News

POST TYPE

ARTICLE

အောင်လအန်ဆန် (သို့မဟုတ်) လူသားအသည်းနှလုံးနဲ့ ဖိုက်တာ (၄)
22-Oct-2019

ရေကုန်ရေခန်း ထိုးသတ်ခဲ့ရသော အောင်လနှင့် ကင်ဟာဆီဂါဝါ

ကိုယ်အလေးချိန် မတိမ်းမယိမ်း၊ အရပ်အမောင်း မတိမ်းမယိမ်း၊ အသက်အရွယ် မတိမ်းမယိမ်းရှိသော အောင်လနှင့် ကင်ဟာဆီဂါဝါတို့၏ မစ်ဒယ်ဝိတ် ချန်ပီယံလုပွဲက အောင်လ၏ အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်သလို One Championship ၏ အကောင်းဆုံးပွဲစဉ် တစ်ပွဲလည်းဖြစ်သည်။ တစ်ချီ ငါးမိနစ်၊ ငါးချီ အပြည့် ထိုးပြီး အောင်လ၏ လက်သီးချက်ဖြင့် ကင်ဟာဆီဂါဝါ အရုပ်ကြိုးပြတ်လဲကျ ပွဲသိမ်းနိုင်ခဲ့သော ပွဲကြီးပွဲကောင်းတစ်ခုဖြစ်သည်။ ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူပြီး မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို အောင်လက ထိုက်တန်စွာ အနိုင်ယူခဲ့သည့်ပွဲဖြစ်သည်။

Spirits of warriors ခေါင်းစဉ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင် ကျင်းပခဲ့သည့် One Championship ပြိုင်ပွဲ၏ အဓိက ပွဲစဉ်မှာ အောင်လနှင့် ကင်ဟာဆီဂါဝါတို့၏ မစ်ဒယ်ဝိတ် ချန်ပီယံလုပွဲဖြစ်သည်။ အရပ် ၅ပေ ၁၁လက်မ၊ ကိုယ်အလေးချိန် ၂၀၅ ပေါင်၊ အသက် ၃၂ အရွယ်ရှိ ဂျပန်လူမျိုး MMA ကစားသမား ကင်ဟာဆီဂါဝါက အသက် ၃၄ နှစ်၊ ကိုယ်အလေးချိန် ၂၀၅ ပေါင်၊ အရပ် ၆ ပေ ၁ လက်မရှိ အောင်လထက် အသက်ငယ်သည်။ အဓိက ပွဲကြီးတစ်ပွဲဖြစ်သည်နှင့်အညီ ထိုပွဲတွင် အောင်လရော ကင်ဟာဆီဂါဝါပါ အထိနာကြသည်။ သူထိုး ကိုယ်ထိုး ပြိုင်ထိုးကြပြီး နောက်ဆုံး စတုတ္ထ၊ ပဉ္စမချီများတွင် နှစ်ဦးစလုံး ပါဝါကုန်သလောက်ဖြစ်နေကြပြီ။ အောင်လရော ဟာဆီဂါဝါပါ မျက်လုံးများ ပိတ်လုခမန်းဒဏ်ရာများ ရနေခဲ့ကြပြီး ပဉ္စမအချီတွင် အောင်လ၏ ဘယ်ပင့်လက်သီးဖြင့် ဟာဆီဂါဝါ မှောက်လဲကျခဲ့ရသည်။ 

