News

POST TYPE

ARTICLE

အစ္စရေး၏ ခက်ခဲသောပြဿနာ
01-Dec-2019


(၁)

အစ္စရေးရှေ့နေချုပ်က ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုအပေါ် နိုဝင်ဘာလ ၂၁ ရက်နေ့က ခြစားမှုနှင့် စွဲချက်များတင်လိုက်ပါသည်။ သူ၏စွဲချက်များကို ဖတ်ကြားသောအခါ သူ၏ပြိုင်ဘက် မိတ်ဆွေများက လွန်ခဲ့သော ၁၁ နှစ်က ဝန်ကြီးချုပ် အိုမတ် (Ehud Olmert) ကို စွဲချက်တင်စဉ်က သူပြောကြားခဲ့သောစကားများကို ပြန်လည် အမှတ်ရမိပါသည်။

ဝန်ကြီးချုပ်တစ်ဦးသည် စွဲချက်များအကြား နစ်မြုပ်နေချိန်၌ သူ့တွင် အစ္စရေးနိုင်ငံ၏အနာဂတ်နှင့်ပတ်သက်၍ တစ်စုံတစ်ခုပြောကြားရန် တာဝန်မရှိ။ အန္တရာယ်အစစ် ဒါမှမဟုတ် ဘာအန္တရာယ်မှမရှိဘဲနဲ့ သူ့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အန္တရာယ်ဖြစ်မှာကို ကြောက်တယ်ဆိုတဲ့ အပြောမျိုးကို အလိုမရှိပါဘူး။ တိုင်းပြည်အတွက် တကယ် အရေးကြီး တာတွေကိုပဲ ကြားချင်ပါသည်ဟူ၍ဖြစ်သည်။ ဝန်ကြီးချုပ်အိုလမတ်မှာ မြို့တော်ဝန်ဘဝက လာဘ်ယူမှုအတွက် အကျဉ်းကျခံခဲ့ရပါသည်။

နိုင်ငံရေးသမားတစ်ဦးသည် တစ်ချိန်ချိန်၌ သူ့ကိုပြန်လည်သတိရ စိမ့်သောငှာ ပြန်ပြောရန် မလိုအပ်သော်လည်း နေတန်ညာဟု၏ ပြောကြားချက်မှာ မငြင်းနိုင်သောအချက်များ ပါနေခဲ့သည်။

(၂)

နေတန်ညာဟုသည် သူ့ကိုယ်ကိုယ် အန္တရာယ်ဖြစ်စေရန် ပြုမူလိမ့်မည်မဟုတ်ပါ။ သူ့ကိုစစ်ဆေးနေသည့် သုံးနှစ်တာကာလအတွင်း စစ်ဆေးသူကို စစ်ဆေးရေးဟူ၍၊ ရဲနှင့်သူ့ကို စွဲချက်တင်သူများအပေါ် ရန်သူသဖွယ်ဆက်ဆံ၍၊ သူ့ကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းမှုဟု စွပ်စွဲမည်။ ရာထူးမှဆင်းပေးလိမ့်မည်မဟုတ်ကြောင်း ပြောမည်။ အပြစ်နှင့်ပတ်သက်၍ ခုခံမှုပုံစံမှာ မပြောင်းလဲပါ။ ရှေ့နေချုပ်မှာ အရင်က သူ့အစိုးရ၏ ကက်ဘိနက် အတွင်းရေးမှူးဖြစ်ခဲ့ပြီး သူကိုယ်တိုင်က ရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သူ မင်ဒဲဘလစ် (Avichai Mandelblit) ဖြစ်ပါသည်။

