News

POST TYPE

ARTICLE

မျိုးဆက်သွေး၊ မောင်ပေါ်ထွန်း နှင့် ဘဝတက္ကသိုလ် (၄)
22-Oct-2019


ဓာတ်ပုံတွေက သမိုင်းကို ပြောနေကြတယ်ဆိုတာ အမှန်ပါပဲ။ ဟိုတုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် တစ်ချိန်က ကျွန်တော်တို့ သွားခဲ့ကြတဲ့ ခရီးတွေ၊ တွဲခဲ့ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဆရာသမားတွေ၊ ဖြတ်သန်းခဲ့ကြတဲ့ အဖြစ်အပျက်နှင့် အချိန်ကာလတွေကို ပြန်လည်ပြီး သတိရစေတာအမှန်ပါပဲ။

ခုသည်ဓာတ်ပုံလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ရိုက်ကူးထားတဲ့ ပုံပါ။ အတိအကျ ပြောရရင် ၂၆ - ၁၁ - ၈၆ ရက်နေ့က ဆရာ မောင်ပေါ်ထွန်း (အလယ်)၊ ဆရာ မောင်သွေးသစ်တို့နှင့်အတူ ရှမ်းပြည်မြောက်ပိုင်း သိန္နီကွတ်ခိုင်လမ်းပေါ်မှာ ရိုက်ထားတဲ့ ပုံပါ။ သည်ပုံက ကျွန်တော် အသိမ်းအဆည်းကောင်းလို့တော့ မဟုတ်ပါဘူး။ ကျွန်တော် ဟိုတုန်းကအကြောင်းတွေ အမှတ်တရ ပြန်ရေးနေတာကို သိလို့ ကိုသွေးသစ်က ပြန်ရှာပေးထားတာပါ။

သူက အသိမ်းအဆည်းလည်းကောင်း၊ အကြောင်းအရာတွေကိုလည်း မှတ်မိလို့ သူ့ကို ကျွန်တော်က မကြာခဏ လှမ်းလှမ်းမေးပြီး တချို့အချက်အလက်တွေကို အတည်ပြုရပါတယ်။ သည်ခရီးစဉ်အကြောင်းလေးက သည်လိုပါ။ ဘဝတက္ကသိုလ်က ဆရာကမ္ဘောဇ ခင်လှိုင်ရဲ့ စာအုပ်တွေ ထုတ်ဖြစ်တော့ လားရှိုးမှာနေတဲ့ ဆရာကြီးက ကျွန်တော်တို့ကို ဖိတ်ပါတယ်။ ကျွန်တော်တို့ကလည်း ခရီးသွားဖို့ ခြေထောက်မှာ ဗွေပါလာတဲ့ လူတွေဆိုတော့ နှစ်ခါမခေါ်ရပါဘူး။ ဆရာကြီးက လားရှိုးကိုသာ ရောက်အောင်လာပါ၊ ကျန်တာ သူ့တာဝန်ထားပါဆိုပြီး ဖိတ်တာပါ။

ဒါနဲ့ ကျွန်တော်တို့ သုံးယောက်သွားကြရော ဆိုပါတော့။ လားရှိုးရောက်၊ ရေပူစမ်းသွား၊ ဘုရားဖူးနဲ့ နောက်တစ်နေ့ကျတော့ ဆရာကြီးက ပြောပါတယ်။တရုတ်ပြည်ထိအောင်တော့ ပို့ချင်တယ်၊ ဒါပေမဲ့ လမ်းခရီး အခြေအနေက ဘယ်လိုမှန်း မသိဘူး၊ သည်တော့ ဆရာတို့ကို ကားတစီးနှင့် လိုက်ပို့မယ်၊ ရောက်နိုင်တဲ့အထိ သွားကြပါဆိုပြီး သူ့မာဇဒါဂျစ်တစ်စီးနဲ့ လူတစ်ယောက်ထည့်လိုက်ပါတယ်။

