News

POST TYPE

ARTICLE

အရေပြားပေါ်က ဒိုင်ယာရီ
21-Oct-2019


ထိုမိန်းကလေးကို မြင်သူတိုင်းက နောက်တစ်ဖန် လှည့်ကြည့်ကြသည်။ အသားဖြူဖြူ၊ အရပ်က မနိမ့်မမြင့်။ သာမန်အမျိုးသမီးများနှင့်မတူဘဲ သူ့မှာ ဆွဲဆောင်မှုရှိနေသည်။ သူ၏ဆွဲဆောင်မှုရှိသည့်အရာကား အရေပြားပေါ်ရှိ အရုပ်များပင်။ လည်ပင်းမှစ ခြေထောက်အထိ တက်တူး အရုပ်များ အပြည့်ထိုးထားခြင်းကြောင့် ဖြစ်သည်။

သူ့နာမည်က ငယ်ငယ် (ခေါ် ) မငယ်။ အရေပြားပေါ်တွင် တက်တူးထိုးရသည်ကို ဝါသနာကြီးသည်။ ထိုးထားသည့် တက်တူးများသည်လည်း သူမ၏ဘဝအတွက် အမှတ်ရစရာများနှင့် စိတ်ခံစားမှု စာလုံးများ အပါအဝင် စွဲလမ်းခဲ့သော ဆေးရောင်စုံပန်းချီရုပ်များကို ဒိုင်ယာရီသဖွယ် အရေပြားပေါ်တွင် ရေးထိုးထားခြင်းဖြစ်သည်။

သူ့အသက် ၂၀ ကျော်အရွယ်တွင် ခြေဖမိုးတွင် တက်တူးကို စထိုးခဲ့သည်။ အိမ်က မသိအောင် ခိုးထိုးခြင်းဖြစ်သည်။ ထိုတက်တူးသည် စက်ဖြင့် တူးခြင်း မဟုတ်။ စုတ်တံထိပ်တွင် အပ်များ ညီညီစီကာ လက်ဖြင့် ပေါက်ထိုးရသည်။ တော်တော်နာကာ မျက်ရည်ကျခဲ့ရသည်။ ထိုပြင် အိမ်က အမေသိတဲ့အချိန် တံမြက်စည်းဖြင့် အရိုက်ခံခဲ့ရသေးသည်။

“စထိုးဖြစ်တာတော့ အနုပညာရှင် မင်းသမီးတွေရဲ့ တက်တူးထိုးထားတာတွေမြင်ပြီး ထိုးချင်လာတာပဲ”ဟုလည်း မငယ်က ပြောပြသည်။

ထို့နောက် မငယ်သည် ခြေသလုံးတွင် ထပ်ထိုးသည်။ အိမ်က မိဘက မထိုးစေချင်။ ဆူပူကြသည်။ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်ပြုသည့်အချိန်တွင် ထိုတက်တူးကြောင့် ဒုက္ခရောက်တာမျိုးနှင့် လုပ်ငန်းကောင်းကောင်းမရတာမျိုး မဖြစ်စေချင်သောကြောင့်ဟု မငယ်က ပြောပြသည်။ လည်ကုပ်တွင် အဖေနှင့် အမေ နာမည်တို့ကို ထိုးလိုက်သည့် နောက်ပိုင်းတွင်တော့ သိပ်မပြောတော့ပေ။

“ဝန်ထမ်းအလုပ်မျိုးနဲ့ဆိုရင်တော့ တက်တူးထိုးတာက အဆင်မပြေဘူးပေါ့။ ခုနောက်ပိုင်းတော့ ပြဿနာမရှိကြတော့ဘူး ထင်ပါတယ်။ မိန်းကလေး တော်တော်များများ ထိုးကြတာပဲ”ဟု သူ၏အမြင်ကို ပြောပြသည်။

