News

POST TYPE

ARTICLE

ဗိုလ်ချုပ် လွမ်းပုံပြင်
20-Oct-2019


ကျွန်တော်သည် ပြည်ထောင်စုသမ္မတဗိုလ်ချုပ် နိုင်ငံတော်ကြီးတွင် နေထိုင်လေသည်။ ကျွန်တော်တို့ နိုင်ငံတွင် ဗိုလ်ချုပ်တိုင်း ၇ ခုနှင့် ဗိုလ်ချုပ်ပြည်နယ် ၇ ခု ရှိပါသည်။

ကျွန်တော်နေထိုင်သော အမှတ် (၁၂) ဗိုလ်ချုပ် မြို့သည် ဗိုလ်ချုပ်တိုင်း (၂) တွင် ပါဝင်ပါသည်။ ကျွန်တော်သည် အမှတ် (၇) ဗိုလ်ချုပ်အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး အနောက်ပိုင်း ဗိုလ်ချုပ်တက္ကသိုလ်တွင် ပညာသင်ယူခဲ့ပါသည်။

ကျွန်တော်သည် ဗိုလ်ချုပ်တက္ကသိုလ်သို့ သွားသည့်အခါ အိမ်ရှေ့ အမှတ် (၂၀) ဗိုလ်ချုပ်လမ်းမကြီးရှိ ဗိုလ်ချုပ်မှတ်တိုင်တွင် အမှတ်(၅၁) ဗိုလ်ချုပ်ဘတ်စ်ကားလိုင်းကို စောင့်စီးပါသည်။

ကျွန်တော်တို့ ဗိုလ်ချုပ်ရပ်ကွက် အမှတ် (၃၃) တွင်နေထိုင်သော ကျောင်းသားများအတွက် တက္ကသိုလ်သို့ သွားရသည်မှာ အချိန်များစွာပေးရပါသည်။

ကျွန်တော်တို့၏ ဗိုလ်ချုပ်ရပ်ကွက်နှင့် ဗိုလ်ချုပ်တက္ကသိုလ်ကြားတွင် ဗိုလ်ချုပ်မြစ်ကြီး ခြားထားပါသည်။

ကျွန်တော်တို့ ပြည်သူများ သွားလာရေး လွယ်ကူစေရန် အစိုးရက မြစ်ကူးတံတားကြီးတစ်စင်း တည်ဆောက်ပေးခဲ့ပြီး ဗိုလ်ချုပ်မြစ်ကူးတံတားဟု အမည်ပေးဖွင့်လှစ်ခဲ့ပါသည်၊

ကျွန်တော်တို့ကား ဗိုလ်ချုပ်လမ်းမအတိုင်း ဗိုလ်ချုပ်ဘတ်စ်ကားကြီးကိုစီးပြီး ဗိုလ်ချုပ်တံတားပေါ်မှ ဖြတ်ကာ ဗိုလ်ချုပ်မြစ်ကို နေ့စဉ်ဖြတ်ကူးကြပါသည်။

ကျွန်တော်သည် ဗိုလ်ချုပ်မြစ်ပေါ်မှ တိုက်ခတ်လာသော လေနုအေးလေးနှင့်အတူ ဗိုလ်ချုပ်ကားပေါ်တွင်ပင် ကျွန်တော့်ချစ်သူကို စတွေ့ပါသည်။

ပြည်နယ်နှင့်တိုင်းပေါင်းစုံ ဗိုလ်ချုပ်ကြေးရုပ်တု ပြိုင်ပွဲကြီးတွင် သူမနှင့် ကျွန်တော် ရင်းနှီးခွင့်ရခဲ့ပြန်သည်။

ကျွန်တော့်ချစ်သူသည် ဗိုလ်ချုပ်တက္ကသိုလ်၊ ဒုတိယနှစ်တွင် တက်နေသူဖြစ်ပါသည်။ ကျွန်တော်သည် သူ့အား ဗိုလ်ချုပ်ကြေးရုပ်ကြီးရှေ့တွင် ချစ်သဝဏ်လွှာ ပါးခဲ့ပါသည်။

ကျွန်တော်တို့မြို့မှ ဗိုလ်ချုပ်ကြေးရုပ်ကြီးမှာ ပေတစ်ရာခန့်မြင့်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကော်မတီကဦးဆောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ကျွန်တော့်အတွက် အဖြေအား ဗိုလ်ချုပ်မွေးနေ့တွင် ပေးမည်ဖြစ်ပြီး မြို့ထဲရှိ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ကြီးရှေ့တွင် သူ့အားစောင့်နေရန် ချစ်သူက စာပြန်ပါသည်။

