရာရလာသည်။ 

နှိပ်စက်တတ်သောအာဏာရှင်အစိုးရအကြောင်း နှစ်ပေါင်းများစွာပါခဲ့သော ကမ္ဘာ့မီဒီယာများပေါ်တွင် မြန်မာလူထု၏ ဒီမိုကရေစီအရေး တွန်းလှန်မှု၊ ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံတစ်ခု ထူထောင်ရေး လူထုမျှော်လင့်ချက်တို့ ပိုမိုအသားပေးဖော်ပြလာသည်။ စီးပွားရေးပွင့်လန်းလာမှု၊ ခရီးသွားလမ်းပန်းပွင့်လန်းလာမှုတို့အကြောင်း အလေးပေးရိုက်ကူး ထုတ်လွှင့်လာကြသည်။ 
အချို့သော အာဆီယံနိုင်ငံများတွင် ဒီမိုကရေစီယုတ်လျော့လာချိန်တွင် မြန်မာနိုင်ငံမှာ မျက်နှာအတန်အသင့် ပွင့်လန်းသောနိုင်ငံ ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် အနိုင်ရလိုက်သောအခါ မြန်မာပြည်ဟာ စိန်ခေါ်မှုတွေ ရှိနေသေးပေမယ့်လည်း လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ယုံကြည်ခဲ့ကြသည်။ အာဏာရှင် အမှောင်ခေတ်မှလွတ်မြောက် ရာလမ်းကြောင်းတစ်ခုပေါ်သို့ တက်လှမ်းသွားပြီဟု ယုံကြည်ခဲ့ကြသည်။
 
ကိုယ်တိုင်လည်း ထိုသို့ပင်ယုံကြည်ခဲ့ကြသည်။ နိုင်ငံတကာမှဧည့်သည်များနှင့် ကြုံရတိုင်း မြန်မာပြည်အတွက် ချီးကျူးစကားများ၊ အားရသံများဖြင့် ပြည့်နှက်နေသည်။ အာဆီယံမှမိတ်ဆွေများနှင့် တွေ့တိုင်းအားကျသံများ ကြားရသည်၊ အားကျသည့် မျက်ဝန်းများနှင့် ဆုံရသည်။ 

သို့သော် ဦးသိန်းစိန်အစိုးရလက်ထက် ဖြစ်ပွားခဲ့သောအရေးအခင်း၊ ၂၀၁၇ ခုနှစ်တွင် ဘင်္ဂါလီကိစ္စတို့ ကြုံပြီးနောက်ပိုင်း မြန်မာပြည်အပေါ် အမြင်က တစ်မျိုးပြောင်းသွားတော့သည်။ 
ထိုအရေးအခင်းများအပေါ် အစိုးရနှင့် တပ်မတော်တို့က ကိုင်တွယ်ဆောင်ရွက်ပုံကိုသာမက မြန်မာလူထုအများစု၏ အမုန်းစကားများ အကြောင်းမှာလည်း နိုင်ငံတကာသို့ ပျံ့နှံ့သွားသည်။ တယ်လီဖုန်းဆင်းကတ်များ လွယ်လင့်တကူဝယ်နိုင်လာခြင်းနှင့်အတူ Facebook ပလက်ဖောင်းသည် မြန်မာတို့အတွက် အင်တာနက်သဖွယ် ဖြစ်သွားပြီး နှုတ်ယဉ်၊ လက်ယဉ်သူတို့အတွက် အမုန်းစကားများ ဖြန့်ချိ၊ ပွင့်အံရာနေရာကြီး ဖြစ်သွားတော့သည်။ 

နိုင်ငံပြင်ပသို့ ခရီးထွက်တိုင်း “မင်းတို့ဆီမှာ မွတ်စလင်တွေ ဘယ်လိုလဲ”၊ “ဒေါ်အောင်ဆန်းစုကြည်ကကော ဘယ်လိုဖြစ်သွားတာလဲ”၊ မေးခွန်းအကြိမ်ကြိမ် အထုတ်ခံရတော့သည်။ 
နောက်ဆုံးတော့ အားလုံးသိကြသည့်အတိုင်း အာဖရိကက နိုင်ငံတစ်ခုဖြစ်သော ဂမ်ဘီယာက မြန်မာကို နိုင်ငံတကာတရားရုံးတွင် တရားစွဲတော့သည်။ ဂျီနီုဆိုက်ဟုခေါ်သော လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုဖြင့် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာတရားရုံး (ICJ) တွင် တရား စွဲဆိုခဲ့ခြင်းဖြစ်သည်။ 