ကျွန်တော် မှတ်မိသလောက် အဲဒီအချိန်က လားရှိုးမြို့ပေါ်မှာတောင် ပေါ်တာဆွဲနေလို့ ညဆို တစ်မြို့လုံး ခြောက်ကပ်နေတာပါ။ သည်လိုနဲ့ မနက် ထွက်လာလိုက်ကြတာ လားရှိုးကနေ သိန္နီပေါ့။ သည်ခရီးမှာ အမှတ်တရ ပြောစရာတစ်ခု ရှိပါသေးတယ်။သိန္နီရောက်တော့ ဘယ်လိုက ဘယ်လိုရယ်တော့ သေချာမမှတ်မိတော့ပါဘူး။ စာရေးဆရာတွေလာတယ်၊ စာပေဟောပြောပွဲတစ်ပွဲတော့ ဟောပေးပါ ဆိုတော့ ကျွန်တော်တို့ ငြင်းလို့မရဘူး ဖြစ်ကရော။

ကျွန်တော်တို့က ဟောပြောဖို့ လာတာလည်း မဟုတ်ပါဘူး၊ အလည်လာတာပါ ဆိုပေမယ့် ဘယ်လိုမှ ငြင်းလို့မရဘူး။ ကဲ ဒါဆိုရင်လည်း စာရေးဆရာ နှစ်ယောက်ပါလာတယ်၊ သူတို့ ဟောပါလိမ့်မယ်၊ ကျွန်တော့်ကိုတော့ ချမ်းသာပေးပါ ဆိုပေမယ့်လည်း မရဘူး။

ဒါနဲ့ပဲ စာပေဟောပြောဖို့ နေနေသာသာ နဂိုတည်းက စကားတောင် သိပ်မပြောချင်တဲ့ ကျွန်တော်ဟာ စာပေဟောပြောပွဲစင်မြင့်မှာ ကိုယ့်ဟာကိုယ် ဘာပြောလို့ ပြောမှန်းမသိ၊ ဗလုံးဗထွေးနှင့် အမြီးအမောက်မတည့် ပြောချင်ရာပြောခဲ့ရတာ အမှတ်တရပါပဲ။

ဆရာမောင်ပေါ်ထွန်းကလည်း ဟောပြောပွဲ အတွေ့အကြုံသိပ်မရှိပါဘူး။ ဆရာ မောင်သွေးသစ် ကတော့ ဟောပြောနေကျ ဆိုတော့ သူပဲ နောက်ဆုံးပိတ် အိတ်နှင့်လွယ် ပြောရတာပါ။

သည်လိုနဲ့ ကျွန်တော်တို့ သိန္နီကနေ ကွတ်ခိုင် ထိရောက်တော့ အခြေအနေက သိပ်မပေးတော့ပါဘူး။ ကွတ်ခိုင်ကနေပဲ လှည့်ပြန်ခဲ့ရတာပါ။ အဲဒီအချိန်က ကွတ်ခိုင်ကို ရောက်တယ်ဆိုတာတောင် ဆရာကြီး ကမ္ဘောဇခင်လှိုင် ကျေးဇူးကြောင့်ပါ။ အဲသည်ခရီးမှာ ဆရာမောင်ပေါ်ထွန်းက အရက်မသောက်ပါဘူး။ ဆရာ အရက်ဖြတ်ထားတဲ့ အချိန်ပါ။

