News

POST TYPE

ARTICLE

ကျော်စိုး ငါးမျှားခြင်း
23-Oct-2019

ကျွန်တော် ငါးမျှားဝါသနာပါတာကိုတော့ အားလုံးသိကြသည်။ ကျွန်တော့်သူငယ်ချင်း ကျော်စိုး ငါးမျှားတာကိုတော့ ဘယ်သူမှ မသိကြသေး။ မသိဆို ကျွန်တော်ကလည်း ပြောမှ မပြောဖြစ်တာကိုး။ မပြောတာကလည်း အစက ကျော်စိုးတစ်ယောက် ငါးမျှားဝါသနာ သိပ်မထုံ။ ငယ်စဉ်က ဝါသနာအကြွင်းအကျန် ပဲရှိသည်။ 

အစက ကျွန်တော် ငါးမျှားတာကိုတောင် ကန့်ကွက်သေးသည်။ 

“မင်းကွာ...။ ဈေးထဲမှာ ဝယ်စားလည်းရနေ တာကို မျှားနေသေးတယ်”ဟု ကျော်စိုးက ဆိုတတ် သည်။ 

“မျှားရတာကို ကြိုက်လို့ မျှားတာ”လို့ ကျွန်တော်က ပြန်ပြောတော့ 

“အကုသိုလ်ကောင်”ဟု ကျော်စိုးက ဆိုသည်။ 

နောက်တော့ ကျွန်တော်လည်း တရုတ်ပြည် နှင့် အဆက်အသွယ်တွေရ၊ ငါးမျှားတံတွေသွင်း၊ ပြန်ရောင်း။ ဒီတော့ ကျော်စိုးကို ငါးမျှားတံနှင့် စက်သီး လက်ဆောင်ပေးဖြစ်သည်။ 

ဇာတ်လမ်းက အဲ့ကစမည်ဟု ဆိုသည်။ 

ယနေ့ခေတ်တွင် ငါးကို ဝါးကိုင်းတံနှင့် မမျှားကြတော့။ နိုင်ငံခြားဖြစ် ကိုင်းတံတွေ၊ စက်သီးတွေနှင့် မျှားလာကြသည်။ အစကတော့ ဝါးကိုင်းတံနှင့် မျှားလည်း ငါးမိတာပဲဟု ဆိုသူများလည်း သူများတွေက နိုင်ငံခြားဖြစ်တွေကိုင်တော့ အားကျပြီး လိုက်ကိုင်လာကြသည်။ အရသာ မတူတာကိုလည်း သိသွားကြသည်။ 

တကယ်တော့ မြန်မာပြည်တွင် မြို့ပေါ်နေလူ အချို့မှလွဲ၍ လူတိုင်းနီးပါး ငါးဖမ်းခဲ့ဖူးကြသည်။ ကမ္ဘာဦးလူတို့လည်း ငါးတွေဖမ်း၊ တောတွေလိုက်ပြီး အသက်ရှင်ခဲ့ကြတာပဲ မဟုတ်လား။ ဘိုးဘေးဘီဘင်များက ငါးတွေဖမ်းခဲ့ကြတော့ လူတိုင်းမှာ အဲ့မျိုးစေ့တွေ ပါကြသည်။ အဲ့တော့ လူတိုင်းတွင် ငါးဖမ်းလိုသည့်အတွင်းစိတ်တွေ ကိန်းအောင်းနေကြသည်။ 

ကျွန်တော်နှင့် ကျော်စိုးက တောသားများပီပီ ငါးမျှားတာကို ပို၍ နှစ်ခြိုက်ကြသည်။ တကယ်တော့ ငါးမျှားခြင်းမှ မဟုတ်ပါ။ ကဏန်းနှိုက်ခြင်း၊ အိုင်ပက်ခြင်း၊ ပိုက်တားခြင်း၊ ကွန်ပစ်ခြင်း၊ ဒလူး (ရင်တွန်း) ထိုးခြင်းတို့ကို ငယ်စဉ်ကတည်းက လုပ်ခဲ့ကြသည်။ အသက်ကြီးသည့်အထိ အခွင့်ကြုံလျှင်လည်း လုပ်တုန်းပင်။ 