မြန်မာစစ်တပ်က အရေးအခင်း နှိမ်နင်းရန်ဟုဆိုကာ အင်အားကြီးမားသည့် စစ်တပ်ကို အသုံးပြုခြင်း၊ ထိုသို့ အသုံးပြုရာတွင်လည်း စနစ်တကျ အင်အားစုစည်းခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်၊ ကလေးငယ်များကိုသတ်ခြင်း၊ နယ်မြေရှင်းလင်းရေးမလုပ်မီနှင့် လုပ်နေစဉ် ကာလအတွင်း မြန်မာအရာရှိများနှင့် အခြားသူများက ဘင်္ဂါလီများအပေါ် စော်ကားနှိမ့်ချ လူမျိုးရေးခွဲခြားသည့်စကားများ ကျူးလွန်ခြင်း၊ နိုင်ငံသား ဥပဒေနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တို့တွင် ခွဲခြားဆက်ဆံသည့် အစီအမံများဖြင့် ရခိုင်ပြည်နယ်ရှိလူဦးရေပုံစံ ပြောင်းလဲသွားအောင် ပြုလုပ်ခြင်း၊ ဘင်္ဂါလီတို့အပေါ် အများပြည်သူအကြား အမုန်းတရားပွားခြင်း၊ မထိမဲ့မြင်ပြုခြင်းတို့အပေါ် အစိုးရပိုင်းက တားမြစ်မှုမရှိခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစိုးရက စုံစမ်းစစ်ဆေးအရေးယူရန် ပျက်ကွက်ခြင်းတို့မှာ လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက်စေတနာ (Genocide Intent) ရှိကြောင်း တရားလိုဘက်မှ ရှေ့နေများက တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့သည်။ 

မြန်မာဘက်ကမူ အချက်အများစုကို ငြင်းဆိုခြင်းမပြုဘဲနောက်ဆုံး အချက်ဖြစ်သော အစိုးရကစစ်ဆေးအရေးယူရန် ပျက်ကွက်သည်ဆိုသည့် အချက်ကိုသာ အလေးပေးငြင်းဆိုခုခံကာ လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက် စေတနာမြောက်၊ မမြောက်ဆိုသည့် အချက်ကိုသာခုခံချေပသွားခဲ့သည်။ မြန်မာအစိုးရနှင့် တပ်မတော်အနေနှင့် အရေးအခင်းအတွင်း ဖြစ်ပွားခဲ့သော ကျူးလွန်မှုများအတွက် မည်သို့အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ မည်သို့ စစ်ဆေးအရေးယူ ဆောင်ရွက်နေကြောင်းကို အလေးပေး ခုခံချေပသွားခဲ့သည်။ ထွက်ပြေးသွားရသော ဘင်္ဂါလီများ ပြန်လာနိုင်ရေး မည်သို့စီမံဆောင်ရွက်နေကြောင်း၊ မတူညီသော အသိုင်းအဝိုင်းတို့အကြား ပြန်လည်သင့်မြတ်ရေးမည်သို့ ဆောင်ရွက်နေကြောင်း ဦးတည်ဖြေရှင်းသွားခဲ့သည်။ 
လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက်မြောက်၊ မမြောက်နှင့် နိုင်ငံတကာဥပဒေနှင့် စည်းမျဉ်းဘောင်များအရ ဂမ်ဘီယာက တရားစွဲပိုင်ခွင့် ရှိ၊ မရှိဆိုသည့် အချက်များကို အဓိကအလေးပေးက မြန်မာဘက်က ရှေ့နေများက ခုခံပြောဆိုသွားခဲ့သည်။ 

ထို့ကြောင့် အမှုကို ချုပ်၍ဆိုရသော် မြန်မာတပ်မတော်က ကျူးလွန်သည်ဆိုသောအမှုများကို ခုခံချေပခြင်း၊ မြန်မာလူထုက ဖြန့်ချိသော အမုန်းစကားများကို အစိုးရက ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်းမရှိ ဆိုသည်ကို အသားပေး ခုခံချေပခြင်းမရှိဘဲ လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက် စေတနာမြောက်၊ မမြောက်ဆိုသည်ကို အလေးပေးခုခံသွားခဲ့သည်။ 
ကြံရွယ်ချက်မြောက်၊ မမြောက်ဆိုသည်ကို အဖွဲ့ဝင် ၁၅ ဦးပါ တရားရုံးက ဆုံးဖြတ်မည်ဖြစ်သည်။ 

သို့သော် မြန်မာနိုင်ငံမှာ ဆုံးဖြတ်ချက် မချမီကတည်းက ရှုံးနှင့်နေပြီးဖြစ်သည်။ 

(ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ) အရပ်သားများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကဲ့သို့သော နိုင်ငံတကာကလက်မခံသည့် ကျင့်ဝတ်သီလအရ မြန်မာနိုင်ငံသည် ရှုံးနေပြီးသားဖြစ်သည်။ မတူကွဲပြား သောအုပ်စုများအပေါ် ခွဲခြားဆက်ဆံခြင်း၊ ၎င်းတို့ကို တန်းတူအခွင့်အရေး မပေးခြင်း၊ မုန်းတီးစေသောစကားများ ဖြန့်ဝေခြင်းတို့ကြောင့် မြန်မာပြည်သူ ပြည်သားများအားလုံးမှာ ကျင့်ဝတ်သီလမဲ့သော၊ လူလူချင်းတန်ဖိုးမထား သောလူမျိုးများအဖြစ် အမြင်ခံလိုက်ရပြီး ထိုကတည်းက ရှုံးနိမ့်နေပြီးသား ဖြစ်သည်။ 
ကမ္ဘာ့အလယ်တွင် မြန်မာတို့ မျက်နှာငယ်ရပြီးသား ဖြစ်သည်။ 

