News

POST TYPE

ARTICLE

ကျားဖောင်ပေါ်မှာ ငါးမျှားမယ်
01-Dec-2019


မြန်မာပြည်မှာ အခုနောက်ပိုင်း ပေါလာတာဆိုလို့ ငါးမျှားသမား တွေပဲရှိတယ်။ ကျန်တာတွေက သိပ်မပေါဘူး။ အကုန် ဈေးကြီးကြတယ်။ ငါးမျှားသမားတွေကတော့ ဘာလို့ ပေါလာမှန်း မသိဘူး။ နိုင်ငံခြားကပြတဲ့ ဗီဒီယိုတွေ ကြောင့်ဖြစ်မယ်။ 

အစိုးရချတဲ့ ကောက်ချက်လိုမျိုးပေါ့။ ညစ်ညမ်း ရုပ်ရှင်တွေ လူတွေအလွယ်တကူကြည့်နိုင်လို့ မုဒိမ်းမှုတွေ ပေါလာတယ်ဆိုသလို။ အခုတော့ နိုင်ငံခြားက ငါးမျှားတဲ့ဗီဒီယိုတွေကို လူတိုင်းကြည့်နိုင်ပြီကိုး။ အဲ့ဒါ ကြောင့် ငါးမျှားသမားတွေ ပေါလာတာနေမယ်။ 

အဲ့ဗီဒီယိုတွေကို ရုပ်သံတွေမှာလည်းပြတယ်။ အင်တာနက်မှာ ပြကြတယ်။ ငါးကြီးတွေကို စက်သီးတွေ ကိုင်းတံတွေနဲ့မျှားကြတာ။ အဲ့ဗီဒီယိုတွေက တစ်နိုင်ငံလုံးကိုပျံ့သွားရော။ ဒီခေတ်ကလည်း အိမ်တိုင်းမှာ တီဗီရှိတယ်။ စလောင်းရှိတယ်။ မရှိရင်လည်း လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေမှာပြကြတယ်လေ။ ပြီးတော့ လူတိုင်းကလည်း ဖုန်းကိုယ်စီနဲ့။ 

အဲ့လို ငါးကြီးကြီးတွေကို မျှားပြတဲ့ ဗီဒီယိုတွေကိုကြည့်မိတယ်ဆိုရင်လည်း မြန်မာတွေက အားကျတယ်။ မြန်မာပြည်မှာက လူတိုင်းနီးပါး ငါးမျှားကြတယ်။ ဒါပေမဲ့ ခပ်သေးသေးပဲ။ ဝါးကိုင်းတံနဲ့ အကြီးတွေ မမျှားကြဘူး။ အကြီးတွေက ပိုက်ချရတာ။ အခုက ပိုက်ချ စရာမလိုဘဲ ကိုင်းတံနဲ့ပဲ ငါးမျှားလို့ရနေတော့ အားကျမိတာပေါ့။ 

အဲ့လိုနဲ့ ပိုက်ဆံလေးရှိလာရင် စက်သီးနဲ့ ကိုင်းတံနဲ့ ဝယ်ကြတယ်။ ငါးတွေမျှားကြတယ်။ ငါးမျှားသမားတွေရဲ့ ရည်မှန်းချက်က မှတ်တမ်းတင်နိုင်ဖို့ဆိုလည်း မမှားဘူး။ အချို့ကတော့ စားဖို့ပေမယ့် တော်တော်များများကတော့ ြွကားဖို့မျှားတယ်ဆိုရင်လည်း ပိုမှန်မယ်။ ဒီတော့ ငါးကြီးကြီးမိလိုကြတယ်။ ငါးကြီးကြီးနဲ့ ကစားချင်ကြတယ်။ အဲ့လို ငါးကြီးကြီးနဲ့ ကစားရတာလည်း အရသာပဲ။ ဗုဒ္ဓဘာသာတိုင်းပြည်မို့ သူများအသက် မသတ်ရဘူးဆိုသော်ငြားလည်း ငါးကိုတော့ ြွခင်းချက် ထားကြတယ်လေ။ 

ငါးကြင်းဗိုက်သားနဲ့ ငါးရံ့ခေါင်းဟင်းဆိုတာကလည်း သိပ်ကောင်းတာကိုး။ အဲ့လို ငါးကြီးကြီးမိဖို့ကလည်း လွယ်တာမဟုတ်ဘူး။ 

