News

POST TYPE

ARTICLE

အောင်လအန်ဆန် (သို့မဟုတ်) လူသားအသည်းနှလုံးနဲ့ ဖိုက်တာ. . .
18-Oct-2019


မှတ်မှတ်ရရ ထိုနေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သည်။ အောက်တိုဘာလ (၁၃) ရက်။ တနင်္ဂနွေ။ အလုပ် ပိတ်ရက်၊ အားလပ်ရက်ဖြစ်သလို သီတင်းကျွတ် လပြည့်နေ့လည်းဖြစ်သဖြင့် မြန်မာလူမျိုးတွေ စိတ်လက်ပေါ့ပါးစွာ ရှိနေသော နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့တွင် မြန်မာနိုင်ငံသားအားလုံး စိတ်ဝင်စားနေကြသည့် အကြီးကျယ်ဆုံး “ကိုယ်ခံပညာပေါင်းစုံ MMA ကမ္ဘာ့ချန်ပီယံလုပွဲကြီး” တစ်ခုရှိနေသည်။ ကျင်းပမည့် နေရာကား ဂျပန်နိုင်ငံ၊ တိုကျိုမြို့။ မိမိတို့နိုင်ငံနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော ဂျပန်နိုင်ငံမှာ ထိုးသတ်မည့် MMA ပွဲစဉ်ဖြစ်သော်လည်း ရုပ်သံမှ ထုတ်လွှင့်ပြသမည့် ထိုချန်ပီယံစိန်ခေါ်ပွဲကို မြန်မာနိုင်ငံသားအားလုံး စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။ အထူးသဖြင့် သူတို့၏သူရဲကောင်းတစ်ဦးသော အောင်လအန်ဆန် တစ်ယောက် စိန်ခေါ်သူ ဘရန်ဒွန် ဗီရာကို ဘယ်ပုံဘယ်နည်း အနိုင်ယူထိုးသတ်မလဲ ဆိုတာကို ရင်တထိတ်ထိတ်နှင့် ငံ့လင့်နေခဲ့ကြသည်။

ထိုအတောအတွင်း ဂျပန်နိုင်ငံမှာ အင်အားပြင်းသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Hagibis ကျရောက်သည်။ အင်အားပြင်းမုန်တိုင်းဖြစ်သဖြင့် တိုကျိုအပါအဝင် နေရာအသီးသီး၌ မုန်တိုင်းဒဏ်ခံ ရသည်။ မုန်တိုင်းကြောင့် One Championship ၏ ONE: Century MMA  ကမ္ဘာ့ချန်ပီယံပွဲစဉ်တွေ ဆက်ကျင်းပနိုင်ပါ့မလား စိုးရိမ်ခဲ့ကြသော်လည်း ပွဲစဉ်များကို မူလအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း One Championship က ကြေညာခဲ့သည်။ 



မြန်မာစံတော်ချိန် နေ့ခင်းပိုင်းလောက် ကတည်းက Century Part 1 ပွဲစဉ်တွေ ထိုးသတ်ခဲ့သည်။ အပြင်တွင် မုန်တိုင်းကျနေသော်လည်း တိုကျိုမြို့ Ryogoku Kokugikan အားကစားခန်းမကြီးတွင် ကိုယ်ခံပညာပေါင်းစုံ ( Mixed Martial Arts ) ပြိုင်ပွဲကြီးကို ဆက်လက်ကျင်းပနေရာ အစောပိုင်းပွဲစဉ် တစ်ခုတွင် မြန်မာနိုင်ငံမှ ဖိုးသော်က ပြိုင်ဘက် တောင်ကိုးရီးယား နိုင်ငံသား ကစားသမားကို ပထမအချီမှာပင် အရှုံးပေးလိုက်ရသည်။ 

