News

POST TYPE

ARTICLE

ပြည်သူ့ ချွန်တွန်းပါတီ
04-Dec-2019


ကျွန်တော့မှာ အလွန်ခင်မင်ရတဲ့ မိတ်ဆွေနှစ်ယောက်ရှိပါတယ်။ အောင်မယ်... ကျွန်တော့်မိတ်ဆွေတွေဆိုလို့ ရွယ်တူတန်းတူတော့ မထင်ပါနဲ့။ ဂါရဝေါစ နိဝါတောစဆိုတဲ့ မင်္ဂလာတရားတော်အရ ကျွန်တော့်အနေနဲ့ ဂါရဝတရားထား ရမယ့်အရွယ်၊ ကျွန်တော့်အဘွားက ယောက္ခမတော်ရမယ့်အရွယ်တွေ။

တစ်ယောက်နဲ့တစ်ယောက်လည်း ချွန်တွန်းလုပ်တဲ့အခါ အင်မတန်မှ တော်ကြပါတယ်။ အဲ မဟုတ် တာလုပ်တဲ့နေရာမှာကျတော့လည်း သူတို့နှစ်ယောက်က စည်းလုံးသွားကြပြန်ပါရော။ ကျွန်တော်က သူတို့ကို ဘကြီးတို့လို့ပဲ ခေါ်ပါတယ်။ ဘကြီးမူးမြင့်အောင်ရယ်၊ ဘကြီးကြည်စိုးရယ်ပေါ့။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးကြသလို၊ အပြင်မှာလည်း ယမကာဝိုင်းထဲ စကားစီးချင်း အမြဲထိုးကြသူတွေ။ အဲ... သူတို့နှစ်ယောက်ပေါင်းပြီး ချွန်တွန်းတာကို တစ်ခါတစ်ခါခံရသူက ကျွန်တော်ပါ။

ပထမဆုံး ဘကြီးမူးမြင့်အောင် ကျွန်တော့်ကို ဒုက္ခပေးပုံလေးပြောပြပါ့မယ်။ တစ်ရက်သား ကျွန်တော်က ညနေဘက် ဘီယာလေးဘာလေး ထွက်သောက်ဖို့ မိန်းမကို စည်းရုံးနေချိန်ပါ။ အဲဒီအချိန်မှာ ဘကြီးမူးမြင့်အောင်က ဖုန်းဆက်လာပါတယ်။

“မောင်ဗြိ... မင်းနဲ့ မင်းမိန်းမကို ငါပြောစရာ ရှိတယ်ကွာ ... စပီကာဖွင့်ထားလိုက် ... မင်းမိန်းမလည်း ဘေးမှာရှိတယ်မဟုတ်လား ... အရေးကြီးတယ်ကွ”

သူက အဲ့ဒီလိုပြောလာတော့ ကျွန်တော်လည်းဘေးမှာ မိန်းမက ရှိနေတာနဲ့ ဖုန်းကို စပီကာဖွင့်ထားလိုက်မိတယ်။

“ဒီမယ်... မောင်ဗြိ မင်းကို ငါက ကိုယ့်တူလို ကိုယ့်သားလိုဖြစ်နေလို့ ဒီစကားကိုပြောတာ။ မင်း အရက်ကို မသောက်နဲ့တော့။ မင်းအသက်က ငယ်ငယ်လေးရှိသေးတယ်။ မင်းရှေ့က စာရေးဆရာတွေကြည့် စမ်း၊ နာမည်ရခါစမှာ အရက်ကြောင့်သေသွားကြတာ တွေအများကြီးကွ”

မိန်းမကို ကြည့်လိုက်တော့ ခေါင်းတညိတ်ညိတ်နဲ့။ ဘကြီးရဲ့စကားတွေထဲ အန္တရာယ်အငွေ့အသက်ကတော့ ရလာပါပြီ။ ဒါပေမဲ့ ဖုန်းက ချပစ်လို့ကလည်း မရတော့ဘူးလေ။

