News

POST TYPE

ARTICLE

ဆရာ့စွမ်းရည် နှင့် နည်းပညာ
24-Oct-2019


ပညာသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြား၍ အလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သည့်စွမ်းရည် ဖြစ်ပါသည်။ ထိုစွမ်းရည်ကို မျိုးဆက်သစ်များအား မျှဝေပေးနိုင်သူမှာ ဆရာ၊ ဆရာမများသာ ဖြစ်ပါသည်။ ဆရာ၊ ဆရာမများသည် ပညာ၏ အရင်းအမြစ်များသာဖြစ်ကြပါသည်။

၂၁ ရာစုသည် ပညာခေတ် ပညာရာစုဖြစ်ရာ အရည်အသွေးပြည့်ဝသည့်ပညာရေး (Quality Education) ကို ဖော်ဆောင်ရန်အတွက် အစွမ်းကုန် ကြိုးစားပြင်ဆင်လျက်ရှိပါသည်။ တတ်မြောက်မှုနှင့် သင်ကြားသင်ယူမှုတို့၏ အခြေမူလဖြစ်သော စဉ်းစားတွေးခေါ်မှုဖြစ်စဉ်တွင် ဆရာ၊ ဆရာမများသည် ပေါင်းကူးသဖွယ် ကြိုးပမ်းပေးနေကြရသည်။ ဆရာ၊ ဆရာမများထံတွင် ဖန်တီးနိုင်စွမ်းအပြည့်အဝ ရှိနေပါသည်။ 

ဆရာ၊ ဆရာမများ၏ လက်ထဲတွင် တပည့်များ၏အနာဂတ်ရှိနေပါသည်။ ထိုအခါ ဆရာ၊ ဆရာမများ၏ အားထုတ်ကြိုးပမ်းမှု၊ စိတ်စေတနာနှင့်အရည် အသွေးမြင့်မားမှုတို့သည် မရှိမဖြစ် အရေးပါလာရသည်။ ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍသည်လည်း ပင်မအချက်အချာအဖြစ် ပါဝင်လာပါသည်။

ထို့ကြောင့် ဆရာ၊ ဆရာမများ၏ ကောင်းမွန်သည့် စိတ်ထားများဖြင့် တပည့်များအား လမ်းညွှန်တည့်မတ်ပေးခြင်း၊ နည်းစနစ်ကျနစွာသင်ကြားပေးခြင်း၊ ဆရာ ကောင်းအင်္ဂါရပ်နှင့်အညီ ကျင့်သုံးနေထိုင်ခြင်း စသည်တို့သည် ဆရာ၊ ဆရာမများ၏ ကောင်းမြတ်သောဝိသေသ လက္ခဏာရပ်များ ဖြစ်ပါသည်။ အမှန်စင်စစ် ဆရာ၊ ဆရာမများသည် တပည့်များ၏ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာကြည့်လျှင် ထိုနိုင်ငံ၏ပညာရေး ဖွံ့ဖြိုးမှုမှစ၍ အခြေတည်ပြီး တိုးတက်ခဲ့သည်ကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ ပညာရေးသည်ပင် လူတစ်ဦးချင်းမှစ၍ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်နိုင်မှုများကို ပိုမိုတောက်ပြောင်လာစေသည့် အထောက်အပံ့ဖြစ်လာပါသည်။

ထို့ပြင် ဆရာ၊ ဆရာမများသည် ပညာပေးဝေရာ အရင်းအမြစ်တစ်ခုအဖြစ် လောကကိုအကျိုးပြုလျက်ရှိပါသည်။ တိုးတက်လာသောခေတ်စနစ်နှင့်အတူ ပညာရေးကို ပိုမိုအလေးပေးလာသည့်အလျောက် ဆရာများ၏ တာဝန်ဝတ္တရားများသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ဆရာ၊ ဆရာမများ၏ တာဝန်သည် သင်ကြားရုံမျှနှင့် ပြီးမြောက်အောင်မြင်ခြင်းမရှိပါ။ တပည့်များ၏ တိုးတက်ရာတိုးတက်ကြောင်းကိုလည်း တတ်စွမ်းနိုင်သမျှ နည်းလမ်းရှာကာ ကူညီပေးသူတစ် ယောက်ဖြစ်ရပါမည်။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” စသော ဆရာ့ကျင့်ဝတ်များနှင့်အညီ လမ်းညွှန်ပေးနိုင်သည့် ဆရာမြတ်များပင်ဖြစ်ကြပါသည်။