ပြိုင်ပွဲကို တောက်လျှောက်ဆိုသလို ဆက်လက်ကျင်းပခဲ့ရာ ပရိသတ်များ မျှော်လင့် စောင့်စားနေသည့် အောင်လအန်ဆန်ပွဲစဉ်က ည ၈ နာရီဝန်းကျင် ကျမှ စတင်နိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှ စတင်ခဲ့သော One Championship ပြိုင်ပွဲတစ်လျှောက် (တစ်ကြိမ်သာ) ရှုံးပွဲရှိခဲ့ပြီး ပြိုင်ပွဲတိုင်း အနိုင်ရခဲ့သည့် အောင်လအန်ဆန်မှာ မြန်မာပရိသတ်များအကြား သူရဲကောင်းတစ်ဦး ဖြစ်နေသလို အားပေးသူပရိသတ် ပေါင်းသန်းချီ ရှိနေသည်။ ထိုနေ့က ပွဲစဉ်သို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများ မြန်မာအလံများကိုင်ဆောင်ကာ လာရောက်အားပေးကြည့်ရှုကြသည်ကို တွေ့ရသည်။

တကယ်တော့ အောင်လအန်ဆန်က မြန်မာနိုင်ငံသား မဟုတ်တော့ပါ။ ကချင်တိုင်းရင်းသား အမေရိကန်နိုင်ငံသားတစ်ဦးသာ ဖြစ်သည်။ သို့သော် သူ့အသွေးအသားက “မြန်မာ” ဖြစ်သလို သူ့စိတ်ဓာတ်ကလည်း “မြန်မာ” ဖြစ်သည်။ မြန်မာပုဆိုး၊ ကချင်လုံချည်ကိုဝတ်ပြီး ပရိသတ်နှင့် မိတ်ဆက်သည်။ ပြိုင်ပွဲတိုင်းမှာ မြန်မာပရိသတ်ကို လေးလေးစားစား နှုတ်ဆက်သည်။ သူ့အောင်ပွဲ သူ့၏ ရိုးသား ပွင့်လင်းသော စိတ်ဓာတ်ကြောင့် ပရိသတ်တွေက သူ့ကို ချစ်ကြသည်။ အောင်လသည် မြန်မာပရိသတ် ကြားမှာတော့ ဆူပါစတား။ 

အသက် (၃၄) နှစ်၊ အရပ် ၆ ပေ ၁ လက်မ။ ကိုယ်အလေးချိန် ၂၀၅ ပေါင်။ ထိုးသတ်ခဲ့သည့် MMA ပွဲစဉ် ၃၆ ပွဲ။ နိုင်ပွဲ ၂၆ ပွဲ။ ရှုံးပွဲ ၁၀ ပွဲ။ လက်ရှိ One Championship ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ၊ လိုက်ဟဲဗီးဝိတ်ချန်ပီယံ။ ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကို ပခုံးထက်မှာ ချိတ်ထားနိုင်သော သူရဲကောင်း။ သူနှင့် ယှဉ်ပြိုင်ထိုးသတ်မည့်သူက အမေရိကန်-ဖိလစ်ပိုင် MMA ကစားသမား လက်ရှိဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒွန်ဗီရာ။ UFC တိုက်ခိုက်ရေးသမားဟောင်းဖြစ်သူ ဘရန်ဒွန်က အောင်လထက် အရပ်အမောင်းပိုမြင့်မားပြီး လက်တံခြေတံရှည်သည်။ ကိုယ်အလေးချိန် ပိုများသည်။ 

အောင်လနှင့် လိုက်ဟဲဗီးဝိတ်ချန်ပီယံ စိန်ခေါ်ပွဲ ထိုးသတ်မည်ဆိုတော့ ဘရန်ဒွန်က ဝိတ်ချထားရသည်။ ပွဲက ကြည့်ကောင်းမည့် ပွဲကြီးပွဲကောင်း။ ယခုပွဲ ထိုးသတ်ဖို့ ဖြစ်လာရသည်ကလည်း ဘရန်ဒွန်၏ စိန်ခေါ်မှုကြောင့် ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ဂျပန်ကစားသမား ကင်ဟာဆီဂါဝါကို အောင်လက အလဲထိုးအနိုင်ယူပြီးသည့်နောက် ပထမဆုံး စင်ပေါ်တက် လက်ဆွဲနှုတ်ဆက်လာသူမှာ ဘရန်ဒွန်ဗီရာ ဖြစ်သည်။ အောင်လ၏ ထိုးသတ်ပုံကို သဘောကျ ချီးမွှမ်းသွားသလို တစ်ခါတည်း စိန်ခေါ်ထိုးသတ်လိုကြောင်း ဖွင့်ဟလိုက်သဖြင့် ယခုပွဲဖြစ်လာခြင်းဖြစ်သည်။ 

