News

POST TYPE

ARTICLE

မိုးနှောင်းရာသီ အလှပန်းချီ
20-Oct-2019


အညာမှာ မိုးလယ်ရာသီက နှုတ်ဆက်စပြုတော့မယ်။ လက်ကျန်မိုးရေစက်တွေနဲ့အတူ အလွမ်းပဲ သယ်နေပါတော့တယ်။ ရာသီသက်တမ်းကလည်း သုံးပုံပုံရင် နှစ်ပုံကို ကျော်ဖြတ်ကာ မိုးနှောင်းရာသီသို့ ချင်းနင်းဝင်ရောက်လာပေပြီ။

ရာသီစက်ဝန်းက သူ့သဘောသူဆောင်ပြီး ပုံမှန်ပါပဲ။ ဥတုသုံးလီဟာ မဖောက်မပြန် အမြဲလည်ပတ်နေလျက်ရှိနေပါတယ်။ နွေ၊ မိုး၊ ဆောင်းဟာ ယခု လက်ရှိအချိန်အထိတော့ မတိမ်းစောင်းသေးပါဘူး။ နွေလည်း နွေအလျောက်၊ မိုးလည်း မိုးအလျောက်၊ ဆောင်းလည်း ဆောင်းအလျောက် သင်္ကေတ၊ သရုပ်သကန်တွေက ပြသလျက်ရှိနေပါသေးတယ်။

ပိုင်းခြားသတ်မှတ်ချက်တွေအရ မိုးရာသီဟာ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၉ အရ ဆိုရင် နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန်အောက်တိုဘာနေရက်များနဲ့ နိုဝင်ဘာ အစပိုင်းဟာ မိုးဥတုရဲ့ နှောင်းပိုင်းကာလများပဲ ဖြစ်ပါတယ်။ မြန်မာလအလိုအားဖြင့် သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလတစ်ဝက်အထိ ဖြစ်ပါတယ်။

ရှေးလူကြီးသူမတို့ရဲ့ လအလိုက်မိုး သတ်မှတ်ချက်များအရ သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုးဟုလည်းကောင်း၊ တန်ဆောင်မုန်းအတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်ဟူ၍လည်းကောင်း သိရှိမှတ်သားရပါတယ်။ ယခုလက်ရှိအချိန်ထိလည်း အတိုင်းအတာတစ်ခုအထိ မှန်ကန်လျက်ရှိနေတာကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ထို့အတူ ရာသီမသိ ပန်းနှင့်ညှိ ဆိုသကဲ့သို့ သီတင်းကျွတ်လအတွက် ရာသီပန်းမှာ “ရေပြင်လှတင့်၊ ကြာမျိုးပွင့်၍၊ မြတ်ကျင့်ခေါင်ထွတ်၊ သီတင်းကျွတ်။” အရ ကြာပန်းဖြစ်ကြောင်းသိရပါတယ်။ တစ်ဖန်တန်ဆောင်မုန်းလအတွက် “သန်မိုးကုန်စဲ၊ နှင်းစဖွဲသည်၊ ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်း။” ဆိုရိုးအရ ခဝဲပွင့်လို့ သိရပါတယ်။

ကောင်းကင်ကတော့ မိုးတိမ်များနဲ့ ဆေးသားခြယ်လျက် ရှိနေပါတယ်။ တိမ်ထုတွေက ရံခါအုံ့ဆိုင်း၊ ရံခါကျဲလိုက်နဲ့ မမြဲခြင်းဓမ္မကို လှစ်ပြနေသလား ထင်ရရဲ့။ မိုးခြိမ်းသံကလည်း နီးလာလိုက်၊ ဝေးသွားလိုက်နဲ့ ရွာမယ်ဟန်တပြင်ပြင်နဲ့။ ရွာတော့လည်း တစ်ပေါက်နှစ်ပေါက်ဆိုသလို ပြီးပြီးပျောက်ပျောက်နဲ့ မိုးမင်းက လှည့်ပြန်သွားတတ်တာမျိုးကလား။ အဆိုပါ မိုးတိမ်တွေရဲ့အလှကို စာဆိုရှင်မင်းက “ဝသန်ခါချိန်နှင့်ညီအောင်၊ တိမ်နီတိမ်ပြာ၊ တိမ်လွှာ တိမ်ပန်း၊ လျှပ်နွယ်တန်းလျက်၊ တိမ်ဆန်းတိမ်ထူး၊ တိမ်ညိုမြူး၍၊ ခြူးသေးခြူးနွယ်၊ ဆေးပေါင်းခြယ်သို့၊ အံ့ဖွယ်စေ့စုံ၊ မြင်ရတုံ” ဆိုပြီး ရေးဖွဲ့သီကုံးထားပါတယ်။