“ဟဲ့... ကောင်မလေး... နင်လည်း နားထောင် နေတယ်မဟုတ်လား။ နင့်ယောကျာ်းကို နင်တို့က ထိန်းရမှာ။ အရက်ဆိုတာ လူငယ်တစ်ယောက်ကို ကောင်းကောင်းဒုက္ခပေးတတ်တယ်ဆိုတာ ဘကြီးတို့က ဘဝနဲ့ရင်းပြီးသိခဲ့ပြီးပြီ။ ဘကြီးတို့ ဒီလိုအသက်အရွယ် အထိနေနိုင်တာ ထိန်းထိန်းသိမ်းသိမ်းနေနိုင်လို့။ အခု ဘကြီးဆို အရက်လုံးဝဖြတ်လိုက်ပြီ... သမီးရေ... လူကို ကောင်းကျိုးမပေးတဲ ဒီသေရည်... သေရက်တွေ ဒီတစ်သက်ရှောင်ပြီ... သမီးယောကျာ်းကိုလည်း ကြည့်ပြောဦး... ဘကြီးက စေတနာနဲ့ပါ”

ကဲ... အဲဒီမှာ ပွဲကသိမ်းသွားပြီ။ ရှေ့မှာ ကျွန်တော် စည်းရုံးရေးဆင်းထားသမျှ ဘကြီးရဲ့ ဖုန်းတကောလ် မှာ သဲထဲရေသွန်ပဲ။

“ယောကျာ်းရယ် ဘကြီးတောင် အရက်ဖြတ် လိုက်ပြီ။ ယောကျာ်းလည်း ညနေ သွားသောက်မနေပါနဲ့” 

ကျွန်တော့်မျက်ခွက်ကလေး ငယ်ငယ်နဲ့ ခေါင်းညိတ်လိုက်ရတော့တယ်။ ဘကြီးတရားနာပြီး ကိုယ်တောင်ကျွတ်ချင်ချင် ဖြစ်လာသည်ပေါ့ဗျာ။

အဲ... ညနေလည်းစောင်းရော။ အိမ်ရှေ့ကို ဘကြီး မူးမြင့်အောင် ကားကြီး ဝေါခနဲ ဆိုက်လာပါလေရော။

ဒါနဲ့ ကျွန်တော်လည်း အိမ်အောက်ဆင်းပြီး မေးရတယ်။

“ဘကြီး ဘာကိစ္စလဲ”

“ဘားဘရစ်မှာ တစ်ခွက်တစ်ဖလား သွားဆွဲကြမယ်လေကွာ”

“ဟင်”

မနက်ကမှ အရက်ပြတ်တရားတွေ ဟောလာတဲ့ ကိုယ်တော်ကြီးက အခုကျ တစ်ခွက်တစ်ဖလားတဲ့။

“ဘကြီး မနက်က ဖုန်းဆက်တော့ အရက်ဖြတ်လိုက်ပြီဆို”

“ဟ ... အဲ့ဒါက ဘေးနားမှာ ငါ့မိန်းမပါလို့ဟ။ ငါ့ကို သူက အရက်ဖြတ်ခိုင်းနေတာ။ အခုကျ ငါက မင်းကို အရက်မကောင်းကြောင်းတရားတွေ ဟောတာ သူက နားထောင်နေတာ။ ပြီးတော့ အခု မင်းဆီသွားမယ်ဆိုပြီး သူ့ကို ပြောထွက်လာတာ။ ငါ မင်းကို အရက်မကောင်းကြောင်း တရားသွားဟောမှာလိုလို ဘာလိုလိုပေါ့။ ဒါမှ အပြင်ထွက်ရလွယ်မှာကွ... ဟဲ... ဟဲ... လာ ကားပေါ်တက်ကွာ ... သွားချမယ်”

ကြည့်စမ်း... ဘယ်လောက် အချွန်နဲ့မတဲ့ ပုဂ္ဂိုလ်လဲ။

အခု ကျွန်တော့်မှာ မိန်းမရေ ဒီတစ်ပတ်တော့ ငါလည်း အရက်နားပါပြီ ဘာညာ ပြောလာရတာ။

ဒါနဲ့ စိတ်နာနာနဲ့... ဘကြီး ဖုန်းဆက်လိုက်တာနဲ့ ကျွန်တော် အရက်ပြတ်သွားပြီလို့ ပြောပစ်လိုက်တော့ ဘာပြန်ပြောတယ်မှတ်တုံး။

