News

POST TYPE

ARTICLE

အိမ်မပြန်နိုင်သည့် အိမ်သားများ
04-Dec-2019


‘ဆေးရုံ မှာနေရတာ ပျော်တော့ ပျော်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်ချင်တာပေါ့။ တစ်ယောက်တည်း မပြန်နိုင်ဘူး။ အိမ်နံပါတ်’ ဟု ကိုထွန်းထွန်းမိုးက ဆိုသည်။
စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) သို့ နှစ် ၂၀ ခန့် ရောက်ရှိ ဆေးကုသမှုခံယူနေသည့် ရန်ကုန်မြို့ခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းမိုး၏ အိမ်အပြန်ခရီးကား မရေရာလှပါ။
ကိုထွန်းထွန်းမိုးနည်းတူ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) တွင် အနေကြာနှင့် ပိုင်ရှင်မဲ့ စိတ်ကျန်းမာရေးလူနာ ငါးရာနှင့် ခြောက်ရာကြား ရှိသည်။

အနေကြာလူနာဆိုသည်မှာ ရောဂါအခြေ အနေအရ အိမ်ပြန်လွှတ်၍မရဘဲ ဆေးရုံတွင် ပြုစုစောင့်ရှောက်မှုခံယူရသူဖြစ်ပြီး ပိုင်ရှင်မဲ့ဆိုသည်မှာ နေရပ်သို့ပြန်၍ တိုက်ကျွေးသည့်ဆေးများကို ပုံမှန်သောက်သုံးနေထိုင်နိုင်သူဖြစ်သော်လည်း နေရပ်ပြန်ရန် အဆက်အသွယ်မရှိကြသူများ ဖြစ်သည်။

‘သေချာတာကတော့ လာမခေါ်လို့ပေါ့’ ဟု စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)၏ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်ဝင်းက ပြောကြားသည်။
ဆေးရုံကို အိမ်သဖွယ် အစဉ်နေထိုင်နေရသည့် ထိုလူနာတို့အတွက် ဆေးရုံသည်သာ အိမ်ဖြစ်သည်။ ထိုအိမ်မှတစ်ပါး အခြားမသွားရသည့် ကိုထွန်းထွန်းမိုးကဲ့သို့ အနေကြာနှင့် ပိုင်ရှင်မဲ့လူနာများအတွက် အခြားဆေးရုံပြင်ပမှလူများနည်းတူ ပြင်ပမှလေကို ရှူရှိုက်ခွင့်၊ အများနည်းတူ လည်ပတ်သွားလာခွင့်တို့တော့ ရှိနေပြီဖြစ်သည်။

“လိုအပ်လို့ အနေကြာတဲ့လူနာ၊ အပြင်ကို ပြန်ပို့လို့ရသော်လည်း ပိုင်ရှင်မရှိတဲ့လူနာ။ ဒီလူနာတွေအတွက် ပြန်လည်ထူထောင်ရေးလိုအပ်ပါတယ်” ဟု ဒေါက်တာတင်တင်ဝင်းက ဆိုသည်။ 
အိမ်သဖွယ် ဆေးရုံကြီး၏ ပြင်ပနေသူများနည်းတူ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရန်အတွက် စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် (Psychosocial Rehabilatation) အစီအစဉ်တစ်ခုဖြစ်သည့် Outing Program အတွက် လူမှုကူညီရေးအသင်း (ရန်ကုန်) က စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) နှင့်ပူးပေါင်းဆောင်ရွက်နေသည်မှာ ၂၀၁၉ နိုဝင်ဘာလဆိုလျှင် ၈ ကြိမ် ရှိပြီဖြစ်သည်။

ယင်းအပြင် ဆေးရုံရှိ လူနာများကို လူမှုရေးအဖွဲ့များနှင့်ပူးပေါင်းကာ လက်မှုပညာသင်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။
ဆေးရုံကို ဆေးရုံကဲ့သို့မခံစားရဘဲ အိမ်သဖွယ် ခံစားရစေရန် သစ်ပင်ပန်းမန်များ စိုက်ပျိုးစေခြင်းများလည်းရှိသည်။

‘ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမဖြစ်ဖြစ် ဆေးရုံထဲမှာ နေနေရရင် အိမ်ပြန်ချင်မှာပဲလေ။ အိမ်မပြန်ရရင်တောင် အပြင်ပတ်ဝန်းကျင်ကို ထွက်ချင်မယ်’ ဟု လူမှုကူညီရေး အသင်း (ရန်ကုန်) က ဒေါ်ဒေဝီခင်က ကိုယ်ချင်းစာ စကားဆိုသည်။