ငါးကို နည်းမျိုးစုံနှင့် ရှာကြသည်။ 

ငယ်ငယ်တုန်းကတော့ မိဘတွေက ငါးရှာ ဖားရှာတာကို ဆူသည်။ ရိုက်သည်။ ကြီးလာတော့ ငါးမျှားတာကို မိန်းမတွေက မကြိုက်။ အဲ့တော့ မိန်းမတွေ ဆူတာကို ခံရသည်။ မိန်းမတွေ ဆူပူနေသည့်ကြားမှ အကြောင်းရှာ အပြင်ထွက်ပြီး ငါးခိုးမျှားကြ၏။ သိသည့်အတိုင်း ရန်ကုန်မှာကလည်း ငါးမျှားစရာ နေရာက ရှိတာမဟုတ်။ အရင်လို မြောင်းတွေထဲ မျှားရအောင်လည်း ညစ်ပတ်နေသည်။ အဲ့မြောင်းတွေထဲက ရသည့်ငါးကို စားဖို့မပြောနှင့် လက်နှင့်ကိုင်ဖို့ တောင် အဆင်မပြေအောင် ရေတွေက ညစ်ပတ်နေသည်။ ပြောသာပြောတာပါ။ အဲ့လို မြောင်းပုပ်တွေထဲ ငါးတွေ ရှိရော ရှိသေးရဲ့လားမသိ။ 

ဒါ့ကြောင့် စည်ပင်ပိုင်ကန်တွေကိုသွားပြီး ပိုင်ရာဆိုင်ရာတွေနှင့် ချိတ်ဆက်ကာ ငါးခိုးမျှားရသည်။ အိမ်က မသိအောင်လည်း ခိုးမျှား၊ စည်ပင်မသိအောင်လည်း ခိုးမျှား။ ငါးမျှားတာက အပြစ်တစ်ခု။ အိမ်ကို လိမ်ပြီးမျှားတာက တစ်ခု။ အစိုးရပိုင်ကန်မှာ ခိုးမျှား တာက အပြစ်တစ်ခု။ ဒီတော့ ငါးမျှားသမားတစ်ယောက်သည် တော်တော်အပြစ်များသည်ဟု ဆိုရမည်။ 

ပြန်ဆက်ရလျှင်တော့ ကျော်စိုး ငါးမျှားတံရပြီ။ ရသည့် ငါးမျှားတံဖြင့် အင်းလျားကန်ထဲ ကျွန်တော်တို့ ငါးခိုးမျှားကြသည်။ ကျွန်တော်မျှားနေကျနေရာသို့ ကျော်စိုးကို ခေါ်သွားခြင်းဖြစ်သည်။ ဒီအတိုင်းတော့ မဟုတ်။ အရက်တိုက်မည်ဆိုပြီး ခေါ်သွားခြင်းပင်။ ကျော်စိုးကိုလည်း ငါးမျှားနည်းတွေ ပြန်သင်ပေးရင်း ပေါ့။ နိုင်ငံခြားဖြစ် ငါးမျှားတံတွေနှင့် ငါးမျှားရတာက သိပ်တော့မခက်။ သိပ်တော့လည်းမလွယ်။ 

အဲ့နေ့က ကျွန်တော် ငါးမမိ။ ကျော်စိုးကတော့ ပိဿာကျော်သည့် ငါးလေးကောင်မိကာ နှစ်ကောင် ပြန်လွှတ်သည်။ အဲ့မှာ ကျော်စိုးတစ်ယောက် ငါးကြီးမျှားရသည့်အရသာကို သိသွားတော့သည်။ ထိုနေ့ကတော့ ကျော်စိုးနှင့် ကျွန်တော်တို့ တစ်ယောက် ငါးတစ်ကောင်စီယူကာ ပြန်ကြသည်။ 