နေတန်ညာဟုသည် ဥပဒေတရားနည်းလမ်းအရ နုတ်ထွက်ရန်မလိုပါ။ သူ့ကိုစွဲချက်တင်ထားသည်မှာ သုံးမျိုးဖြစ်ပါသည်။ ပြစ်ချက်အမှတ် ၄၀၀၀ နှင့် ၂၀၀၀ မှာ မီဒီယာသူဌေးထံမှ သူနှင့်ပတ်သက်၍ သတင်းများတွင် ကောင်းသောသတင်းများကိုသာ ရေးရန်ဖြစ်သည်။ 

ဆက်သွယ်ရေးဌာနမှ ဒါရိုက်တာဂျင်နရယ်ကို ဖြုတ်ချပြီး လူစားထိုးခန့်ထားခြင်း၊ နောက်ဆုံးစွဲချက် ၁၀၀၀ မှာ နိုင်ငံခြားသူဌေးထံမှ လက်ဆောင်လက်ခံမှုဖြစ်သည်။ သူက လက်ဆောင်အဖြစ် ဒေါ်လာသိန်းချီ၍ ရခဲ့သည်ဟု စွပ်စွဲခံရသည်။ ပြောခဲ့သောပြစ်မှုများအတွက် အပြစ်ဒဏ်ပေးခံရပါက ရာထူးမှနုတ်ထွက်ပေးရပါမည်။ ပြစ်မှုများအတွက် စီရင်ချက် ချမည့်အချိန်သည် လပေါင်းများစွာ သို့မဟုတ် နှစ်ချီ၍လည်းကြာပါလိမ့်မည်။ နေတန်ညာဟုသည် အစ္စရေးနိုင်ငံသမိုင်းတွင် ရှုပ်ထွေးသော၊ ဖြေရှင်းရခက်သော နိုင်ငံရေးပြစ်မှုကြီးနှင့်ပတ်သက်နေပြီဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲကို ဧပြီလနှင့် စက်တင်ဘာလတို့တွင် နှစ်ကြိမ်တိုင်တိုင်ကျင်းပခဲ့ရာ အပြတ်အသတ်နိုင်သူဟူ၍မရှိဘဲ အဓိကပါတီကြီးနှစ်ခုမှာ မဲအရေအတွက် တူညီပြီး အဖြေမထွက်ဘဲရှိနေခဲ့သည်။ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က (နိုဝင်ဘာ ၂၀) သူ၏ ပြိုင်ဘက် မစ္စတာဂန့် (Mr.Benny Gantz) မှာ သူ့အရင် နေတန်ညာဟု ကဲ့သို့ အစိုးရမဖွဲ့နိုင်ကြောင်းကြေညာသည်။ အတိုက်အခံပြိုင်ဘက်ပါတီနှင့် ပူးပေါင်းမှသာ မဲအရေအတွက်အလုံအလောက်နှင့် အစိုးရအဖွဲ့ကို ဖွဲ့နိုင်မည်ဖြစ်သည်။ 

သမ္မတရီဘီလင် (Renven Rivlin) က ဒီဇင်ဘာ ၁၁ ရက်နေ့ကို နောက်ဆုံးထား၍ အစိုးရအဖွဲ့ကို ဖွဲ့ရန်၊ ဤရက်ရောက်၍မှ အစိုးရမဖွဲ့ နိုင်လျှင် တတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာသည်။ နောက်နှစ်အစောပိုင်းတွင် ကျင်းပရန် ရည်ရွယ်သည်။

မစ္စတာနေတန်ညာဟုနှင့် မစ္စတာဂန့်တို့မှာ အစိုးရဖွဲ့ရန် ဘာမျှ ခရီးဝေးကွာသည်မဟုတ်ပါ။ ယခင်က စစ်တပ်ဦးစီးချုပ်လုပ်ခဲ့သူ မစ္စတာဂန့်မှာ နာတာညာဟု၏ လီကွပ်ပါတီ (Likud Party) နှင့် ရင်းနှီးပြီးဖြစ်သည်။ သူ၏ (Blue and White) ပါတီ၏ သဘောထားမှာလည်း လီကွပ်ပါတီနှင့် ကွဲပြားကြသည်မဟုတ်ပါ။ သို့ပါသော်လည်း နေတန်ညာဟုနှင့်ပူးပေါင်းရန်မှာ မဖြစ်နိုင်ဟူသော သဘောထားကြောင့် ဖြစ်သည်။