လိုက်ဟဲဗီးဝိတ် ချန်ပီယံကာကွယ်ပွဲဖြစ်သဖြင့် အောင်လအနေနှင့် အတော်အချိန်ယူ ပြင်ဆင်ခဲ့ရသည်။ ဟာဆီဂါဝါပွဲနှင့် ယခုပွဲအကြား ခြောက်လနီးပါး လေ့ကျင့်ပြင်ဆင်ခဲ့သည်။ 

ပြိုင်ပွဲ စပါပြီ။ One Championship အစဉ်အလာအတိုင်း ရောခ်ကာ လေးဖြူ၏ အမဲလိုက်အက သီချင်းနှင့်အတူ မြန်မာအလံကို ခြုံ၍ မီးရှူးမီးပန်း များကြားက အောင်လထွက်လာသည်။ အော်ဟစ် အားပေးသံတွေ ဆူညံနေသည်။ ထိုအားပေးသံများက တိုကျို ရိုဂိုကူ အားကစားရုံထဲက အသံဖြစ်သော်လည်း အောင်လ မကြားနိုင်သည့် အားပေးသံတွေက သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဆီက ဖြစ်သည်။ 

ယုံကြည်ချက်အပြည့်၊ စိတ်ခွန်အားအပြည့်၊ တည်ငြိမ်အေးဆေးသည့် အမူအရာကို အောင်လမျက်နှာမှာ မြင်ရသည်။ အဖြူရောင် တီရှပ်ကို ဆွဲချွတ်လိုက်တော့ ကြီးမားသော ရင်အုပ်သား၊ ကြွက်သား အဖုအထစ်တွေနှင့် မယုံနိုင်စရာ တောင့်တင်းသော ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ စင်ပေါ်အတက်မှာ ဒူးတစ်ဖက်ထောက်၊ ညာလက်က ကြမ်းပြင်မှာ လက်ညှိုးထောက်ပြီး တစ်စုံတစ်ခုရေးဆွဲလိုက်သလို လက်သီးဆုပ်ဖြင့် ကြမ်းပြင်ကို အသာထိုး၍ စည်းဝိုင်းအတွင်း ခုန်၍ဝင်လာသည်။ ဒါက သူထိုးသည့်ပွဲစဉ်တိုင်း ပြုလုပ်နေကျ အောင်လ၏ ကြိုးဝိုင်းအဝင် ပုံစံဖြစ်သည်။