ဆရာကောင်း ဆရာမြတ်များ၏ စွမ်းရည်နှင့် အထောက်အပံ့သည် တပည့်များအတွက် အလွန်တရာ တန်ဖိုးရှိလှပါသည်။ အရည်အသွေးရှိသောဆရာ၊ ဆရာမတို့သည် သင်ယူမှုတိုးတက်အောင်ဆောင်ရွက်နိုင်ပြီး ဆရာ၊ ဆရာမများမပါဘဲ ပညာရေးစနစ်ကောင်းများဖန်တီးရန်မဖြစ်နိုင်သကဲ့သို့ ပညာရေးရည်မှန်းချက် များပြည့်မီအောင်လည်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည် မဟုတ်ပါပေ။ ယခုအခါ ကျွန်မတို့နိုင်ငံတွင် ပညာရေးအဆင့် ပြုပြင်ပြောင်းလဲမှုများတိုးမြှင့်ဆောင် ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားရေးသည် ပထမ ဦးစားပေးအချက်ဖြစ်ပြီး သင်ကြားသင်ယူမှုနည်းစနစ်များ အဆင့်မြင့်ရေးသည် ဒုတိယဦးစားပေးအချက် ဖြစ်ပါသည်။ သို့မှသာ ပညာရေးမှတစ်ဆင့် ကျွမ်းကျင် မှုစွမ်းရည်ရှိသော လူငယ်ပေါင်းများစွာကို ဆရာများက ပြုစုပျိုးထောင်နိုင်မည်လည်း ဖြစ်ပါသည်။

ပညာရေးဟုဆိုရာတွင် တီထွင်ဖန်တီးခြင်းနှင့် ဆန်းစစ်ဝေဖန်ပိုင်းခြားခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးထားမှုများနှင့် လူ့ကျင့်ဝတ် များအားလုံး အကျုံးဝင်ပါသည်။ ဆရာ၊ ဆရာမများသည် တပည့်များအား ပညာလက်ဆင့်ကမ်းရာတွင် ဦးနှောက်နှင့်နှလုံးသား နှစ်ခုလုံး အချိုးအစားမျှတရန် လိုအပ်ပါသည်။ ဦးနှောက်မှ တွေးတောကြံစည်၍ ဆန်းသစ်မှုများ ဖန်တီးနိုင်သော်လည်း နှလုံးသားမှ မွန်မြတ်သောတန်ဖိုးထားမှု၊ နားလည်မှုများ ပျောက်ဆုံး နေလျှင် တတ်မြောက်ထားသည့်ပညာများသည် လူမှုဝန်းကျင်ကို အကျိုးမဲ့သာ ဖြစ်စေနိုင်ပါသည်။ ထိုသို့တပည့်များကို ပညာရည်သာမက နှလုံးရည်ပြည့်ဝသော လူကောင်းလူတော်များအဖြစ် ပျိုးထောင်ရာတွင် သတိ ပြုရမည့်အချက်တစ်ချက်သည် ဆရာကိုယ်တိုင်ကလည်း “ပညာပြည့်ဝ နှလုံးလှ” သည့် ဆရာ၊ ဆရာမများ ဖြစ်အောင်ကြိုးစားဖို့ အထူးအရေးကြီးလှပါမည်။