“အေး... အေး ကောင်းပါတယ်ကွာ ...ငါ ကတော့ သွားချလိုက်ဦးမယ်”ဆိုပြီး ငါးခူပြုံးနဲ့ ကားမောင်းထွက်သွားတာဗျာ။ အဲဒီလို အချွန်နဲ့မတာပါဆို။

သူ့လို နောက်တစ်ယောက် ဘကြီးကြည်စိုး။ ဟိုတစ်ရက် ကျွန်တော့်မိန်းမ နေမကောင်းဖြစ်တော့ သူက ပြည်ကနေ ရန်ကုန်ရောက်နေတာနဲ့ တိုက်ဆိုင်တော့ လူမမာလာသတင်းမေးတယ်။

သြော်... ဘကြီးကြည်စိုး... သူ့ ကြက်သောက်စမ်းဆိုင်မှာ အလကားသွားသွားစားနေတာတောင် စိတ်မနာနိုင်ဘဲ ငါတို့ကို သံယောဇဉ်ရှိရှာတယ်ပေါ့။ အိမ်ရောက်ပြီး နေကောင်းလား ဘာညာမေးပြီးတာနဲ့ ချက်ချင်းထပြန်တော့မယ်တဲ့။

“ဟာ... ဘကြီး... ဘာလို့ ပြန်မှာတုံး... ခုမှ ရောက်တာ... အအေးလေး ဘာလေးသောက်၊ စကားလေး ဘာလေး ပြောဦးမယ်လေ” ဆိုတော့ မျက်နှာကြီးက ခပ်တင်းတင်းဖြစ်သွားတယ်။

“ငါကတော့ ပြည်ကနေ တကူးတက လူမမာ သတင်းလာမေးတယ်။ မင်းတို့ဆက်ဆံပုံက မဟုတ်သေးပါဘူးကွာ”တဲ့။

ကျွန်တော်တို့လင်မယားမှာ လန့်ဖျတ်သွားတာပေါ့။ ငါတို့ ဘာများ ဧည့်ဝတ်မကျေမိသလဲပေါ့။

“ကျွန်တော်တို့ ဘာလုပ်မိလို့လဲ... ဘကြီးရာ”

“ငါ့ဘဝမှာ လူမမာတွေ အများကြီးကြည့်ဖူးတယ်ကွ။ ငါ့တူလေး လက်ကျိုးတုန်းက သွားမေးတော့ သူ့လက်က ဒဏ်ရာကိုပြတယ်။ ငါ့သူငယ်ချင်း ဆိုင်ကယ်မှောက်တုန်းကဆိုလည်း သူ့ဒူးမှာရတဲ့ ဒဏ်ရာတွေပြတယ်။ မင်းတို့အလှည့်ကျမှ လာမေးတဲ့သူကို ဒဏ်ရာလေးတောင်မပြဘူး။ ဘယ့်နှယ် အဓိပ္ပာယ်ရှိတော့မှာလဲကွ”

ကျွန်တော့်မှာ ဘာပြောလို့ ပြောရမှန်းမသိ။ အိပ်ရာထဲလဲနေတဲ့ ကျွန်တော့်မိန်းမကတော့ တဟားဟားထရယ်တော့တာပဲ။

ဟုတ်တယ်လေ။ ကျွန်တော့်မိန်းမ အခု ဖြစ်နေတာက ဖင်မှာ သွေးစုနာပေါက်လို့ ခွဲစိတ်ထားရတာ။ ဘယ့်နှယ် ... ဒါကို သိသိကြီးနဲ့ ဒဏ်ရာလှန်ပြခိုင်းနေတဲ့ ဘကြီးကြည်စိုးရဲ့ ချွန်ချက်။ သူ့ဆိုင်မှာ နေ့တိုင်းချက်နေတဲ့ ကြက်တွေရဲ့ အတက်လိုပါပဲ။ အဲဒီဘီးကြဲနှစ်ပွေက အဲဒီလို တစ်ယောက်ချင်း ချွန်တဲ့နေရာထူးချွန်သလို စီးပွားရေးမှာလည်း ထူးချွန်ကြပါတယ်။

တစ်ရက်တော့ ကျွန်တော်က သူတို့ အခုလို ဘာလို့ အောင်မြင်နေလဲဆိုတာ မေးမိတယ်။

“ငါတို့က သစ္စာဆိုပြီး အလုပ်လုပ်တာကွ... ဒါကြောင့် ငါတို့ အောင်မြင်တာ”ဘယ်လို သစ္စာဆိုထားသတုံးဆိုတော့ ဒီလိုတဲ့။

ဘကြီးမူးမြင့်အောင်နဲ့ ဘကြီးကြည်စိုးတို့ဟာ သူတို့မိန်းမတွေရှေ့မှာ သစ္စာကတိတစ်ခု ပြုခဲ့ကြပါတယ်။ အဲဒါကတော့ ...

