News

POST TYPE

ARTICLE

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အဘီအာမက်
20-Oct-2019


(၁)

အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက် (Abiy Ahmed)  ကို ၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ချီးမြှင့်ကြောင်း နိုဘယ်လ် ကော်မတီမှကြေညာပါသည်။ သူ၏ အီရစ်ထရီးယား Eritera နှင့် နှစ်ပေါင်း ၂၀ ကြာ စစ်ဖြစ်နေခြင်းကို အဆုံးသတ်ကာ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သောကြောင့်ဟု ဆုကြေညာစာတမ်းတွင် ဖော်ပြထားခဲ့ပါသည်။

အာဖရိကတိုက်၏ အသက်အငယ်ဆုံး ခေါင်းဆောင်သည် ယခု ဤရာထူးကို ၄၃ နှစ်တွင်ရရှိခဲ့ပြီး တိုင်းပြည်ကို ဦးဆောင်ခဲ့သည်မှာ နှစ်နှစ်မျှ ကြာရှိပါပြီ။ သူသည် ၁၉၉၈-၂၀၀၀ အီရစ်ထရီးယားနှင့် စစ်ဖြစ်ကတည်းက ပိတ်ထားခဲ့သော အော်ဒါကို ပြန်ဖွင့်ပြီး ဆက်သွယ်ရေးလုပ်ငန်းများကို ဖွံ့ဖြိုးစေခဲ့ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အီသီယိုးပီးယားပြည်သူများအတွက် ဘဝကို တိုးတက်ကောင်းမွန်စေရမည်ဟု ကတိပြုခဲ့သူတစ်ဦးဖြစ်ပါသည်။

သူကျမ်းကျိန်ပြီးသည်မှ ၆ လအတွင်းတွင် ရန်သူအီရစ်ထရီးယား နိုင်ငံနှင့် ငြိမ်းချမ်းရေးရခဲ့သည်။ နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို ရုပ်သိမ်းပြီး အတင်းအကျပ်ဆုပ်ကိုင်ထားသော စီးပွားရေးကို ဖြေလျှော့ပေးခဲ့သည်။ ထောင်တွင်း အကျဉ်းကျနေသော အတိုက်အခံများကို လွှတ်ပေးခဲ့သည်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့သည်။ နိုင်ငံ၏ရက်စက်ကြမ်းကြုတ်မှုများအတွက် တောင်းပန်ခဲ့သည်။ မီဒီယာဆင်ဆာလုပ်ခြင်းကို ရပ်တန့်ခဲ့သည်။ ခြစားသော စစ်တပ်နှင့် အစိုးရအရပ်ဘက်အရာရှိများကို ဖြုတ်ပစ်ခဲ့သည်။ မိန်းကလေးများကို နိုင်ငံရေးနှင့် မြို့ပြအရေးများတွင် ပါဝင်စေခဲ့သည်။ သောင်းကျန်းသူဟူ၍ နိုင်ငံ၏ပြင်ပရောက်ရှိနေကြသော လက်နက်ကိုင်သူတို့ကို ပြန်လာစေရန် ကြိုးပမ်းခဲ့သည်။

(၂)

အသက် ၇ နှစ် ရှိပြီဖြစ်သော အဘီ၏နားတွင် ကပ်၍ အမေက မှာလိုက်သည် “ငါ့သား မင်းဟာ ရိုးရိုးလူမဟုတ်ဘူး၊ မင်းကြီးရင် နန်းတော်ကြီးမှာ နေရလိမ့်မယ်၊ မင်းကျောင်းသွားရင် မင်းစိတ်ထဲမှာ မှတ်ထားရမှာက မင်းဟာ တစ်နေ့မှာ ဒီနိုင်ငံကြီးကို အလုပ်အကြွေးပြုရလိမ့်မယ်”ဟု ခေါင်းကိုနမ်းကာ မိခင်ကနှုတ်ဆက်သည်။ 

နိုင်ငံအနောက်ပိုင်းမှ မြို့ငယ်တစ်မြို့တွင် မွေးဖွားခဲ့ပြီး အိမ်၏ကြမ်းပေါ်တွင် အိပ်ခဲ့ရသည်။ မွတ်စလင်ဖခင်နှင့် ခရစ်ယာန်မိခင်တို့မှ မွေးဖွားလာပြီး ခရစ်ယာန်အယူကိုယူသူဖြစ်သည်။ သူ့အိမ်တွင် လျှပ်စစ်မီးလည်းမရှိ၊ ရေပိုက်မှလာသောရေလည်း မရှိပေ။ ရေကို မြစ်ကမ်းပါးမှာ သွားပြီး သယ်ရသည်။ ကတ္တရာလမ်းကို အသက် ၇ နှစ်အရွယ်ကျမှ စတင်မြင်ဖူးခဲ့ရသည်။

