News

POST TYPE

ARTICLE

ယခင်အပတ်မှအဆက် အောင်လအန်ဆန် (သို့မဟုတ်) လူသားအသည်းနှလုံးနဲ့ ဖိုက်တာ (၂)
20-Oct-2019


အောင်လ၏ နိုင်ပွဲက ထင်မှတ်မထားလောက်အောင် ကြီးမားသည့်အောင်ပွဲ ဖြစ်သည်။ တိုကျိုမြို့ ရိုဂိုကူ အားကစားခန်းမ သံဆန်ခါစည်းဝိုင်းအတွင်း အောင်လ တစ်ယောက် အောင်ပွဲခံနေစဉ် မြန်မာနိုင်ငံတစ်လွှားရှိ ပြည်သူတွေမှာလည်း မိမိတို့နေအိမ်၊ မိမိတို့အားပေးနေကြသည့် နေရာအသီးသီးမှ အကြီးအကျယ် အောင်ပွဲခံခဲ့ကြသည်။ စိတ်လှုပ်ရှားလွန်း ပျော်လွန်းသဖြင့် နှလုံးရောဂါအခံ ရှိသူအချို့ အားပေးနေရင်း အသက်ရှူရပ်လဲကျ သေဆုံးတာအထိ ဖြစ်ခဲ့သည်။

ကချင်ပြည်နယ် တနိုင်းမြို့မှ ဦးအာဆီဆဲသည် အောင်လအနိုင်ရအပြီး မတ်တတ်ရပ်အောင်ပွဲခံစဉ် လဲကျသေဆုံးခဲ့သည်။ အလားတူ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် ထနိပတ်ရွာမှ အသက် ၇၁ နှစ်အရွယ် ဦးလှအောင်ဆိုသူလည်း ထခုန်ရာမှ လဲကျသေဆုံးခဲ့သည်။ ဥက္ကံမြို့မှ ဦးလှဝင်း ဆိုသူလည်း “အောင်လ ထိုးကွာ”ဟု အော်ဟစ်စဉ် လဲကျသတိလစ်ပြီး ဆေးရုံအရောက် သေဆုံးခဲ့သည်။ ဥက္ကံမြို့မှ ဦးမောင်တင်စိုး ဆိုသူလည်း “အောင်လနိုင်ပြီ” ဟု အော်ဟစ်ပြီးနောက် သတိလစ်ကာ ဆေးရုံတွင် သေဆုံးခဲ့သည်။ ယခုလို အားကစားပွဲတစ်ပွဲကြည့်ရှုစဉ် စိတ်လှုပ်ရှားပြီး နှလုံးရောဂါကြောင့် သတိလစ်သေဆုံးမှုများ ယခင်က ဘောလုံးပွဲများတွင်သာ ကြားဖူးခဲ့သော်လည်း ယခု အောင်လ၏ “ကိုယ်ခံပညာပေါင်းစုံ MMA” ပွဲစဉ်တွင်ပါ မြင်တွေ့လာရသည်။ ဤဖြစ်ရပ်က မြန်မာပရိသတ်များကြား One Championship ၏ MMA ပြိုင်ပွဲများ မည်မျှအထိ လွှမ်းမိုးထားပြီဆိုတာ ပြသနေသည်။ 