ထိုပွဲစဉ်မှာ MMA ပြိုင်ပွဲ၏ အကောင်းဆုံးပွဲစဉ် တစ်ပွဲဟု ဆိုနိုင်သည်။ အစောပိုင်း ပထမအချီ၊ ဒုတိယ အချီများတွင် နှစ်ဦးစလုံး Stand Fight လက်သီး အပြိုင်ထိုး တိုက်ခိုက်ခဲ့ပြီး နှစ်ဦးစလုံး အထိနာခဲ့ကြသည်။ တတိယအချီတွင် ဟာဆီဂါဝါက အောင်လကို ချုပ်ကိုင်ရန် ကြိုးစားခဲ့သော်လည်း အောင်လ ရုန်းထွက်နိုင်ခဲ့သည်။ စတုတ္ထအချီတွင် သူတစ်ပြန် ကိုယ်တစ်ပြန် ချုပ်နိုင်ခဲ့ကြပြီး နောက်ဆုံးတွင် အောင်လက အပေါ်စီးမှ ချုပ်နိုင်ခဲ့သည်။ သို့သော် ဟာဆီဂါဝါကို ထိရောက်သော တိုက်ခိုက်မှုမပြုနိုင်ခဲ့။ နှစ်ဦးစလုံး သက်လုံကုန်ဆုံးနေသော ပဉ္စမအချီ၌ ပွဲကို ဖြတ်နိုင်ခဲ့သူမှာ အောင်လဖြစ်သည်။ အောင်လ၏ အားပါသော နောက်ဆုံး ပင့်လက်သီးက ဟာဆီဂါဝါ မေးရိုးကို တည့်တည့်ထိပြီး ဟာဆီဂါဝါ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ် မှောက်လျက်လဲကျသည်။ ထိုက်တန်သော အနိုင်ကို သုဝဏ္ဏအားကစားရုံထဲက မြန်မာပရိသတ်ရှေ့မှောက်မှာ အောင်လ ရယူနိုင်ခဲ့သည်။

မြန်မာသူရဲကောင်း အောင်လ

Burmese Python ဟု ထင်ရှားသော အောင်လတစ်ယောက် မြန်မာသူရဲကောင်းဖြစ်ခဲ့ပြီ။ One Championship ပြိုင်ပွဲများနှင့်အတူ ကိုယ်ခံပညာပေါင်းစုံ ပွဲစဉ်တိုင်းလိုလို ပရိသတ်ကျေနပ်အောင် နိုင်ပွဲရယူပေးနေသော အောင်လက မြန်မာတို့၏ အသည်းနှလုံးကို ဆွဲကိုင်လှုပ်နိုင်ခဲ့သည်။ မြန်မာလူမျိုးတွေ နှစ်သက်သော ဘောလုံးပြိုင်ပွဲများတွင် မြန်မာအသင်း အမြဲတမ်းရှုံးနိမ့်နေသော်လည်း MMA ပြိုင်ပွဲမှာတော့ အောင်လက နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည်။ 

အောင်လ၏နိုင်ပွဲကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဂုဏ်ပြုဆုချီးမြှင့်သလို နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နေပြည်တော်ရှိ နေအိမ်မှာ လက်ခံတွေ့ဆုံ ဂုဏ်ပြုခဲ့သည်။

အောင်လ ဘယ်လိုလူလဲ...

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်မှာ အမေရိကန်နိုင်ငံသား ခံယူထားသော်လည်း သူ့အသွေးအသားက မြန်မာဖြစ်သည်။ မာကျောပြီး စိတ်ဓာတ်ခိုင်မာသော အားကစားသမားကောင်းတစ်ယောက်ဖြစ်သလို ရိုးသားမှုတွေကို အောင်လဆီမှာ တွေ့ရသည်။ စကားကိုအပို မပြောတတ်သလို ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။ “ကျွန်တော် နှစ်ချီအတွင်း အနိုင်ကစားမယ်” ဟု ပြောလျှင် သူပြောသလို နှစ်ချီအတွင်း ပွဲပြတ်သည်။ အကြာကြီးထိုးနေသောပွဲမျိုးကိုမူ “ကုလားကားလို ကောင်းလား”ဟု မေးသည်။ ပြိုင်ဘက်ကစားသမားကို သူက လေးစားသည်။ ရှုံးနိမ့်သွားသော ပြိုင်ဘက်ကို အားကစားသမားကောင်းပီသစွာ ပွေ့ဖက်နှုတ်ဆက်သည်။ သုဝဏ္ဏအားကစားရုံမှာ ထိုးသတ်သော ပြိုင်ပွဲတိုင်း မြန်မာအလံကိုခြုံ၍ ပွဲထွက်သည်။ ကြိုးဝိုင်းထဲက မြန်မာပရိသတ်ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်သည်။ အောင်လ၏ ပွဲထွက် ဂီတကလေးဖြူ၏ “အမဲလိုက် အက”။ ထိုသီချင်းသံနှင့်အတူ အောင်လ ပွဲထွက်လာ လေ့ရှိသည်။ 