စက်မှုပစ္စည်းကိရိယာများကို ဝါသနာပါသော မစ္စတာအဘီသည် စစ်တပ်သို့ ရေဒီယိုအော်ပရေတာအဖြစ် ဝင်ရောက်ခဲ့သည်။ စစ်တပ်တွင် ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရပြီး လက်ဖတင်နင်ကာနယ်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ အီသီယိုးပီးယားတပ်မတော်၏ အသစ်ဖွင့်သော ဆိုက်ဗာစပိုင် ယူနစ်၏ သတင်းလုံခြုံရေးအေဂျင်စီတွင် အုပ်ချုပ်သူဖြစ်လာခဲ့သည်။ ထို့နောက် မြို့တော်အဒစ်ဘာဘာတွင် ဝန်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏နယ်ဖြစ်သည့် အိုရိုမီးယား Oromia တွင်မူ ပါတီဆိုင်ရာ အရာရှိ ဖြစ်သည်။

အဘီ၏ အဆင့်မြင့်ရာထူးများသို့ တိုးမြှင့်ခံရခြင်းမှာ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် စတင်ခဲ့သည်။ အစိုးရ၏ မြို့ကိုတိုးချဲ့ရန်လုပ်သော စီမံကိန်းသည် ပတ်ဝန်းကျင် အိုရိုမီးယား Oromia တွင်နေထိုင်ကြသူများအဖို့ အစိုးရ၏ မြေသိမ်းရန် အကြံပင်ဖြစ်သည်ဟု ယူဆကြသည်။ အီသီယိုးပီးယားတွင် အဓိကလူမျိုးနွယ်အုပ်စု လေးစုရှိသည်။ ပြည်သူပြည်သားများက တညီတညွတ်တည်း ကန့်ကွက်ကြသောအခါ တစ်ပြည်လုံးပွက်ပွက်ညံနေတော့သည်။ အိုရိုမီးယားတွင်သာမက နောက်ပိုင်းတွင် အမ်ဟာရာ Amhara လူမျိုးတို့ပါ ပါဝင်လာခဲ့သည်။

တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေညာပြီး ဆန္ဒပြသူများကို နှိမ်နင်းသောအခါ ပြေငြိမ်းသွားသော်လည်း အဓိကဆန္ဒပြရခြင်း၏ အကြောင်းအရင်းကို မဖြေရှင်းနိုင်ခဲ့ပေ။ ဝန်ကြီးချုပ် ဒက်စလင်း Hailemarian Desalegn က ရုတ်တရက် ရာထူးမှ နုတ်ထွက်သွားသောအခါ သူ့နေရာကို ဆက်ခံရန် လူရှာရတော့သည်။

သူတို့သည် မစ္စတာအဘီကိုတွေ့ရှိကြပြီး အိုရိုမိုထဲမှ လူကိုရွေးချယ်၍ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ကြသည်။ တကယ့်ရွေးကောက်ပွဲကို နောက်နှစ် မေလတွင် ကျင်းပရန်ရည်ရွယ်ထားပြီး မစ္စတာအဘီအနေနှင့် ဤရာထူးကို ကိုင်တွယ်နိုင်ပါသည်ဟု သက်သေပြရန် ဖြစ်လာသည်။

ပထမဦးစွာ အီသီယိုးပီးယားတွင် လုံခြုံရေးသည် အဓိကဖြစ်နေသည်။ တိုင်းရင်းသားလူမျိုးစုများအတွင်း အကြမ်းဖက်မှုများမှာလွန်ခဲ့သော နှစ်များအတွင်း တဖြည်းဖြည်းတိုးပွား၍ လာနေသည်။ လွန်ခဲ့သောဇွန်လက သေနတ်သမားတစ်ဦးက ဒေသဆိုင်ရာ အုပ်ချုပ်သူတစ်ဦးနှင့် စစ်တပ်မှ အုပ်ချုပ်သူတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

သူတို့ လက်တွေ့ရင်ဆိုင်နေရသော ပြဿနာများမှာ မိမိအသက် အန္တရာယ်အတွက်ပင် စိတ်မချရသောအခြေအနေဖြစ်သည်။ သူဝန်ကြီးချုပ်ဖြစ်ပြီး ၂ လအကြာတွင် သူ့အသက်ကို လက်ပစ်ဗုံးဖြင့်ပစ်၍ ရန်ရှာခဲ့သည်။ အဘီကတော့ “သူ့အသက်ကို လုပ်ကြံကြတာပဲ၊ ဒါပေမဲ့ ကျွန်တော်ဟာ သေမင်းနဲ့ မတွေ့နိုင်သေးပါဘူး”ဟု ပြောသည်။

တချို့ကလည်း ဤငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ချီးမြှင့်သည်မှာ စောလွန်းသေးသည်ဟု ယူဆသူများ ရှိနေသည်။ ဆုပေးသူကော်မရှင်ဥက္ကဋ္ဌက “သူ့စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုရမယ်။ သူ့လုပ်ရပ်တွေအတွက် ဘေးက အသိအမှတ်ပြုရန် လိုအပ်ကြောင်း” ပြောပါသည်။