အနေကြာနှင့် ပိုင်ရှင်မဲ့လူနာများနှင့်တွေ့ဆုံစဉ် နေအိမ်ပြန်လိုသဖြင့် ဖုန်းဆက်ပေးရန် အကူအညီတောင်းခြင်း၊ အိမ်ပြန်ရစေကြောင်း မြတ်စွာဘုရားထံ ဆုတောင်းကြကြောင်းတို့ကို ရင်ဖွင့်ခြင်းခံရသည်ဟု ၎င်းကပြန်ပြောင်းပြောပြသည်။

“ဆေးရုံမှာနေရတာ စားလို့သောက်လို့ မကောင်းဘူး။ မုန့်ပဲကြိုက်တယ်” ဟု မုန့်ဟင်းခါး၊ နို့စိမ်းခေါက်ဆွဲတို့ကဲ့သို့ အပြင်အစားအစာများကို စားချင်ကြောင်း ပျဉ်းမနားဇာတိသား ကိုအာကာက ပြောပြသည်။

ကိုအာကာသည်လည်း ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီး (ရွာသာကြီး စိတ်ဆေးရုံ) တွင် ဆေးရုံတက်ကုသမှုခံယူနေရသည့် အနေကြာနှင့် ပိုင်ရှင်မဲ့ စိတ်ကျန်းမာရေးလူနာများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

အိမ်ပြန်လိုသော်လည်း ဆေးရုံကို ပြန်လာရဦးမည်ကို ပြောပြရင်း ကိုအာကာ ထပ်ကာထပ်ကာပြောသည့်စကားမှာ ]ပြန်တော့ပြန်ချင်တာပေါ့။ ပြန်တော့ ပြန်ချင်တာပေါ့’ ပင်ဖြစ်သည်။
မည်သည့်စိတ်ကျန်းမာရေးလူနာမဆို အိမ်မရှိတော့သူ၊ အိမ်မှ လာမခေါ်ချင်တော့သူ၊ မိသားစု မရှိတော့သူ၊ နေအိမ်က တာဝန်ယူ စောင့်ရှောက်နိုင် စွမ်းမရှိတော့သူစသဖြင့် ဆေးရုံတွင်အနေကြာ သွားကြခြင်းဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ ခုတင် (၁၀၀၀)၊ စိတ်ကျန်းမာပညာဌာနမှ ပါမောက္ခ ဒေါက်တာဆန်းလင်းက ရှင်းပြသည်။

ကိုထွန်းထွန်းမိုး၊ ကိုအာကာတို့ကဲ့သို့ ဆေးရုံတွင် နေထိုင်ဆေးကုသမှုခံယူရသူများရှိရာ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) သို့ တက်ရောက်ကုသမှု ခံယူရမှုအများဆုံးမှာ အရက်စွဲလူနာနှင့် အရက်စွဲမှု၏ နောက်ဆက်တွဲ စိတ်ရောဂါပြဿနာရှိသည့် လူနာများဖြစ်သည်။

စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) တွင် နေ့စဉ်ပြသနေသည့် အတွင်းလူနာ ၁၅၀၀ ဝန်းကျင်ရှိသည့်အတွက် နေရာအခက်အခဲနှင့် ဝန်ထမ်းအင်အားမလုံလောက်မှုတို့ရှိကြောင်း အဆိုပါဆေးရုံကြီးက ဆေးရုံအုပ်ကြီးက ဆိုသည်။

အစားအသောက်နှင့် ဆေးဝါးသည် နိုင်ငံတော်၏ ထောက်ပံ့မှုကြောင့် ပြတ်လပ်မှုမရှိသည့်အပြင် အလှူရှင်များ လှူဒါန်းမှုကြောင့် အစားအသောက် အနေနှင့် မပြတ်လပ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

‘အန်တီတို့ ဆေးရုံက စိတ်ကျန်းမာရေး ဆေးရုံဖြစ်တဲ့အတွက် တကယ်စိတ်ကျန်းမာရေးကိုတော့ စောင့်ရှောက်ပေးတယ်။ ကိုယ်မစောင့်ရှောက်ချင်တာနဲ့ ဒီဆေးရုံမှာ သွားပစ်ထားလိုက်ဆိုရင်တော့ အဆင်မပြေဘူး’ ဟု ဒေါက်တာတင်တင်ဝင်းက ဆိုသည်။

စိတ်ကျန်းမာရေးလူနာတစ်ဦးအတွက် သက်ဆိုင်ရာမိသားစုနှင့် ရပ်ရွာက တာဝန်ယူကြ မည်ဆိုလျှင် ဆေးရုံနှင့် နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုး လျော့ကျနိုင်သည်။ ထို့ပြင် အမှန်တကယ် လိုအပ်နေသည့် လူနာများအတွက်လည်း မျှဝေနိုင်သည်။