အခုနောက်ပိုင်းဆို ပိုဆိုး။ ငါးမျှားသမားတွေသာ ပေါလာတာ။ ငါးမျှားစရာနေရာက မရှိဘူး။ ငါးမျှားသမားတွေရဲ့ အိပ်မက်တစ်ခုကလည်း ငါးမျှားစရာ အိမ်ကွင်းကောင်းကောင်းလေးတစ်ခုလည်းပါတယ်။ အိမ်ကွင်းကောင်းကောင်းမှာ ငါးတွေထည့်ပြီးတော့လည်း မျှားချင်ကြတာပေါ့လေ။ 

ဒါပေမဲ့ အခုတော့ မလွယ်ဘူး။ အင်းတွေထဲမှာ မျှားတော့လည်း အင်းသူကြီးနဲ့အဖွဲ့ သတ်မှာကြောက်ရတယ်။ ကန်တွေကလည်း သူများမွေးထားတာ။ ချောင်းတွေ မြောင်းတွေကလည်း ရှော့ခ်တိုက်သမားတွေကြောင့် ကုန်ပြီ။ ဆေးချပြီး ဖမ်းတဲ့လူကရှိသေး။ 

အင်းလျားတို့၊ ကန်တော်ကြီးတို့မှာ မျှားပြန်တော့လည်း စည်ပင်က ဖမ်းသေးတယ်။ ဒီတော့ ငါးမျှားသမား တွေဟာ ကွင်းပျောက်လို့ ပိုက်ဆံပေးရတဲ့နေရာသွား မျှားကြတယ်။ တော်တော်များများ အခပေးကန်တွေက ဂျင်းတွေများတယ်။ ငါးသေးသေးတွေပဲရှိတယ်။ ဈေးကကြီးတယ်။ ဆက်ဆံရေးကမကောင်း။ 

အဲ့တော့ ငါးမျှားသမားတွေရဲ့ ငါးကြီးကြီးမိရေး ရည်မှန်းချက်အတွက် ပင်လယ်ကို ထွက်မျှားကြတယ်။ ဒါပေမဲ့ ပင်လယ်ကိုထွက်မျှားဖို့ လွယ်တာမဟုတ်ဘူး။ ကိုင်းတံ၊ စက်သီး၊ ကြိုး၊ အရုပ်၊ အစာဖိုးတွင် သိန်းကို ဆယ်နဲ့ချီတယ်။ ကမ်းခြေကနေပဲ မျှားလို့ရတာမဟုတ်။ ပင်လယ်ထဲကို သုံးလေးရက်ထွက်ရတယ်။ အဲ့တော့ လှေငါးခ စားစရိတ်၊ ဘာညာကလည်း ဆယ်သိန်းနီးပါး။ 

အဲ့တော့ တော်ရုံလူတွေ မသွားနိုင်ရှာဘူး။ ပိုက်ဆံ ရှိတဲ့လူလောက်မှ။ ဒါတောင် သူတို့လည်း ချင့်ချိန်ပြီးသွားရရှာတာ။ ပင်လယ်ကိုသွားပြီး ငါးမျှားတိုင်းလည်း မိတာမဟုတ်ဘူးလေ။ မျှားနည်းတွေ၊ ပစ္စည်းတွေစုံလင်မှ။ ပြီးတော့ ငါးကိုလည်းတွေ့ ဦးမှ။ မုန်တိုင်းတွေ ဘာတွေ နဲ့ကြုံရင်လည်းမျှားမရတော့ဘူး။ 

အဲ့လို ဈေးကြီးတဲ့ ပင်လယ်ငါးမျှားတာကို ငါးမျှားသမားတွေဟာ အိပ်မက်ပဲ မက်နိုင်တယ်။ ပြီးတော့ ငါ့ကို ဘယ်သူများ စပွန်ဆာပေးပြီး ခေါ်သွားမလဲလို့ မျှော်လင့် ကြတယ်။ ပင်လယ်ငါးမျှားနေတဲ့ သူဌေးတွေနဲ့ တည့်အောင်ပေါင်းရတယ်။ သူတို့ စိတ်လည်ပြီး အကုန်အကျခံခေါ်သွားရင် နည်းနည်းပါးပါးမျှားရတာပေါ့လေ။ 