ခရစ်နှစ် ၂၀၀၉ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန် သမ္မတဟောင်း အိုဘားမားသို့ ချီးမြှင့်ခဲ့သည်။ သူအလုပ်ဝင်သည်မှာ ၉ လပဲ ရှိပါသေးသည်။ သူ၏ နျူကလီးယားလက်နက် မသုံးရေးနှင့် အပြည်ပြည်ဆိုင်ရာသူ၏ သံတမံရေးရာနှင့်လူများ၏ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုတို့ကြောင့် ဖြစ်ပါသည်။

အိုဘားမား၏ နျူကလီးယားလက်နက် ပပျောက်ရေး ကြိုးပမ်းချက်များ မအောင်မမြင်ဖြစ်သောအခါ နိုဘယ်လ်ကော်မတီမှာ အပြင်းအထန် ဝေဖန်ခံရသည်။ ဆုကိုဖြစ်စေလိုသည့်ဆန္ဒများအပေါ်တွင် အခြေခံပြီး ပေး၍မရပေ။ တကယ်အောင်မြင်မှုများကိုသာ အခြေခံရသည်။

မစ္စတာအဘီ၏ ကြိုးပမ်းမှုများမှာလည်း ရေးနေဆဲအဆင့်မှာသာ ရှိပါသေးသည်။ သူသည် သူ၏ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဒေသအတွင်းသို့ ပျံ့နှံ့အောင် ဆောင်ရွက်နေပါသည်။ သူ၏အိမ်နီးချင်း ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့်အရပ်သားများကို တစ်ဖက်နှင့်တစ်ဖက် ညီညွတ်အောင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။ သူ၏ ကြိုးပမ်းချက်များမှာ ယခုအချိန်ထိအောင် အောင်မြင်လျက်ရှိပြီး ရေရှည်တည်တံ့မှုရှိ၊ မရှိကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

သူနှင့် အီရစ်ထရီးယားခေါင်းဆောင် သူပုန်အဖြစ်မှ နိုင်ငံခေါင်းဆောင်ဖြစ်လာသော အာဖာဝေကီ IsaiasAfwerk တို့အကြား ထိုးထားသော ငြိမ်းချမ်းရေးစာချုပ်မှာလည်း အီရစ်ထရီးယားဘက်တွင် တိုးတက်မှုကို မမြင်ရသေးသော်လည်း တိုင်းပြည်နှစ်ပြည် ပြန်လည်ဆက်ဆံရေးမှာ အောင်မြင်လျက်ရှိသည်။ မစ္စတာအာဖာဝေကီ၏ သံမဏိအုပ်ချုပ်မှုအောက်တွင် အီရစ်ထရီးယား၏ လုပ်ဆောင်နိုင်စွမ်းမှာ အကန့်အသတ်များရှိနေသော်လည်း တစ်ဖက်က တံခါးများကို အစွမ်းကုန်ဖွင့်ထားသည်ကို တွေ့နိုင်သည်။

သို့ပါသော်လည်း ယခင်က မည်မျှပင် ဆိုးရွားပါစေ၊ သမိုင်းကြောင်းအရ ခါးသည်းသော ဘက်နှစ်ဖက်သည်ပင် ငြိမ်းချမ်းသွားသောအခါ နှစ်ဖက်ကုန်သွယ်မှု၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို လက်တွေ့လုပ်ကိုင်နိုင်ပုံကို ပြသလျက်ရှိကြသည်။ နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်သည်။ ကွဲကွာနေသောမိသားစုများကို ပြန်လည်ပူးပေါင်းစေသည်။

(၃)

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို နှစ်စဉ်အော်စလိုမြို့၌ဆွီဒင်နိုင်ငံသား စက်မှုလုပ်ငန်းရှင်ကြီး အဲဖရက်နိုဘယ်လ်၏မွေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တိုင်း ပေးလေ့ရှိသည်။ ဆုကို ၁၈၉၅ ခုနှစ်တွင် သူ၏သေတမ်းစာတွင် ရေးသား၍ စတင်ပေးခဲ့သည်။ ဆုတန်ဖိုးမှာ ဆွီဒင်ငွေ ခရောင်း ၉ သန်း၊ အမေရိကန်ဒေါ်လာဖြင့် ၉ သိန်းခန့်ရှိပါသည်။

၁၉၀၁ ခုနှစ်တွင် စတင်ပေးခဲ့သော ဆုသည် ယခုအကြိမ်သည် အကြိမ် ၁၀၀ မြောက်ဖြစ်ပြီး ၁၈၉၁ ခုနှစ်တွင် ကြက်ခြေနီကိုတည်ထောင်သူ ဟင်နရီဒူးနန့်နှင့် ပြင်သစ်ပါလီမန်အမတ် ပက်စီ (Frederic Passy) တို့ နှစ်ဦးကို ပေးအပ်ခဲ့သည်။ ကမ္ဘာစစ်ကြီးနှစ်ခုအတွင်းနှင့် ၁၉ ကြိမ်မျှ ဆုကို မပေးနိုင်ခဲ့ပါ။

ကိုသန်းလွင်

Ref: Ethiopian Prime Minister awarded Nobel Peace Prive, The Strait Times.