“အိမ်ထောင်မှု ဘုရားတည် ဆေးမင်စုတ်ထိုး ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့်အမျိုး” ဟု ဆိုးရိုးစကားရှိသည့်အတိုင်း အချို့သော လူကြီးများက တက်တူးထိုးခြင်းကို ယောကျာ်းလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ထိုးထားသည်ကို မကြိုက်။ တက်တူးထိုးထားလျှင် လူဆိုး၊ လူမိုက်၊ ထောင်ထွက်၊ သူခိုး၊ ကြမ်းပိုး၊ ကလေကချေဟု အထင်အမြင်သေးသူများလည်း ရှိနေကြသေးသည်။

“အမေမွေးထားတဲ့ အဖြူလေး။ ဘာလို့ မည်းမည်းကြီးတွေ ထိုးထားရတာလဲ။ လူမိုက်တွေပဲ အဲဒီလိုထိုးတာ”ဟု အသက် ၈၀ အမေအိုတစ်ဦးက မြေးဖြစ်သူကို ဆုံးမပြောဆိုနေသည်ကို မြင်တွေ့ဖူးသည်။

တက်တူးထိုးခြင်းအား ဝေဖန်ပြောဆိုကြခြင်းကို မငယ်ကတော့ “စိတ်ထားမပြည့်ဝဘူးလို့ ထင်ပါတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ် ရှိကြတာပဲလေ။ လောလောဆယ်တော့ ပတ်ဝန်းကျင်က ကဲ့ရဲ့တာမျိုးတော့ မကြုံဖူးဘူး။ ကြိုက်ကြတာများတယ်”ဟု မှတ်ချက်ပေးသည်။

လက်ရှိ တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းပေါ် မူတည်၍ ရှေးယခင်ကလိုတော့ အယူ သိပ်မသည်းကြတော့ဟု ယူဆစရာ ဖြစ်လာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆယ်ကျော်သက် လူငယ် ကျားမ မရွေး ဖန်စီတက်တူးများ ထိုးလာကြသည့်အပြင် တက်တူးအပြည့် အမျိုးသမီးများလည်း ခပ်စိပ်စပ်မြင်တွေ့လာရခြင်းကြောင့် ဖြစ်သည်။ ယခုဆိုလျှင် မိန်းကလေးအများစုပင် ဗျူတီစလွန်းများတွင်လည်း မျက်ခုံးကို တက်တူးဆွဲနေကြပြီ ဖြစ်သည်။

တက်တူးထိုးထားသူအများစု ပြောဆိုဂုဏ်ယူနေသော စကားတစ်ခွန်းရှိသည်။ “သေရင် ခန္ဓာကိုယ်မှာ ပါသွားတာဆိုလို့ တက်တူးပဲရှိတယ်”ဟူ၍ ဖြစ်သည်။

မငယ်၏ တက်တူးထိုးရခြင်း အယူအဆက တစ်မျိုးဖြစ်သည်။ သူသဘောကျသည့် အနုပညာကို အရေပြားပေါ် ရာသက်ပန်ဆေးသွင်းထားသည့်အတွက် ယုံကြည်မှု ပိုရှိလာသည်ဟု ခံစားယူသည်။ ထို့ပြင် သူ၏ အသားအရေကို တခြားသူများက တိုက်ရိုက်ကြည့်ခွင့်မရှိတော့။ မူရင်းအရေပြားပေါ်က ဆေးစက်ရုပ်များကိုသာ မြင်တွေ့ရတော့မည်ဟု ခံယူထားသည်။