Mixed Martial Arts “ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲ” က လက်ဝှေ့ပွဲသက်သက်မဟုတ်ပါ။ လက်ဝှေ့၊ နပန်း၊ ဂျူဂျစ်ဆု ကိုယ်ခံပညာပေါင်စုံ သုံးရသော ပြိုင်ပွဲတစ်မျိုးဖြစ်သည်။ ဤပြိုင်ပွဲများကို မြန်မာပရိသတ်များနှင့် စတင်မိတ်ဆက်ပေးလာခဲ့သူမှာ စင်ကာပူအခြေစိုက် One Championship အား ကစားမြှင့်တင်ရေးကုမ္ပဏီဖြစ်သည်။ ယခင်က မြန်မာတွေနှင့် မရင်းနှီးခဲ့သော အားကစားနည်းတစ်ခုမှာ ကချင်တိုင်းရင်းသား အောင်လ၏ နိုင်ပွဲများနှင့်အတူ မြန်မာပြည်သူတွေအကြား ရေပန်းစားလာခဲ့သည်။ မြန်မာပရိသတ်တွေ ကြိုက်နှစ်သက်ရသည့် အကြောင်းက မြန်မာ့လက်ဝှေ့လိုပဲ သွေးသံရဲရဲနှင့် ထိုးသတ်တိုက် ခိုက်တာမျိုး ပါဝင်သလို အင်အားသုံးပြီး တစ်ဖက်ပြိုင်ဘက် မလှုပ်နိုင်အောင် ချုပ်ကိုင်အနိုင်ယူရသည့် နည်းစနစ်ကြောင့် ဖြစ်သည်။ မြန်မာ့လက်ဝှေ့လိုတော့ ခေါင်းတိုက်၍မရပါ။ ဤကစားနည်းက အချိန်တိုတို အတွင်း မြန်မာနှင့် ရင်းနှီးသွားခဲ့သည်။ သို့သော် မြန်မာ နိုင်ငံတွင် MMA ကို စနစ်တကျ ကစားတတ်သူ များများစားစား ရှိမနေသေးပါ။ ဖိုးသော်နှင့် မြန်မာ့လက်ဝှေ့သမား လူငယ်အချို့လောက်ပဲ ရှိသေးသည်။ 

အောင်လ၏ ပွဲဦးထွက်...

အောင်လအကြောင်းမပြောမီ သူ့ကို ခေါ်ဆောင်လာသည့် One Championship ရန်ကုန်ရောက်လာ ပုံနှင့် MMA ပြိုင်ပွဲများအကြောင်း ပြောချင်သည်။ ရန်ကုန်မှာ ကိုယ်ခံပညာပေါင်းစုံ MMA ပြိုင်ပွဲတစ်ခုကို One Championship က ဦးဆောင်ကျင်းပမည် ဆိုသောအခါ မြန်မာ့လက်ဝှေ့ဝါသနာရှင် ပရိသတ်များအကြား လှုပ်လှုပ်ရွရွတော့ ဖြစ်သွားသည်။ မိမိတို့ မြင်တွေ့နေကျ မြန်မာ့လက်ဝှေ့ ထိုးသတ်ပုံများနှင့်ကွဲလွဲသော ပြိုင်ပွဲတစ်ခုအပေါ် အများစုက စိမ်းနေကြသေးသည်။ One Championship ဦးဆောင်စီစဉ်သူတွေက မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပမည့်ပွဲဖြစ်သောကြောင့် မြန်မာပရိသတ်တို့ကို ဆွဲဆောင်နိုင်ရန် မြန်မာ့ ရိုးရာလက်ဝှေ့ တွဲဆိုင်းတစ်ခုကို ထည့်သွင်းပေးခဲ့ရသလို မြန်မာလက်ဝှေ့သမားများဖြင့် MMA ပွစဉ် တွဲဆိုင်း ၆ ဆိုင်း ထည့်သွင်းပေးခဲ့သည်။ 

MMA နှင့် ယခုမှ စတင်ထိတွေ့ဖူးသော မြန်မာ လက်ဝှေ့သမားတွေက MMA နည်းစနစ်တွေကို သိပ်မကျွမ်းကျင်ကြသေးသဖြင့် မြန်မာ့လက်ဝှေ့လို လက်သီးချင်းယှဉ်ထိုးသည့် Stand Fight ပုံစံမျိုးများ ဖြင့်သာ ထိုးသတ်သွားကြသည်။ ပါဝင်ထိုးသတ်ခဲ့ကြသူများမှာ ရိုးရာလက်ဝှေ့ပွဲစဉ်၌ ဖျံသွေးနှင့် စိုးထက်ဦး၊ MMA ပွဲစဉ်များ၌ စောအယ်လေးနှင့် စောလာထူး၊ စောဌေးဦးနှင့် သွေးသစ်အောင်၊ စောဘဦးနှင့် ဒေါနအောင်၊ ကြယ်စင်နှင့် ဖိုးသော်၊ သပြေညိုနှင့် လှစ်လှစ်လေး၊ မျိုးမာန်ဦးနှင့် မင်းထက်ဇင်တို့ ဖြစ်ကြသည်။ ထိုစဉ် မြန်မာလက်ဝှေ့သမားများ ထိုးသတ်ခဲ့သည့် MMA ပွဲစဉ်များမှာ ကြည့်မကောင်းခဲ့ပါ။