နောက်ပိုင်းတော့ ကျွန်တော်လည်း အလုပ်ရသဖြင့် ငါးသိပ်မမျှားဖြစ်။ ကျော်စိုးတစ်ယောက်သာ အချိန်ရှိတိုင်း ငါးသွားမျှားနေတော့သည်။ အစပိုင်းတော့ ငါးက မိသေးသည်။ နောက်ပိုင်းတော့ ကျော်စိုးလည်း ငါးသိပ်မမိတော့။ ဒါကလည်း ထုံးစံဖြစ်သည်။ ပထမဆုံး ငါးစမျှားသူများ မကြာခဏ ငါးမိတတ်သည်။ မမျှားတတ် မျှားတတ်နှင့် မျှား။ ငါးတွေမိ။ အဲ့တော့ ငါးမျှားသူလည်း ပိုးတွေဝင်ကုန်သည်။ ကျော်စိုးလည်း ပိုးတွေဝင်တော့ ငါးမျှားတံတွေ ထပ်ဝယ်သည်။ ငါးမျှားတံ များများနှင့်မျှားလျှင် ငါးပိုမိသည်ဟု တွေးသည်ဟုဆို၏။ အဲ့တော့ ကျွန်တော်လည်း ကိုင်းတံတွေ ရောင်းရတာပေါ့လေ။ ငါးမျှားတံများများနှင့် မျှားတတ်ပြီဟု ထင်သည့်နောက်ပိုင်း ကျော်စိုး ငါးတွေ သိပ်မမိတော့။ တစ်ခါတလေမှသာ မိတော့သည်။ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ကဲ့သို့ပင်။ 

အဲ့တော့ ကျော်စိုး တင်းသည်။ ငါးမျှားသမား တစ်ယောက်အတွက် ငါးမရတာဟာ ရှက်ဖို့ကောင်းသည်။ ရပ်ကွက်ထဲပြန်လျှင် ကိုင်းတံတွေသာပါပြီး ငါးမပါလာလျှင် မျက်နှာငယ်ရသည်။ အဲ့တော့ ကျော်စိုးတစ်ယောက် ငါးမမိသောနေ့များတွင် မျှားနေသူအချင်း ချင်းကြား ငါးလိုက်ဝယ်သည်။ အချင်းချင်းတွေကလည်း ပထမတော့ အလကားပေးကြသေးသည်။ နောက်ပိုင်း ခဏခဏဆိုတော့ ငါးမပေးတော့။ ဒီတော့ ညဈေးသို့သွားကာ ငါးဝယ်ရသည်။ သို့သော်လည်း ဈေးကအလွန်ကြီး၏။ လတ်လည်း မလတ်။ တစ်ခါတလေ ကျော်စိုးတစ်ယောက် ပင်လယ်ငါးကြီးဝယ်လာမိသည့် အခါလည်းရှိသည်။ သွားမျှားတာက အင်းလျားက ရေချိုကန်မှာ။ ရပ်ကွက်ထဲ သယ်ပြီး ပြန်လာတော့ ပင်လယ်ငါးကြီး။ ငွေဆောင်သွားမျှားတာလားဟု သိသူတွေက နောက်ကြသည်။ 

“အင်းလျားကန်ထဲ ဒီငါး ဘယ်လိုရောက်နေမှန်းမသိပါဘူးကွာ” ဟု ကျော်စိုးက လှိမ့်သည်။ 

နောက်တော့ ကျော်စိုး စိတ်ပျက်ပြီ။ ငါးကလည်း မမိ။ ငါးဝယ်ရတာကလည်း ပိုက်ဆံကုန်သည်။ အဲ့တော့ ငါးမျှားခြင်းကို ခေတ္တရှောင်ပြန်၏။ ထိုအချိန်တွင် ကျော်စိုးလေ့လာ၏။ မေးမြန်း၏။ 

ငါးတွေ ဘာကြိုက်သလဲ။ ငါးမိအောင် ဘယ်လိုလုပ်ရမလဲ စသည်ဖြင့်ပေါ့လေ။ ငါးတွေ ဖွဲကြိုက်သည်။ တီကြိုက်သည်။ ဖားကြိုက်သည်။ ဒါပေမဲ့ ကျော်စိုးမျှားကြည့်သော်လည်း သိပ်မရခဲ့။ နောက်ဆုံးတွင် ဟိုမေးဒီမေးနှင့် ငါးတွေကြိုက်သည့်အရာကို ကျော်စိုးသိသွားသည်။ ဘာလဲဆိုတော့ အီးပင်ဖြစ်သည်။ မစင်ဟုလည်း ခေါ်ကြသည်။ 

အိမ်သာနားတွင် ငါးများ ဘာကြောင့်ပေါသလဲကို ကျော်စိုး အရင်က မသိ။ အခုတော့ သိပြီ။ ထိုအီးနှင့် ကျော်စိုးမျှားတော့မည်။ 