မငယ်သည် လွန်ခဲ့သည့် ၂ နှစ်ခန့်က တက်တူး ပညာရှင် ကိုစိုင်းနှင့် အိမ်ထောင်ကျသည်။ ထို့နောက် အရေပြားပေါ် အမှတ်တရ တက်တူးရုပ်များ ပိုများလာသည်။ သူ့ဖခင်ပင်လျှင် “ငါ့သမီး အရုပ်သည်လာပြီ”ဟုပင် သူ့သူငယ်ချင်းများကို အရွှန်းဖောက်သည်။ မငယ်သည် တက်တူးထိုးခြင်း အတတ်ပညာကိုလည်း ယခင်ကတည်းက လေ့လာသည်။ အိမ်ထောင်ကျပြီးသည့် နောက်ပိုင်း ခင်ပွန်းသည် ကိုစိုင်းထံတွင်လည်း လေ့လာနေဆဲဖြစ်သည်။ တစ်ခါတစ်ရံ သူကိုယ်တိုင် တက်တူးထိုးပေးသည်။ သို့သော် မျက်စိအားနည်းသည့်အတွက် နောက်ပိုင်း မထိုးပေးဖြစ်တော့ဟု သူက ဆိုသည်။

လက်ရှိတွင် အမျိုးသမီးလူငယ်များအကြားတွင် ဖန်စီလေးများ ထိုးလာကြသကဲ့သို့ ကိုယ့်ချစ်သူ နာမည်များ၊ ရုပ်ပုံများ ထိုးလာကြသည်။ အချို့အမျိုးသမီးများဆိုလျှင် ကိုယ့်ချစ်သူ၊ ရည်းစား နာမည်များထိုးပြီး အဆင်မပြေ၍ အဆက်ဖြတ်ပစ်ကြသည့်အခါ ထိုတက်တူးကို အပေါ်မှ ကာဗာနောက်တစ်ပုံ ပြန်ထိုးကာ ဖုံးအုပ်ရသည်များ ရှိကြသည်။ ထိုအဖြစ်မျိုးက ယောကျာ်းလေး တော်တော်များများတွင်လည်း တွေ့ရသည်။

သေချာသည်တစ်ခုကတော့ မြန်မာ့လူမှု အသိုက်အဝန်းတွင် တက်တူးကို ရှေးရိုးစွဲအယူအဆများဖြင့် ခါးသီးစွာငြင်းဆန်မှု လျော့နည်းလာပြီး လူငယ်အသိုင်းအဝိုင်းအကြား တက်တူးယဉ်ကျေးမှု ရေစီးကြောင်းအပေါ် လိုက်ပါစီးမျောနေကြပြီဖြစ်သည်။

ရှေးယခင်ကတော့ ထိတ်ထိတ်ကြဲ ထောင်ထွက် လူမိုက်ကြီးများသည် ခန္ဓာကိုယ်တစ်ကိုယ်လုံး တက်တူး အပြည့်ဖြင့် ဆယ်စုနှစ်များစွာ အနိုင်ကျင့်ဗိုလ်ကျခဲ့သည်တို့ကို ကြောက်ရွံ့ခဲ့ကြသည့်အတွက် တက်တူးများ မြင်လျှင်ကို ထောင်ထွက် လူဆိုးလူမိုက်ဟူသည့် အစွဲများကြောင့် တက်တူးအပေါ် အမြင်စောင်းသည်များရှိနေကြသည်ဟု တက်တူးထိုးထားသူ အချို့က မှတ်ချက်ပေးကြသည်။

ယခုမျက်မှောက်ခေတ်တွင်တော့ နာမည်ကျော် အနုပညာရှင်များပင် တက်တူးအပြည့်။ လူငယ်တော်တော်များများတွင်လည်း တက်တူးတစ်ခု မဟုတ်တစ်ခု ထိုးထား ရေးထားကြမြဲ။ အချို့ တက်တူး ဝါသနာပါသူများဆိုလျှင် ဒီဇိုင်နာများနှင့်တိုင်ပင်ကာ စိတ်ကြိုက်ဖြစ်သည့်အခါမှ တက်တူးပညာရှင်များဆီ ရေးဆွဲကြသည်။