အဓိက စိန်ခေါ်ပွဲအဖြစ် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံပွဲစဉ်တွင် ဘရာဇီးနိုင်ငံသား ဘီဘီယာနို ဖာနန်ဒက်ဇ်က ဖင်လန်နိုင်ငံသား တိုနီကို အနိုင်ရခဲ့သည်။ ထိုပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။ One Championship ၏ ရန်ကုန်မြို့ ပထမဦးဆုံးပွဲစဉ်ဖြစ်သလို ၎င်းတို့၏ ခေတ်မီဆန်းသစ်သော ပြိုင်ပွဲတင်ဆက်ပုံများကြောင့် မြန်မာပရိသတ်များအကြား အထူးရေပန်းစားသွားသည်။ ထိုအချိန်ထိ မြန်မာစပါးကြီးမြွေ အောင်လ ရန်ကုန်မြို့သို့ ရောက်မလာသေးပါ။ သို့သော် အခြားသောပွဲစဉ် တွေမှာ၊ အမေရိကန်တွင် ထိုးသတ်ခဲ့သော ပွဲစဉ်တွေမှာတော့ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား အောင်လ၏ အောင်ပွဲသတင်းတွေကို ကြားသိနေရပြီဖြစ်သည်။ အောင်လ(သို့မဟုတ်) မြန်မာစပါးကြီးမြွေ (Burmese Python)။

အောင်လ၏ ပထမဦးဆုံး မြန်မာနိုင်ငံပွဲစဉ်က ၂၀၁၆ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ကျင်းပသော One Championship: Union of Warriors ပွဲစဉ်ဖြစ်သည်။ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင် ကျင်းပခဲ့သည့် ထိုပွဲစဉ်တွင် မြန်မာပရိသတ်များက အမေရိကတွင် ကျော်ကြားနေသော Burmese Python မြန်မာ စပါးကြီးမြွေ အောင်လအန်ဆန်ကို ပထမဦးဆုံး မြင်တွေ့ခဲ့ကြသည်။ ထိုပြိုင်ပွဲ၏ အဓိကပွဲစဉ်မှာ အောင်လအန်ဆန်နှင့် အီဂျစ်နိုင်ငံသား မိုဟာမက်အလီတို့၏ ပွဲစဉ်ဖြစ်သည်။ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား အောင်လ အဓိကပါဝင်မည်ဆိုတော့ မြန်မာပရိသတ်တွေ တစ်ခဲနက် အားပေးခဲ့ကြသည်။ ထိုပွဲစဉ်တွင် အောင်လသည် မိမိထက် ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အီဂျစ်နိုင်ငံသား မိုဟာမက်အလီအား ပထမအချီ ၂မိနစ် ၃၈ စက္ကန့် အတွင်း Guillotine ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် မိုဟာမက်အလီက အောင်လအား တောက်လျှောက်ဖိအားပေးထိုးသတ်ခဲ့ပြီး အောင်လ မရှုမလှ ခံခဲ့ရသော်လည်း အလီ၏ ချုပ်ကွက်များကို ပြန်တွန်းလှန်နိုင်ခဲ့ကာ နောက်ဆုံးတွင် ဦးခေါင်းကို အပိုင်ချုပ်လိုက်နိုင်သဖြင့် မိုဟာမက်အလီ အရှုံးပေးလိုက်ရသည်။ 