‘အန်တီတို့ကတော့ အန်တီတို့ဆေးရုံကို လာချင်တဲ့လူနာ၊ အန်တီတို့ကုသမှုကို ခံယူချင်တဲ့လူနာ။ ဘယ်သူ့ကိုမှတော့ မလာနဲ့လို့ မတားဘူး’ ဟု ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်ဝင်းက ပြောကြားသည်။

မလာနှင့်ဟု မတားသလို၊ ပြန်ပို့ရမည် ဖြစ်သော်လည်း မိသားစုက လိပ်စာအမှား၊ ဖုန်းနံပါတ် အမှားများဆေးရုံကိုပေးခဲ့သဖြင့် ဆက်သွယ်ရန် ခက်ခဲမှုများကြောင့် ဆေးရုံတွင်ပင် နေထိုင်နေရ သည့်သူများ စိတ်ကျန်းမာရေးဆေးရုံ (ရန်ကုန်) တွင်ရှိနေသည်။

“အကုန်လုံးအိမ်ပြန်ချင်ကြတယ်။ ရိုးရိုးဆေးရုံ နှစ်ရက်၊ သုံးရက်သွားတက်ရင်တောင် ဘယ်သူမဆို အိမ်ပြန်ချင်ကြတယ်” ဟု ဒေါက်တာဆန်းလင်းက ဆိုသည်။
၂၀၀၂ ခုနှစ်က စိတ်ကျန်းမာရေးဆေးရုံတွင် လူနာ ၄၀၀ ခန့်ရှိပြီး ၂၀၁၉ တွင် လူနာ ၁၅၀၀ ပတ်ချာလည်တွင် ရှိနေသည်။

စိတ်ကျန်းမာရေးကို ပြည်သူများ သတိပြုလာခြင်းနှင့် ဆေးရုံကို အားကိုးလာကြခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ဒေါက်တာဆန်းလင်းက သုံးသပ်သည်။
အနေကြာနှင့် ပိုင်ရှင်မဲ့ စိတ်ကျန်းမာရေးလူနာများအတွက် ပြန်လည်ထူထောင်ရေးသည် လူမှုဝန်ထမ်းတွင်လည်း တာဝန်ရှိသည်။ သို့သော်လည်း ထောင်ချီသည့်လူနာများကို တာဝန်ယူစောင့်ရှောက်ကာ ဆေးပုံမှန်တိုက်နိုင်ရေးအတွက် ဝန်ထမ်းအင်အား အခက်အခဲရှိနိုင်သည်။

ဝန်ထုပ်ဝန်ပိုးများကို မိမိပခုံးမှ အစိုးရ ဆေးရုံကို ပစ်ချကြသူများမှာ သက်ဆိုင်ရာ မိသားစုဝင်များပင်ဖြစ်သည်။ 
‘တစ်ဝက်ကတော့ (တာဝန်) မယူချင်လို့ မဟုတ်ဘူး။ တစ်ဝက်ကတော့ (တာဝန်) ယူကိုမယူချင်တာ။ အဓိကအားဖြင့်တော့ စီးပွားရေးအဆင်မပြေလို့ပေါ့။ တစ်ဝက်ကတော့ လုံးဝကို အကြင်နာ သနားမရှိတာ’ ဟု ဒေါက်တာတင်တင်ဝင်းက မှတ်ချက်ပြုသည်။

ထိုအိမ် (စိတ်ကျန်းမာရေးဆေးရုံ) သည် နွေးထွေးသော်လည်း မိမိလာရာနေအိမ်သို့သာ ပြန်ချင်ကြသူများလည်း ရှိနေသည်။
စိတ်ကျန်းမာရေးဝေဒနာကို ကုသရာတွင် ဆေးရုံတွင် အခြေပြုကုသသည်ထက် ပြည်သူလူထု အခြေပြု ကုသနိုင်သည့်စနစ်ကို ပြောင်းလဲခြင်း၊ စိတ်ကျန်းမာရေးကို ဆေးဝါးဖြင့် ကုသခြင်းထက် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာတို့ဖြင့် ကုသပေးနိုင်သည့် ပံ့ပိုးမှုများရှိနေမည်ဆိုလျှင် စိတ်ကျန်းမာရေး ပြန်လည်ကောင်းမွန်နိုင်ကြောင်း ပါမောက္ခ ဒေါက်တာဆန်းလင်းက ရှင်းပြသည်။
အိမ်မပြန်နိုင်သည့် အိမ်သားများအတွက် အကောင်းဆုံးဆေးဝါးကို ဒေါက်တာဆန်းလင်း ဖွင့်ဟပြောပြသည်က ‘မိသားစုရဲ့ မေတ္တာနဲ့ သေချာစောင့်ရှောက်မှုကလည်း ဆေးဝါးလို အရေးကြီးတယ်’ ဟုပင်ဖြစ်သည်။ 

 အေးသန္တာထွန်း