မိုးဦးရော မိုးလယ်ပါ မိုးက အညာမှာ အတန်အသင့်ကောင်းသဖြင့် စိုက်ရေးပျိုးရေး မဆိုးလှဟု ဆိုရမည်ပင်။ ကြည့်လေရာရာမှာ ကောက်ပင်ယိမ်းနွဲ့ စိမ်းလဲ့လဲ့နှင့်၊ ပြည့်ဝမ်းစာအတွက် မခဲခက်တော့ပြီ။ လေမိုးမှန်မှ ကျေးလက်ဘဝက စိုပြည်စိမ်းလန်းမှာ မဟုတ်ပါလား။ မြစ်ချောင်းအင်းအိုင်တွေနဲ့ ဆည်တာတမံတွေမှာ စိုက်ရေ၊ ပျိုးရေဖူလုံပါမှ တောင်သူလယ်လုပ် ဓားမခုတ်တို့ဘဝဟာ အသက်ရှူချောင်လည်ကြမှာဖြစ်ပါတယ်။ စားကျက်မြေတွေ၊ လယ်ယာ၊ ကိုင်းကျွန်းစတဲ့ မြေယာတွေဟာ မိုးရေစက်တွေနဲ့အတူ အလှချင်းပြိုင်နေမှ သက်ရှိလောက သာယာငြိမ်းချမ်းမယ် မဟုတ်ပါလား။

သို့မဟုတ်ပါမူကား ကျေးလက်တေး တစ်ပိုင်းတစ်စထဲကလိုပင် ဖြစ်နေပါလိမ့်မယ်။ “ရွှေထိန်ပင် သာတဲ့အောက်က၊ ကောက်စိုက်ရင်းမိုးမျှော်၊ မပေါ်လာရွှေမိုးကြောင့်၊ ကောက်ပင်တွေညှိုး၊ လယ်ကြီးစိုက်မယ်ဆင်းတယ်၊ နေမင်းကပူ၊ သည်နေပူ ဘိက္ခူလုပ်မယ်၊ ဗန်းကုပ်နဲ့လေး။ ခါးပုံကို မောင်ဖြုတ်လို့၊ ချွေးသုတ်တော့ပေး၊ စီးပလေစေ မောက်မသုတ်နဲ့၊ တုတ်တုတ်ကျချွေး။ ပျိုလေးတို့လယ်တစ်လျှောက်၊ ပေါက်လာတဲ့မှိုနတို၊ ဟင်းချိုလှသေး၊ အချိန်တန်၊ အိမ်ပြန်လျှင်ပျို့ချစ်ဦးရယ်၊ ခူးခဲ့ပါလေး။” ဒါကြောင့် မိုးလေမှန်ပါမှ လယ်သမားတို့ အပျော်ဟာ ဗုံကြီးသံထဲကလို “အကျွန်စိုက်တဲ့ပျိုးကောက်ပင်၊ ဆင်ပေါက် ဆယ်ကောင်ဝင်တော့၊ ရှာမမြင်အနှံ့ဖူး၊ သုံးထွာခန့်ကျူး” ဆိုသလို အထွက်နှုန်းကောင်းနေမှာ ဖြစ်ပါတယ်။