မြန်မာပရိသတ်များအကြား အောင်လ နာမည် ရေပန်းစားသွားသလို One Championship ၏ အောင်မြင်သောပွဲတစ်ပွဲလည်း ဖြစ်ခဲ့သည်။ ယခုပွဲစဉ် တွင်လည်း မြန်မာလက်ဝှေ့ကစားသမားများက MMA နည်းစနစ်အတိုင်း ထိုးသတ်သည့်ပွဲစဉ်များ ပါဝင်ယှဉ် ပြိုင်သွားကြသည်။ သပြေညိုနှင့် ကြယ်စင်ဖြိုး၊ ကြယ်လင်းအောင်နှင့် သွေးသစ်အောင်၊ ဖိုးသော်နှင့် စောအယ် လေးတို့ ပွဲစဉ်များတွင် သပြေညို၊ ကြယ်လင်းအောင်၊ ဖိုးသော်တို့ အသီးသီး အနိုင်ရခဲ့ကြသည်။ 

One Championship ၏ အဓိက ရည်မှန်းချက် တစ်ခုမှာ ကိုယ်ခံပညာပေါင်းစုံ အတိုက်ပြိုင်ပွဲ MMA များသာမက မွေထိုင်းလက်ဝှေ့၊ ကစ်ဘောက်ဆင်၊ ဘောက်ဆင်နှင့် နပန်းအားကစားပြိုင်ပွဲများ မြှင့်တင်ကျင်းပသွားရန်ဖြစ်သည်။ အာရှတစ်လွှား မြို့ကြီးများ သို့လှည့်လည်ကျင်းပနေသော One Championship ပြိုင်ပွဲများမှာ ယခုအခါ အလွန်အောင်မြင်နေပြီး ကမ္ဘာတစ်လွှား နိုင်ငံ ၁၄၀ တွင် ကြည့်ရှုသူပရိသတ် စုစုပေါင်း (၂.၆ဘီလီယံ) ရှိသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ် ဇူလိုင် လတွင် စတင်တည်ထောင်ခဲ့ပြီး One FC အမည်ဖြင့် ပြိုင်ပွဲများ စတင်ကျင်းပခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် One Championship အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ပိုင်ရှင်မှာ စီးပွားရေးလုပ်ငန်းရှင် ချက်ထရီ ဆစ်ယိုထောင်နှင့် ESPN Star sports စီနီယာ အလုပ်အမှုဆောင်ဟောင်း ဗစ်တာကွီတို့ဖြစ်သည်။ 

One Championship သည် ပြိုင်ပွဲများ တိုက်ရိုက်ထုတ်လွှင့်ရန် ESPN Star Sports ကို အမည်ပြောင်းထားသည့် Fox Sports Asia နှင့် ရုပ်သံထုတ်လွှင့်ခွင့် ၁၀ နှစ် စာချုပ်ချုပ်ဆိုထားသည်။ 

One Championship ပြိုင်ပွဲများကို ၂၀၁၂ ခုနှစ်မှစ၍ အာရှမြို့ကြီးများဖြစ်သည့် စင်ကာပူ၊ ဂျာကာတာ၊ မနီလာ၊ ကွာလာလမ်ပူ၊ ဒူဘိုင်း၊ တိုင်ပေ၊ ဖနွမ်းပင်၊ ဘေဂျင်း၊ ကွမ်ကျိုး၊ ရန်ကုန်၊ ချန်းရှ၊ ဟိုင်ဖေ၊ မကာအို၊ ဘန်ကောက် စသည့်မြို့ကြီးများတွင် လှည့်လည်ကျင်းပနေရာမှ ယခု ၂၀၁၉ တွင် တိုကျို၊ ဟိုချီမင်းမြို့များအထိ တိုးချဲ့ကျင်းပလာနိုင်ခဲ့ပြီး အာရှတစ်လွှား အထူးလူကြိုက်များ အောင်မြင်လျက်ရှိနေသည်။

ဆက်လက်ဖော်ပြပါမည်။

C.W.M