သည်လိုနဲ့ လားရှိုးကနေ ပြန်ဆင်းတော့ မေမြို့ နန်းမြိုင်ဟိုတယ်မှာ ဝင်တည်းကြပါတယ်။ ခရီးက လည်းကြမ်း၊ ဒေသ အခြေအနေကလည်း မအေးဆေးတော့ မေမြို့ရောက်မှပဲ စိတ်အေးရပါတယ်။ နန်းမြိုင်ဟိုတယ်မှာ ကျွန်တော်တို့ နှစ်ယောက်က သောက်ကြတော့ ဘက်ပဲ့နေတဲ့ ဆရာ့ကို ကဲပါ ဆရာရယ်၊ သည်ခရီးကြမ်းကြီးကနေ ချောချောမွေ့မွေ့ ပြန်ရောက်တဲ့ အထိမ်းအမှတ်နှင့် ဝိုင်လောက်တော့ သောက်ဖို့ ကောင်းပါတယ်၊ ဝိုင်ဆိုတာ အရက်မဟုတ်ပါဘူး ဆိုပြီး မာတီနီဝိုင် ချော့တိုက်ခဲ့ရတာလည်း အမှတ်တရပါပဲ။

ဆရာ မောင်ပေါ်ထွန်းနဲ့ ကျွန်တော် ခရီးတွေအများကြီး အတူသွားခဲ့ကြတာပါ။ မော်လမြိုင်၊ မေမြို့၊ လားရှိုး၊ မုံရွာ အစုံပါပဲ။ မေမြို့ကိုဆိုရင် ဆရာ မောင်မိုးသူရယ်၊ ဆရာ မောင်ပေါ်ထွန်းရယ်၊ သူတို့ နှစ်ယောက်က စာရေး၊ ကျွန်တော်က အဖော်လိုက်နဲ့ သွားခဲ့ကြတာပါ။ ဟိုတစ်လောက ဆရာတို့နှစ်ယောက်နဲ့ ပြန်တွေ့တော့ ခရီးတစ်ခုလောက် သွားကြရအောင် ဆိုတော့ နှစ်ယောက်စလုံး သွားချင်ကြပေမယ့် အသက်အရွယ်အရ၊ ကျန်းမာရေးအရ သိပ်မလွယ်ကြတော့ပါဘူး။

အခြေအနေပေးရင်တော့ ဆရာတွေနဲ့အတူ ခရီးတစ်ခေါက်လောက် ထွက်ချင်ပါသေးတယ်။ ရှေးဖြစ်ဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြနဲ့ ငယ်ဘဝတွေကို လွမ်းတသသ စကားတွေ ပြောချင်ပါသေးတယ်။

ဆရာ့အကြောင်း နိဂုံးချုပ်ဖို့ စဉ်းစားတော့ တစ်လောက ဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့ကြတာလေး သတိရမိပါတယ်။ ကျွန်တော်တို့ စားလို့၊ သောက်လို့ ပြီးလို့ ဝိုင်းသိမ်းမယ် ဆိုတော့ ဆရာက ဝိုင်းမှာရှိတဲ့ လူတွေ အားလုံး မခွဲခင် စကားတစ်ခွန်းစီတော့ ပြောကြဗျာလို့ တောင်းဆိုပါတယ်။

ကျွန်တော့် အလှည့်မှာ ကျွန်တော်က ကဲ ဆရာရေ၊ နောက်ထပ်လည်း ဝိုင်းတွေမှာ ဆုံပြီး ဆရာနဲ့အတူ သောက်ချင်သေးတယ်လို့ ပြောခဲ့ပါတယ်။တကယ်လည်း ဆရာပေါ် ဆက်သောက်နိုင်ပါစေ၊ စာတွေလည်း ဆက်ဖတ်ဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပေးကြရအောင်လား ခင်ဗျာ။

ဆရာမောင်ပေါ်ထွန်းအနေနဲ့ စာပေလောကမှာ တာဝန်ကျေတန်သလောက် ကျေပြီလို့ ပြောရမှာ ဖြစ်ပေမယ့် ဆရာ့စာတွေကို ဆက်ဖတ်ချင်သေးတဲ့ ပရိသတ်တွေအတွက် ဆရာ စာအုပ်ကောင်းတွေကို ဆက်ရေးနိုင်ပါစေလို့... ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

နေဝင်း (ဘဝတက္ကသိုလ်)