ဘရန်ဒွန်က အရပ်အမောင်း ပိုသာသည်။ ခြေတံ၊ လက်တံ ရှည်သည်။ အသက် (၄၂) နှစ်၊ ၁၆ ပွဲ ကစား ထား (၈) ပွဲ ရှုံး မှတ်တမ်းရှိသူ။ သူလည်း ဖိလစ်ပိုင် ကပြားဖြစ်သော်လည်း အမေရိကန်နိုင်ငံသားဖြစ်သည်။ စင်ပေါ်မှာ နေရာယူကြတော့ ဘရန်ဒွန် တစ်ကိုယ်လုံးမှာ တက်တူးတွေအပြည့်။ အောင်လကတော့ ကျောမှာ ငှက်တောင်ပံနှစ်ခု တက်တူးနှင့် Jingphaw ဂျင်းဖော စာသား ထိုးထားတာတွေ့သည်။ ပထမအချီအစမှာ အကဲစမ်းသလို ဟန်ရေးပြသည်။ မည်သူမျှ စမထိုး။ အောင်လက ခြေကန်ချက်ဖြင့် စမ်းသည်။ ဘရန်ဒွန် ရှောင်သည်။ ဘရန်ဒွန်က ခြေကန်ချက်ဖြင့် အကဲပြန်စမ်းသည်။ အောင်လ ဘယ်ထောက်လက်သီးဝင်သည်။ ဘရန်ဒွန် ကာလိုက်သည်။ ဘရန်ဒွန်က ခြေတံ လက်တံရှည်သဖြင့် အောင်လက လိုက်ထိုးနေရသည်။ ထင်သလို မပေါက်။ အောင်လ၏ တစ်ချက်တစ်ချက် ဘယ်ထောက်လက်သီးက မြန်သည်။ ဘရန်ဒွန်ကာပြီး တုံ့ပြန်သည်။ အောင်လက အတိုက်။ ဘရန်ဒွန်က အရွေ့အဆုတ်။ အခွင့်အရေးရလျှင် တိုက်စစ်ဆင်ထိုးသတ်ဖို့ လှုပ်ရှားပြီးအကွက်ချောင်းသည်။ ဘရန်ဒွန်က ပါးနပ်သည်။ ရှောင်သည်။ တစ်ချက်တစ်ချက် ထောက်ပြီး ထိုးသည်။ နှစ်ဦးစလုံး ချက်ကောင်းမမိကြ။ အောင်လက လိုက်သူ။ ဘရန်ဒွန်က နောက်ဆုတ်သူ။ တစ်ချက်မှာ အောင်လ၏ ဘယ်ညာလက်သီးတွေ ဘရန်ဒွန် မျက်နှာ ပေါ်ကျသည်။ ဘရန်ဒွန်ကာသည်။ ဘရန်ဒွန်၏ လက်တံရှည်သော ညာလက်သီးထိုးချက်တွေက အားပါသည်။ 

ခြေကန်ချက်တွေ အပြန်အလှန်သုံးသည်။ အောင်လ လိုက်ထိုးရင်း ဟန်ချက်ပျက်လဲကျသွားရာ အခွင့်ကောင်းစောင့်နေသော ဘရန်ဒွန် အတင်းလိုက်ပြီး ဘယ်ညာ လက်သီးစုံပစ်သည်။ အောင်လခံရသည်။ ဘရန်ဒွန်၏ ဘယ်ဒူးတိုက်ချက်က ကြောက်စရာကောင်းသည်။ အောင်လ မေးရိုးနှင့် တေ့လွဲ လွဲသွားသည်။ အောင်လ ပြန်ခွာထုတ်နိုင်ပြီး တရစပ် ပြန်လည်တိုက်စစ်ဆင် ထိုးသတ်သည်။ ဘရန်ဒွန် ခေါင်းတွေ။ မေးရိုးတွေကို ထိသည်။ မဖြုံ။ အောင်လ အလဲမှာ ပွဲဖြတ်ဖို့ ကြိုးစားသော ဘရန်ဒွန်၏ ထိုးသတ်ပုံ မွေထိုင်းပုံစံ။ မြန်မာ့လက်ဝှေ့ပုံစံ။ ဒူးတိုက်ချက်ကို အားပါပါ အသုံးပြုသည်။ အောင်လ ပြန်ခွာပြီး ပြန်တိုက်စစ်ဆင်နိုင်၍ သက်သာသွားသည်။

ဒုတိယအချီမှာလည်း အောင်လက လိုက်သူဖြစ်သည်။ ခြေကန်ချက်ဖြင့် ဘရန်ဒွန်၏ ဘယ်ခြေကို ပြင်းပြင်းကန်သည်။ အားပါးသော ထိုးချက်ဖြင့် ဘယ်ညာဝင်ထိုးသည်။ ဘရန်ဒွန်ကာသည်။ ညာဖြောင့်ဖြင့် ပြန်ထိုးသည်။ အောင်လ ထိသည်။ လူချင်းပူးမိလျှင် ဘရန်ဒွန်က ဒူးတိုက်ချက်ကို သုံးသည်။ အောင်လ ခွာထိုးသည်။ ဒုတိယအချီ စပြီးမကြာမီမှာ နှစ်ဖက်အပြန်အလှန်လက်သီးမိုးရွာသည်။ ဘရန်ဒွန်လက်သီးတွေက အားပါသဖြင့် အောင်လ အထိနာသည်။ စိတ်ဓာတ်ကြံ့ခိုင်သလို ပါဝါကောင်းသော အောင်လ၏ ညာလက်သီးက ဘရန်ဒွန်ပါးပြင်ကို ထိသည်။ အောက်မှ ဝိုက်၍ ထိုးသော ပင့်လက်သီးက ဘရန်ဒွန် မေးရိုးကို ထိသည်။ 