ထို့ပြင် မျိုးဆက်သစ်များအတွက် ပညာရေး စနစ်သစ်ကို အကောင်အထည်ဖော်ရာတွင် ဆရာ၊ ဆရာမ များ၏ နည်းပညာကဏ္ဍအသုံးချမှုမှာ အရေးကြီးပါ သေးသည်။ သို့မှသာ နည်းပညာကိုကြားခံအသုံးပြု၍ တပည့်များ၏ ဦးနှောက်မှတ်နိုင်စွမ်းအားကောင်းလာ စေရန်၊ သင်ကြားရေးနှင့်ပတ်သက်၍ နားလည်မှု ပိုမို ရရှိလာစေရန် စွမ်းနိုင်ပါမည်။ သတင်းအချက်အလက်နှင့် ခေတ်မီပညာများကို နည်းပညာအကူအညီဖြင့် အထောက်အကူပြုသင်ကြားပေးနိုင်မည်လည်း ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့်လည်း ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နည်းပညာ တိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ ယနေ့တွင် အရည်အသွေးမြှင့် သင်ကြားရေး (Skill Learning) ကို ပို၍အလေးထားလာ၏။ ၎င်းသင်ကြားရေး၌ လေ့ကျင့်မှုပါ တစ်ပြိုင်တည်း လုပ်ဆောင်ပေးရန် လိုအပ်သည်။ ဆရာ၊ ဆရာမများသည် သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက်ရေးအတွက် Project Activities များ အသုံးပြုသင်ကြား ပြသပေးသင့်ပါသည်။ အမှန်စင်စစ်တပည့်များ၏အနာဂတ်ဖွံ့ဖြိုးရေးပန်းတိုင်သို့ ရောက်ရှိရန်မှာ နည်းပညာနှင့် လေ့ကျင့်ရေး ရှိရန်လိုအပ်သကဲ့သို့ လိုက်လျောညီထွေမှုရှိမည့် သင်နည်းစနစ်များကိုလည်း ဆရာ၊ ဆရာမများမှ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်အောင် သင်ကြားပေးဖို့ရန်လည်း အထူးအရေးကြီးပါသေးသည်။

ထို့ပြင် ဆရာ၊ ဆရာမများသည် ဆရာများ တတ်အပ်သည့် လုပ်ငန်းအတွက် အစဉ်တစိုက်လေ့လာနေပြီး တပည့်များအတွက် စွမ်းရည်ပြည့်ဝနေသူတစ်ဦး ဖြစ်ရပါမည်။ နည်းပညာနှင့်ပတ်သက်၍ ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုလမ်းပွင့်လာစေရန် ဆရာ၊ ဆရာမများမှ ရှေ့ဆောင်၍ စနစ်တကျ လမ်းဖောက် သင့်သည်။ နောက်ပိုင်းတက္ကသိုလ်များတွင် အင်တာနက်မှ တစ်ဆင့်သင်ကြားသည့် (E-education) စနစ်ကို အဝေးသင်ပညာရေးအဖြစ် စတင်အသုံးပြုနေပြီ ဖြစ်သည်။ ဆရာ၊ ဆရာမများမှ သင်ကြားပို့ချသည့် ဘာသာရပ်များကို နည်းပညာဖြင့်ဆက်သွယ်ပြီး တိုက်ရိုက်သင် ကြားနိုင်ပြီး အပြန်အလှန်မေးမြန်းဆွေးနွေးနိုင်သည့် အခြေအနေလည်း ဖြစ်နေပေပြီ။ သို့သော် ကမ္ဘာ့ရွာဟု တင်စားခေါ်ဝေါ်ကြသည့် နည်းပညာခေတ်တွင် ပညာရေး၌ ခေတ်မီနည်းပညာများကို အကျိုးရှိမှန်ကန်စွာ အသုံးမချတတ်လျှင် မျိုးဆက်သစ်များအတွက် နစ်နာဖွယ်ရာ အခြေအနေလည်း ရှိပါသည်။

ထိုသို့ ဆရာ၊ ဆရာမများက ဆရာ့စွမ်းရည်ဖြင့် နည်းပညာအသုံးချမှုများကို စနစ်တကျဖန်တီး၍ အစဉ်လေ့လာသင်ယူမှသာ ကောင်းမွန်လှပသည့် လူ့ ဘောင်အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ 

နဒီလှိုင်း (ရာမည)