သူက မြန်မာကို ချစ်သလို မြန်မာနိုင်ငံသားတွေကိုလည်း စည်းလုံးညီညွတ်စေချင်သည်။ သူ၏ ဇာတိ ကချင်ပြည်နယ်သို့ သွားပြီး စစ်ဘေးရှောင်စခန်းမှာ ဒုက္ခသည်တွေကို အားပေးသည်။ အောင်လလာလျှင် ကချင်ပြည်နယ် ပရိသတ်တွေက သူရဲကောင်းတစ်ဦးလို ကြိုဆိုသည်။ သူ့အနားမှာ ကလေးငယ်လေးတွေ ဝိုင်းနေသည်။ ပရဟိတ အလှူဒါနတွေ လုပ်သည်။ လုံချည်ဝတ်သည်။ မျက်နှာမှာ သနပ်ခါးပါးကွက်ကျားလိမ်းပြီး မြန်မာ့ယဉ်ကျေးမှုကိုပြသည်။ တစ်နေ့နေ့ တစ်ချိန်ချိန် မြန်မာနိုင်ငံမှာ MMA ကစားနည်း တိုးတက်အောင် သင်တန်းလာဖွင့်လိုကြောင်း ပြောသည်။

အောင်လ၏ အောင်မြင်မှုက Brand ဖြစ်လာသည်။ အချိုရည်ကုမ္ပဏီက အောင်လနှင့် ကြော်ငြာ ဖန်တီးသည်။ အောင်လမှာ မာနမရှိ။ သူကူညီလို့ရတာ ကူညီသည်။ ၂၀၁၆ မှ ၂၀၁၈ နှစ် နှစ်တာကာလအတွင်း အောင်လသည် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး အားကစားသမားဖြစ်လာခဲ့သည်။ One Championship နှင့် လက်တွဲပြီးကတည်းက အာရှတစ်လွှား MMA ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွေမှာ အောင်လက အကျော်ကြားဆုံးနှင့် အအောင်မြင်ဆုံး ဖြစ်လာခဲ့သည်။ 

အောက်တိုဘာလ ၁၃ ရက်၊ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖိလစ်ပိုင်-အမေရိကန်ကပြား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒွန် ဗီရာနှင့် ထိုးသတ်ခဲ့သည့် ပွဲစဉ်အပါအဝင် ၂၀၀၅ ခုနှစ် မေလကစ၍ အောင်လ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် MMA ပွဲစဉ်ပေါင်း ၃၆ ပွဲ ရှိခဲ့ပြီး ၂၆ ပွဲနိုင်၊ ၁၀ ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားသည်။ အောင်လ၏ MMA ကစားသမားဘဝက ချောမွေ့သော ခရီးလမ်းမဟုတ်ခဲ့။ အမေရိကမှာ ပထမဦးဆုံး ထိုးသတ်ခဲ့သော ပွဲစဉ်မှာ သူရှုံးခဲ့သည်။ သူ့ဖြတ်သန်းမှုကို အရှုံးနှင့် စခဲ့ရသည်။ 

သည်လို အောင်မြင်ကျော်ကြားမှုတွေ မရလာမီ အောင်လ ဖြတ်သန်းလာခဲ့ရသောဘဝကို ပြန်ပြောင်းကြည့်လိုက်ရအောင်။

CWM