“မူးမြင့်အောင်နဲ့ မောင်ကြည်စိုးသည် နှစ်ယောက်အတူတူဆုံပြီး အရက်အတူတူမသောက်တော့။ ဘီယာလည်း အတူတူမသောက်တော့ပါ။ မှန်သောသစ္စာကြောင့် စီးပွားရေးများ အောင်မြင်ပါစေသတည်း” တဲ့။

အဲ့ဒီသစ္စာဆိုပြီးကတည်းက နှစ်ဖက်မိန်းမတွေက သူတို့နှစ်ယောက်တွေ့ကြမယ်ဆို ကြည်ကြည်ဖြူဖြူ လွှတ်ပေးပါတယ်။ ကတိသစ္စာဆိုထားတော့ ဒီလူနှစ်ယောက် အရက်၊ ဘီယာမသောက်တာ သေချာပြီပေါ့ဗျာ။ စီးပွားရေးနဲ့ တိုင်တည်ထားတဲ့ ကတိသစ္စာကိုးဗျ။ တကယ်လည်း သူတို့နှစ်ယောက်ဆုံရင် အရက်လည်း အတူတူမသောက်ဘူး။ ဘီယာလည်း အတူတူမသောက်ပါဘူး။

ဆိုင်အတူထိုင်ဖြစ်တဲ့အခါတိုင်း ဘကြီးမူးမြင့်အောင်က အရက်သောက်ရင် ဘကြီးကြည်စိုးက ဘီယာမှာသောက်ပါတယ်။ ဘကြီးကြည်စိုးက အရက်သောက်ရင် ဘကြီးမူးမြင့်အောင်က အရက်မှာသောက်ပါတယ်။ အရက်၊ ဘီယာကို အတူတူ မသောက်ဘဲ တစ်ယောက်တစ်မျိုးစီမှာသောက်တော့ ကတိသစ္စာလည်းမပျက်၊ စီးပွားလည်းတက်တာပေါ့ ကွာတဲ့။

ကဲ ... ဒီလိုမျိုး ကတိသစ္စာတည်ပြီး ဉာဏ်ရည်မြင့်မားတဲ့ ကျွန်တော့်ဘကြီးတွေကို စီးပွားရေးလောကကနေထွက်ပြီး မြန်မာပြည်နိုင်ငံရေးလောကထဲ ဝင်ခိုင်းလိုက်ရင် မြန်မာပြည်ကြီးကံကောင်းပြီပေါ့ဗျာ။

အခုခေတ်က ပါတီတွေ ဘာတွေထောင်ရင် ပြည်သူဆိုတာကြီး ရှေ့က ထည့်နေတာတွေ ခေတ်စားတယ်ဗျ။ ပြည်သူ့ဘာညာ၊ ပြည်သူ့အဝှာပါတီတွေ ခေတ်မှာ ဘကြီးတို့နှစ်ယောက်ကိုလည်း ပြည်သူ့ချွန်တွန်းပါတီဆိုပြီး ပါတီထောင်ဖို့ ကျွန်တော်က အကြံပေးပါရစေ။

ပါတီနာမည်ကိုတော့ ပြည်သူ့ချွန်တွန်း ပါတီလို့ နာမည်ပေးလိုက်။ ပါတီထောင်ပြီးရင်တော့ အလှူခံကြမယ်။ ပြီးရင် ကျွန်တော်တို့ သုံးပုံပုံယူပြီး ပြည်သူလူထုကို ကောင်းကောင်းကြီး ချွန်တွန်းကြတာပေါ့ခင်ဗျား။

ကဲ ... ပြည်သူကို အချွန်နဲ့မမည်။ ပြည်သူ့ ချွန်တွန်းပါတီ။ မကြာမီ လာပါပြီ။

ဗြိတိသျှကိုကိုမောင်