ဒါပေမဲ့ အီးရအောင် ဘယ်လိုလုပ်မလဲ။ သူများအီးတွေ လိုက်တောင်းလို့လည်းမဖြစ်။ အိမ်သာကျင်းထဲက နှိုက်ရအောင်လည်း ရန်ကုန်အိမ်သာတွေက အဆင်မပြေ။ အရည်တွေသာထွက်သည်။ အဖတ်တွေ မရ။ 

နောက်ဆုံး ကျော်စိုးတစ်ယောက် အိမ်သာတက်ချိန် ကြွပ်ကြွပ်အိတ်လေး ယူသွားသည်။ ပြီးလျှင် အီးတွေထုပ်ပြီး ပြန်လာသည်။ ထိုအီးဖြင့် မျှားသည်။ အီးတုံးကြီးကိုချိတ်ပြီး မျှားခြင်းတော့မဟုတ်။ အီးနှင့် ရွှံ့တို့နယ်ရသည်။ ဖွဲဖြင့် နယ်ရသည်။ ပြီးမှ အစာတပ်ပြီး မျှားခြင်းဖြစ်သည်။ ကိုယ်မျှားမည့် နေရာကိုလည်း အီးနည်းနည်းကြဲပေးထားရသည်။ 

ကျော်စိုးတစ်ယောက် မိလိုက်သည့်ငါးတွေ။ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန် အစုံမိသည်။ မိသည့်ငါးတွေကို ကိုယ်တိုင်တော့မစား။ ကျွန်တော့်ကိုလည်း လာပေးသည်။ မသိတော့ စားလိုက်မိ၏။ 

ဒါပေမဲ့ ခက်တာက ကိုယ့်အီးကိုယ် ကိုင်ရတာ သိပ်မမိုက်ဟု ကျော်စိုးထင်သည်။ တော်တော်လည်း နံသည်။ 

အဲ့အချိန်တွင် ကျွန်တော့်မိန်းမက ကလေးမွေးသည်။ မွေးပြီး တစ်လလောက်ကြာတော့ ကျော်စိုးလည်း လာကြည့်၏။ ထိုအချိန်တွင် ကလေးကို ဒိုက်ဘာလဲ ပေးနေချိန်။ ကလေးကလည်း အီးတွေပါထား၏။ 

ကျော်စိုးမျက်နှာ လင်းလက်သွားသည်။ ထိုနေ့က ထိုဒိုက်ဘာကို ကျော်စိုးပင် ယူသွားသည်။ ဘာလုပ် မလို့လဲမေးတော့ “ငါးမျှားမလို့” တဲ့။ 

နောက်ပိုင်း ကျော်စိုးတစ်ယောက် ငါးမမျှားခင် ကျွန်တော့်အိမ်ကို လာသည်။ ပြီးလျှင် ကလေးအီးပေနေသည့် ဒိုက်ဘာတွေယူသည်။ ငါးသွားမျှားသည်။ 

ကျော်စိုးတစ်ယောက် မိလိုက်သည့်ငါးတွေ။ အီးပေနေသော ဒိုက်ဘာကို ကတ်ကြေးဖြင့်ညှပ်ပြီး မျှားခြင်းဖြစ်သည်။ ငါးတွေက အီးနံ့ရကာလာသည်။ ပေါင်မုန့်လိုလို ဒိုက်ဘာကို တွေ့တော့စားသည်။ အဲ့တော့ ကျော်စိုး ငါးရသည်။ ဒါပေမဲ့ သူက ငါးမစား။

ဒီတော့ ဈေးထဲကိုပဲ တစ်ဝက်ဈေးနှင့် ပြန်သွင်းတော့သည်။ အခုဆို ကျော်စိုးတစ်ယောက် မိသောငါးတွေကို ပြန်ရောင်းတာနှင့်ပင် အခြားအလုပ်တွေ လုပ်စရာမလိုတော့။ ပိုက်ဆံတွေ ထောနေသည်။ ကျွန်တော်ကတော့ ဘယ်တော့မှ ကျော်စိုးနှင့် ငါးတူတူမမျှားရန် ဆုံးဖြတ်ထားသည်။ 

ဒါပေမဲ့ ကလေးအီးပေနေသော ကလေးဒိုက်ဘာ တွေကိုတော့ သူငယ်ချင်းအချင်းချင်းမို့ အမြဲထောက်ပံ့ ပေးပါသည်။

စိုပြေ