အစ္စရေးနိုင်ငံတွင် ဖြစ်ပျက်နေသည်များမှာ အမေရိကန်နိုင်ငံတွင် ဖြစ်ပျက်နေသည်များနှင့် ဆင်တူကြောင်းကို သတိမထားဘဲမရနိုင်ပါ။ အမေရိကန်သမ္မတမှာ သမ္မတအဖြစ်မှ ထုတ်ပယ်ခံရရန် (impeachment inquiry) ကိုရင်ဆိုင်နေရသည်။ ယူကရိန်းထံက သမ္မတ၏ပြိုင်ဘက်ဘိုင်ဒန် (Joe Diden) နှင့် သားဖြစ်သူတို့အပေါ် ခြစားမှုနှင့်အရေးယူရန် တောင်းဆိုခဲ့သည်။ ၂၀၁၆ အမေရိကန်သမ္မတရွေးပွဲတွင် ယူကရိန်းကဝင်ရှုတ်ခဲ့သည်ဆိုခြင်းကို ကော်မရှင်ဖွဲ့၍ စစ်ဆေးရမည်ဟု သမ္မတက တောင်းဆိုနေသည်။ သို့မှသာ ယူကရိန်းအပေါ် စစ်ရေးအကူအညီပေးရေး၊ ယူကရိန်း သမ္မတကို အိမ်ဖြူတော်သို့ဖိတ်ခေါ်ရေးတို့ ဖြစ်လာမည်ဟု အမေရိကန်သမ္မတကဆိုသည်။ 

မစ္စတာ နေတန်ညာဟုမှာလည်း အမေရိကန်သမ္မတကဲ့သို့ တစ်စုံတစ်ရာရမှ လိုချင်သည်ကို ပေးနိုင်မည်ဆိုသည့် Quid Pro quo သဘောကို အစ္စရေးရှိမီဒီယာကုမ္ပဏီဥက္ကဋ္ဌထံမှ တောင်းခံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ သူ၏ ကောင်းကြောင်းများကို အသားပေးဖော်ပြသည့်သတင်းဝေဖန်ချက်များကို ကြားလိုကြောင်း မီဒီယာသူဌေးထံမှ တောင်းခံခဲ့သည်။

ဤကဲ့သို့ နှစ်နိုင်ငံအလားတူဖြစ်ရပ်များမှာ တိုက်ဆိုင်မှုသက်သက်ထက်ပိုနေပါသည်။ မစ္စတာထရမ့်နှင့် နေတန်ညာဟုမှာ ခိုင်မာသော ရင်းနှီးမှုရှိုသည်။ အစ္စရေးနိုင်ငံနှင့်ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်က တစ်ခုပြီးတစ်ခု လိုက်လျောခဲ့သည်။ အစ္စရေးနိုင်ငံမှ လက်ယာယိမ်းသူများနှင့် အမေရိကန်မှထောက်ခံသူများအတွက် မြင်ရသူ အံ့သြလောက်အောင် လိုက်လျောခဲ့သည်။ ပါလက်စတိုင်းဒုက္ခသည်များကိုကူညီနေသော ကုလ သမဂ္ဂအေဂျင်စီသို့ ထောက်ပံ့ငွေများ ဖြတ်တောက်ခဲ့သည်။ ဂျေရုစလင် မြို့ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်ပေးပြီး အမေရိကန် သံရုံးကို ရွှေ့ပြောင်းခဲ့သည်။ 

တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရိုက ဂိုလန်ကုန်းပြင်မြင့်တွင် အစ္စရေးလူမျိုးများ အခြေချနေထိုင်မှုကို အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းမရှိကြောင်း ကြေညာခဲ့ပြန်သည်။