ထိုသို့သောအမုန်းစကားများက မြေပြင်တွင် လက်တွေ့ကျူးလွန်သူများ၊ ကျူးလွန်ရန် အမိန့်ပေးသူများကိုမည်မျှ တွန်းအားဖြစ်စေသည်ကို အတိအကျ တွက်ချက်သုံးသပ်ရန် ခက်ခဲပါသော်လည်း များစွာသတိထားရန်လိုသည်။ အမုန်းစကားတစ်ခွန်း၊ Facebook အမုန်းတရားကလစ်တစ်ချက်က အရပ်သားတစ်ယောက်ကို သတ်ဖြတ်ဖို့၊ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ဖို့၊ ကလေးငယ်တစ်ယောက်ကို လက်စတုံးပစ်လိုက်ဖို့တွန်းအား ဖြစ်စေသလား စဉ်းစားဆင်ခြင်ဖွယ်ရာ ဖြစ်သည်။ 

တစ်ချိန်က အာဏာရှင်နှင့် မတရားမှုကို ခုခံတော်လှန်ခဲ့သော မြန်မာပြည်သူတို့မှာ တစ်ချိန်က အာဏာရှင်စစ်အစိုးရလက်အောက်တွင်ပင် မျက်နှာမငယ်ရပါ။ ယခုအခါ ကျင့်ဝတ်သီလမဲ့သော၊ အမုန်းစကားနှင့် အမုန်းတရားကို ဒနှုတ်ယဉ်ဒစွာ ဖြန့်ဝေပြောဆိုလွယ်သော ပြည်သူများအဖြစ် ဒီမိုကရေစီအစိုးရလက်အောက်တွင် မျက်နှာငယ်ရပြီဖြစ်သည်။ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော အစိုးရကိုယ်တိုင်ပင်လျှင် တရားရုံး ရောက်နေရပြီဖြစ်သည်။ 

တရားရုံးက မည်သို့အမိန့်ချသည်ဖြစ်စေ ဥရောပသမဂ္ဂက မြန်မာသို့ ပေးအပ်ထားသော ကုန်သွယ်ရေးအထူးအခွင့်အရေးများ ပယ်ဖျက်ရန် စီစဉ်နေပြီဖြစ်သည်။ ထိုသို့ ပယ်ဖျက်ဖြစ်ပါက မြန်မာပြည်မှထွက်ကုန်များ ဈေးကွက်အခက်တွေ့ကာ ပြည်တွင်းအလုပ်သမားများ အလုပ်ပြုတ်ကြပေဦးတော့မည်။ ယခုသည်ပင် ပြည်ပသို့ အလုပ်အကိုင်၊ ပညာသင် စသည့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသောသန်းချီသော မြန်မာတို့မှာ ကျင့်ဝတ်သီလမဲ့သောနိုင်ငံမှ လူထုအဖြစ် အမြင်ခံနေရပြီဖြစ်သည်။ 

ခွဲခြားဆက်ဆံခြင်း၊ မတူညီသူများကိုအမုန်းပွားခြင်းတို့သည် လူကြိုက်များသည့် ကိစ္စ၊ လူအများစုလိုလားသည့်ကိစ္စ ဖြစ်လာသောအခါ၊ အများကြိုက်ကိစ္စဖြစ်လာသောအခါ ရွေးကောက်ပွဲနိုင်လိုသော အစိုးရတို့၊ နိုင်ငံရေးသမားတို့သည်လည်း လူအများကြိုက် နောက်လိုက်ရင်း နောက်ဆုံး မြန်မာပြည် အမှောင်ထုအတွင်း ပြန်ရောက်သွားနိုင်သည်။ 
အာဏာရှင် အမှောင်ခေတ်မှထွက်ကာ အလင်းပျပျမြင်နေရသော မြန်မာပြည်မှာ နောက်ထပ် အမှောင်ထုတစ်မျိုးအတွင်း ပြန်ရောက်သွားနိုင်သည်။ 
နိုင်ငံတကာတရားရုံးပေါ် ရောက်သွားသော မြန်မာပြည် အရေးကို အရင်းပြု၍ အနာဂတ်အတွက် ပိုကောင်းသော နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံတကာအလယ် တင့်တယ်သော နိုင်ငံတည်ဆောက်ရေး ဝိုင်းဝန်းစဉ်းစား ဆင်ခြင်ကြရန် ဖြစ်သည်။ 

■ခွန်းသု
ကိုးကား -  Myanmar Now, VOA


  • VIA