အဲ့တော့ ငါးမျှားသမားတွေကို အခြားကိစ္စနဲ့ မစည်းရုံးနဲ့ ပင်လယ်မှာ အလကားငါးသွားမျှားမယ်လို့သာ ပြောလိုက်။ လိုက်ပြီးသားပဲ။ ဘာလုပ်ပေးရပေးရ။ 

ဒါကြောင့်မို့ မောင်စိုပြေဟာ စဉ်းစားမိတယ်။ ငါးမျှားသမားတွေကို အခု နာမည်ကြီးနေတဲ့ ကျားဖောင်ပေါ်ကို ပို့လိုက်မယ်ဆိုရင်ရော။ လခလည်း ရဦးမယ်။ပင်လယ်ထဲမှာ နေ့တိုင်းလည်း ငါးမျှားရမယ်။ အဲ့ဒါဆို ငါးမျှားသမားတွေ စိတ်ဝင်စားကြမှာပဲ။ 

ဒါကြောင့် ပင်လယ်ပြင်မှာ စိတ်ကြိုက်ငါးမျှားခွင့်ရမယ့် အခွင့်အရေးကို လက်လွတ်မခံကြနဲ့ဆိုပြီး ကြေညာလိုက်မယ်။ မြန်မြန်စာရင်းပေးကြပေါ့။ အခုဆို မြန်မာပြည်မှာ စက်သီးနဲ့ ကိုင်းတံနဲ့မျှားတဲ့ ငါးမျှားသမားက သောင်းနဲ့ချီပြီးရှိတယ်။ လူတစ်ရာလောက်ပဲ စာရင်းပေးဦး။ အဆင်ပြေတယ်။ 

ပြီးရင် အဲ့လူတွေကို ဖျာပုံကိုခေါ်မယ်။ ဖျာပုံကနေ တစ်ဆင့် ဒေါ်ငြိမ်းဘက်ကို ဆက်သွားမယ်။ ဒေါ် ငြိမ်းကနေ ခါးပြတ်တို့၊ နောက်မီးတို့ ဗန်ဒါပင်တို့ဘက်ကို ဆက်သွား။ အဲ့က ဖောင်ပိုင်ရှင်တွေဆီမှာ အဲ့ ငါးမျှားသမားတွေကို ရောင်းစားလိုက်ရုံပဲ။ တစ်ယောက်ကို ၇ သိန်းရမယ်။ ဆယ်ယောက်ပဲ ရှိဦး။ စိုပြေဟာ သိန်း ၇၀ ရမယ်။ 

ဘယ်လောက်ကောင်းလိုက်သလဲ။ ငါးမျှားသမားတွေလည်း ၈ လလောက် ပင်လယ်ထဲမှာ ငါးမျှားရမယ်။ လခကလည်း ကိုးသောင်းလောက်ရဦးမယ်။ စိုပြေလည်း ပိုက်ဆံတွေရ။ 

အဲ... ကျားဖောင်ပေါ်မှာတော့ ခေါင်းဆောင်စကားကို နားထောင်ပေါ့လေ။ နားမထောင်ဘဲ ကလန်ကဆန်လုပ်ရင်တော့ အရိုက်အနှက်ခံရမယ်။ အထုအထောင်းခံရမယ်။ ကျိုးတာ ကန်းတာတွေ ဖြစ်ကုန်မယ်။ အဲ့ထက် ဆိုးရင်တော့ အသတ်ခံရပြီး ပင်လယ်ထဲ အမျှောခံလိုက်ရမယ်။ 

အဲ့တော့ လိမ်လိမ်မာမာနဲ့ ပင်လယ်ထဲမှာ ငါးမျှားချင်သူတွေ စိုပြေ့ကို ဆက်သွယ်ကြပါလို့။ စိုပြေ့မိတ်ဆွေတွေ၊ အမျိုးတွေက ခါးပြတ်ဘက်မှာ ကျားဖောင်တွေအများကြီးပိုင်ကြတာ။ ပင်လယ်မှာ ငါးအေးဆေးမျှားဖို့ ကျားဖောင်ပေါ်မှာ အလုပ်လုပ်ကြစို့။ 

စိုပြေ