ဤကဲ့သို့ကြေညာခြင်းများမှာ မစ္စတာနေတန်ညာဟု၏နိုင်ငံရေး ပုံရိပ်ကို ပိုမိုကောင်းမွန်လာအောင် မစွမ်းဆောင်နိုင်ကြပါ။ အစ္စရေးကို လိုက်လျောခြင်းများသည် မစ္စတာထရမ့်ကို မဲပေးသောအမေရိကန် နိုင်ငံအတွင်းမှ လူများကို စည်းရုံးမိအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု လည်း ယူဆနိုင်ပါသည်။ သို့ပါသော်လည်း အစ္စရေးက ဂိုလန်ကုန်း ပြင်မြင့်ကိုသိမ်းပိုက်ခြင်း၊ ထိုနေရာကိုကျူးကျော်၍ အခြေချနေထိုင်ခြင်း စသည်တို့ကို တရားဥပဒေနှင့်ညီအောင်ပြုလုပ်နိုင်မည်မဟုတ်ပါ။

အာရပ် - အစ္စရေးပဋိပက္ခတွင် အမေရိကန်တို့၏ အနေအထားမှာ ကြားမှပြန်ဖြေခြင်းအနေအထားမှ အစ္စရေးဘက်သို့ တစ်ဖက်သတ် လိုက်ပေးခြင်းဖြစ်ပြီး မိမိ၏ကဏ္ဍကို မှေးမှိန်အောင်ပြုလုပ်ခြင်းလည်း ဖြစ်ပါသည်။ ဤကဲ့သို့သောကြေညာချက်ကြောင့် အမေရိကန်တို့ကို ပိုမိုသိက္ခာကျစေနိုင်ပါသည်။ ထို့ကြောင့်အမေရိကန်၏ အပြုအမူများ သည် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကို ကူညီရန် ရည်ရွယ်ချက်မှာလည်း မအောင်မြင်ပါ။

မစ္စတာနေတန်ညာဟု၏ဒုက္ခများမှာ သူ၏ရန်သူများအတွက် ဂုဏ်ယူစရာများမဟုတ်ကြပါ။ သူ့ကို စွဲဆိုထားသောပြစ်မှုများမှာ အားလုံးထင်ရှားပြတ်သားပြီး သူအပြစ်ရှိသည်ဟု ဆုံးဖြတ်၍မရပါ။ ဤကဲ့သို့ လိပ်ခဲတည်းလည်းဖြစ်ရခြင်းမှာလည်း အတိုက်အခံတို့အဖို့ အောင်ပွဲခံရမည့်အချိန် မဟုတ်သေးပါ။ အထူးသဖြင့် အစ္စရေးကဲ့သို့ ရန်သူများ ဝိုင်းဝိုင်းလည်နေသည့်နိုင်ငံအဖို့ အင်အားတောင့်တင်းသည့် ခေါင်းဆောင်ကောင်းလိုသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။

(၃)

နေတန်ညာဟုအဖို့ လွန်ခဲ့သော ၁၁ နှစ်ကပြောခဲ့သလို တိုင်းပြည် အတွက် အရေးတကြီးလိုအပ်နေချိန်တွင် မိမိကိုယ်ကျိုးကို ပြောနေမည့်အစား တိုင်းပြည်အတွက် အရေးကြီးသည့်ကိစ္စကိုသာ ပြောစေလိုသည်။ မိမိနိုင်ငံရေးအရ ရပ်တည်နိုင်ရေးအတွက် တစ်ခုပြီးတစ်ခု လျှောက်လုပ် လျှောက်ပြော လုပ်ရမည့်အချိန် မဟုတ်တော့ပါ။

ကိုသန်းလွင်

Ref: Natanyahu's cry sound familiar , Editorial New York Times November 25 2019