မိုးရေစက်တို့ တဖြည်းဖြည်း ဆုတ်ခွာရင်းပွင့်လင်းရာသီကို ချင်းနင်းဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ ရာသီနှစ်ခု အကူးအပြောင်းမှာ မိုးကောင်းကင်ကြီးက ထင်ရှားတဲ့သက်သေပါ။ ယခင်က မိုးသားတိမ်လိပ်တို့ မင်းမူခဲ့တဲ့ အဇဋာနေရာမှာ မြူတစ်မှုန်မှမရှိ ပကတိရှင်းလင်းကြည်လင်လာတော့မှာ ဖြစ်ပါတယ်။ မိုးလေကင်းလွတ် သီတင်းကျွတ်ကနေ နက္ခတ်စုံညီတဲ့ ဟင်းလင်းပြင်ကြီးကိုလည်း အထင်အရှားတွေ့မြင်ရတော့မှာပါ။ ဟိုမှာက မောင်ရင်ဆိုင်ထမ်း၊ ဟိုမှာက ခုနစ်စင်ကြယ်၊ ဟိုမှာက နဂါးငွေ့တန်းဂယ်လက်ဆီ စသဖြင့် နက္ခတ်တာရာတွေကို ကြည့်ရှုငေးမောရင်း သားငယ်၊ သမီးငယ်၊ မြေးအရွယ်တွေကို အဖေ၊ အမေ၊ အဘိုး၊ အဘွားတို့က ဒဏ္ဍာရီလာပုံပြင်တွေနဲ့ ညအခါ လသာသာတွေမှာ ပြောပြနိုင်ကြတော့မှာလည်း ဖြစ်ပါတယ်။ မြန်မာ့လူအဖွဲ့အစည်းအတွက် လူကြီးနဲ့ လူငယ်တို့ရဲ့ နွေးထွေးတဲ့ အစဉ်အလာကိုလည်း ပုံပြင်တွေနဲ့အတူ ထိန်းသိမ်းနိုင်ကြဖို့ ဖြစ်ပါတယ်။ 

မြေသားလမ်းတွေထက်မှာ မိုးရေစက်တွေက မွေးဖွားပေးလိုက်တဲ့ မြေသင်းနံ့တို့နေရာမှာ ဆောင်းရဲ့ကနဦး ကျဆင်းလာတဲ့ နှင်းမှုန်နှင်းစက်ကလေးတွေက အစားထိုးနေရာယူတော့မှာ ဖြစ်ပါတယ်။ ပွင့်လင်းရာသီလို့လည်း ခေါ်ဝေါ်သမုတ်ကြပါတယ်။ မြန်မာလို တန်ဆောင်မုန်းတစ်ဖြစ်လဲ နိုဝင်ဘာလထဲကို မြောက် ပြန်လေနဲ့အတူ အအေးဓာတ်ကလေးနဲ့ ဝင်ရောက်လာချိန် ဖြစ်ပါတယ်။ မိုးရေတို့နဲ့ စိုစွတ်ခြင်းကနေ နှင်းငွေ့တို့ရဲ့ အေးချမ်းခြင်းဆီကို ခြေချရတော့မှာလည်းဖြစ်ပါတယ်။ ကောက်သစ်စားပွဲနဲ့အတူ ဆောင်းရတုပွဲကို နွှဲပျော်ဖို့ အချိန်အခါကာလဟာ တဖြည်းဖြည်း နီးကပ်လာချေပြီ။

ဆောင်းရဲ့သရုပ် အေးမြခြင်းနဲ့အတူ မြန်မာပြည်တစ်ဝန်းလည်း ငြိမ်းချမ်းပါစေ။ လာတော့မယ့် ၂၀၂၀ ကစလို့ တိုင်းရင်းသားတို့ မျှော်မှန်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးနဲ့အတူ ညီတူညီမျှ ဝါဒဖြူစင်တဲ့ပြည်ကြီးလည်း ဖြစ်ပါစေ။ 

မိုးနှောင်းရာသီ အလှပန်းချီခြယ်ရင်း ကောင်းခြင်းမင်္ဂလာတစ်ပါးအဆိုကို တင်သွင်းလိုက်ပါကြောင်း။

ဆဏ်းဝင်းအောင်