ကျွန်တော်သည် ထိုနေ့က အပျော်လွန်ပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးတွင် သူငယ်ချင်းများနှင့် ဘီယာသွားသောက်ကာ အောင်ပွဲခံပါသည်။

(မှတ်ချက် - ဘီယာတံဆိပ်ကတော့ ဗိုလ်ချုပ်တံဆိပ်မဟုတ်ပါ... ဘီယာတံဆိပ်ကိုပင် ဗိုလ်ချုပ်အမည်လာကပ်လျှင်တော့... လာကပ်သည့်သူကို ဗိုလ်ချုပ်ကိုယ်စား ဆောင့်ကန်ပြစ်ဖို့သာရှိတော့၏)

ကျွန်တော့်သူငယ်ချင်းကားဖြင့် ထိုညက ဗိုလ်ချုပ်လမ်းအတိုင်းပြန်လာခဲ့ရာ ဗိုလ်ချုပ်အဝိုင်းအကျော် ဗိုလ်ချုပ်ပြတိုက်ရှေ့တွင် ဗိုလ်ချုပ်ပုံတပ်ထားသော မဲဆွယ်ကားကြီးဖြင့် ဝင်ဆောင့်မိပါတော့သည်။ 

ကျွန်တော်သည် သတိလစ်သွားပြီး ဗိုလ်ချုပ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသခံရပါသည်။

ကျွန်တော်သတိလစ်နေစဉ် အိပ်မက်ထဲ၌ ချစ်သူနှင့်အတူ ဗိုလ်ချုပ်ရုပ်ရှင်ကို ကြည့်ရသည်မှာ ကြည်နူးစရာအလွန်ကောင်းပါသည်။

ကျွန်တော် ပြန်လည်သတိရလာသောအခါ ဘေးနားရှိ ဗိုလ်ချုပ်ပုံပြက္ခဒိန်အား ကြည့်လိုက်ရာ ယနေ့သည် ဗိုလ်ချုပ်မွေးနေ့ဖြစ်ကြောင်း သိလိုက်ရသည်။

ကျွန်တော်သည် ဆရာဝန်များ၊ နပ်စ်မများအလစ်တွင် ဗိုလ်ချုပ်ဆေးရုံမှဆင်းပြီး... ဗိုလ်ချုပ်လမ်းမကြီးအတိုင်းလျှောက်ကာ ဗိုလ်ချုပ်ပန်းခြံသို့ သွားပါသည်။

ကျွန်တော် ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ကြီးအောက်သို့ ရောက်သောအခါ ကျွန်တော့်ချစ်သူအား မတွေ့တော့ပါ။

ကျွန်တော်လည်း ပန်းခြံအနောက်ဘက်ရှိ နောက်ထပ် ဗိုလ်ချုပ်ကြေးရုပ်ကြီးဆီ ထပ်သွားရှာသော်လည်း သူမအား အရိပ်အယောင်ပင်မတွေ့ပါ။

ကျွန်တော့်မှာ ဒဏ်ရာများ နာကျင်နေသည့်ကြားမှ ပန်းခြံတောင်ဘက်နှင့် မြောက်ဘက်ရှိ ဗိုလ်ချုပ်ကြေးရုပ်များဆီ ထပ်မံရှာဖွေပါသော်လည်း အချည်းအနှီးပင်။

ကျွန်တော် နောက်မှ သေချာစဉ်းစားမိသည်က ကျွန်တော်တို့မြို့တွင် ဗိုလ်ချုပ်ပန်းခြံလေးခုရှိပြီး ထိုပန်းခြံများတွင် ဗိုလ်ချုပ်ရုပ်တုများ ပုံစံအမျိုးမျိုးဖြင့် ရှိပါသေးသည်။

ကျွန်တော်သည် ချစ်သူက ချိန်းဆိုစဉ်က ဘယ်ဗိုလ်ချုပ်ပန်းခြံဆိုသည်ကို သေချာမမေးမိခဲ့ပါ။

ကျွန်တော့်မှာ အခုချိန်မှ ဗိုလ်ချုပ်ပန်းခြံလေးခုလုံးကို လိုက်ရှာလျှင်လည်း အချိန်က မီတော့မည်မဟုတ်။

ကျွန်တော်လည်း ဗိုလ်ချုပ်ပန်းခြံထဲတွင် ကြေကွဲစွာဖြင့် ထိုင်ရင်း ငိုချလိုက်မိပါတော့သည်။

ဗြိတိသျှကိုကိုမောင်