တက်တူးထိုးသည့် ဈေးနှုန်းမှာမူ တက်တူး ပညာရှင်အပေါ်မူတည်၍ ဈေးအမျိုးမျိုးရှိသည်။ ပညာသင် လေ့ကျင့်ဆဲ တက်တူးလူငယ်များမှာ ဈေးသက်သာသော်လည်း နာမည်ကြီး တက်တူး ပညာရှင်များထံတွင် စာတစ်လုံးကိုပင် သောင်းဂဏန်း ငွေပေးရသည်။ တိုကင် ရက်ချိန်းယူရသည်။ မည်သို့ပင် ဆိုစေ ခန္ဓာကိုယ်ပေါ်မှာ တစ်သက်စာ အနုပညာရေးဆွဲ မည့်သူများက တန်းစီလျက်ရှိဆဲပင် ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက တက်တူးကို ဝါသနာ မပါသော လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူကပင် လက်မောင်းတွင် သူ၏ သားလေးပုံကို အမှတ်တရ ရေးထိုးမည်ဟု ဆိုလာသည်။ သူသည်လည်း တက်တူး ယဉ်ကျေးမှုထဲ ပါဝင်စီးမျောလာခြင်းဖြစ်သည်။

မငယ်သည်လည်း လည်ပင်းတွင် အဖေနှင့် အမေပုံကို ရေးဆွဲထားသည်မှာ ကင်းဗတ်စက္ကူပေါ်တွင် ပန်းချီးကားတစ်ချပ်ရေးဆွဲသလို ဖြစ်နေသည်။ ညာဘက်ရင်ဘတ်တွင် စိတ်ခံစားမှုဖြစ်ပေါ်နေသည့် အင်္ဂလိပ်စာသားများနှင့် ဆေးရောင်စုံအလှဆင်ထားသည့် အရုပ်များ၊ ကျောတွင် ဘီလူးခေါင်းရုပ် စသဖြင့် အရေပြားအနှံ့ ဒိုင်ယာရီသဖွယ် ရေးမှတ်ထားသည်။

ရန်ကုန်မြို့တော်ကြီးတွင် မငယ်မှသာမဟုတ်။ ခန္ဓာကိုယ်အရေပြားပေါ်တွင် တက်တူးအနုပညာ ခြယ်မှုန်းထားသူ အမျိုးသမီး အများအပြား။ တက်တူး အနုပညာရေစီးကြောင်းတွင် အမျိုးသမီးစိတ်ဝင်စားမှု ပိုမိုမြင့်တက်လာသည်ကိုတော့ ငြင်း၍ရနိုင်မည်မဟုတ်။

မြန်မာ့ရိုးရာဓလေ့တွင် ရှိပြီးသားဖြစ်သည့် ဆေးမင်ကြောင်ထိုးကွင်းများ၊ အင်းစာ၊ အင်းကွက်များသည် ယနေ့ခေတ်တွင် ပုံစံ ဒီဇိုင်းကာလာ အနေအထားများပြောင်းကာ တက်တူးအဖြစ် မြင်တွေ့လာရကြပြီ ဖြစ်သည်။ ထို့အတူ ယခင်ရှေးရိုးစွဲအမြင်များဖြင့် ထိန်းချုပ်ခံထားရသော အမျိုးသမီးများမှာ ယခုအချိန်တွင်မူ တက်တူးများဖြင့် လွတ်လွတ်လပ်လပ် ဖြတ်သန်းနေသည်ကို ငေးမော၍ ရနိုင်လာပြီ ဖြစ်သည်။

ခန္ဓာကိုယ်အပြည့်နီးပါး တက်တူးထိုးထားသည့် မငယ်သည်လည်း သူ၏အိမ်နားရှိ ကက်ပီတယ်ကဲ့သို့ လူစည်းကားရာ နေရာများသို့ သွားရောက်သည့်အခါ တက်တူးရုပ်များကို စိတ်ဝင်တစား ကြည့်နေကြဆဲ။ သို့သော် သူ့မှာ ရှက်ရွံ့ကြောက်ရွံ့စရာ မရှိ။ ယုံကြည်မှုအပြည့်ဖြင့် ကိုယ်လမ်းကိုယ် လျှောက်မြဲသာဖြစ်သည်။ 

မင်းထက်စံ


  • VIA