ဘရန်ဒွန်တွန့်သွားသည်။ ဘတစ်ပြန် ကျားတစ်ပြန် လက်သီးမိုးရွာသည်။ အောင်လထိသလို ဘရန်ဒွန်လည်း ထိသည်။ ဒီလိုမျိုး အပြိုင်ထိုးချက်တွေက မြန်မာ့လက်ဝှေ့တွေမှာ တွေ့ရတတ်သည်။ ပညာသည်ချင်း ထိုးသတ်ကြတာဖြစ်တော့ ထိချက်တွေက ပြင်းသည်။ အောင်လ သက်လုံကောင်းသည်။ ဘရန်ဒွန်က ဘယ်တံတောင်ကို အားပြုထိုးသည်။ ထိချက်မှန်လျှင် မလွယ်။ အလစ်အငိုက်တစ်ချက်မှာ အောင်လ ခန္ဓာကိုယ်ကို တစ်ပတ်လည်ဝိုက်ပြီး တံတောင်နှင့် တွက်ရာ ဘရန်ဒွန်ခေါင်းနှင့် မျက်နှာကို ထိချက် ပြင်းပြင်းကျသည်။ ဘရန်ဒွန် နာသွားသည်။ ချက်ချင်း ညာတံတောင်ဖြင့် အောင်လကို ပြန်တိုက်သည်။ အောင်လ မျက်ခုံးကွဲကာ သွေးကျလာသည်။ အောင်လ ဆက်ပြီး ဖိအားပေးတုံ့ပြန်ရာ ဘရန်ဒွန်မေးရိုးကို ထိချက်မှန်မှန်နှင့် ထိပြီး ဘရန်ဒွန် ယိုင်ထိုးကျသွားသည်။ အောင်လ ဆိုင်းမနေဘဲ အခွင့်အရေးကို အသုံးချကာ ယိုင်လဲနေသော ဘရန်ဒွန်မျက်နှာအား ဘယ်လက်သီးများ တစ်လုံးပြီးတစ်လုံး ဆက်တိုက် ပစ်သွင်းလိုက်ရာ ဒိုင်လူကြီး ဝင်ပြီး လက်တားက ပွဲရပ်လိုက်ရသည်။ အောင်လနိုင်ပြီ။ လက်နှစ်ဖက်ကို ဆန့်တန်းလျှက် အောင်ပွဲခံနေခိုက် အောင်လမျက်ခုံးပေါ်က သွေးတွေ ယိုစီးကျလာသည်။ 

တိုကျို ရိုဂိုကူ အားကစားခန်းမတစ်ခုလုံး ဆူညံပွက်ထသွားသည်။ အောင်လကို အားပေးကြသည့် ပရိသတ်များ၏ အော်ဟစ်သံတွေ ဆူညံသွားသည့်အခိုက် မိုင်ပေါင်း ထောင်ချီဝေးသည့် အမိမြန်မာပြည်မှာလည်း အောင်ပွဲခံသံတွေ ဆူညံသွားသည်။ လက်ဖက်ရည်ဆိုင်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ အိမ်ဧည့်ခန်း တီဗီရှေ့တွေမှာ အားပါးတရ အောင်ပွဲခံနေကြသည့် မြန်မာပရိသတ်တွေက သန်းပေါင်းများစွာ..။ 

“အောင်လ”၊ “အောင်လ”၊ “အောင်လကွ” ဆိုသည့် အသံတွေ၊ ပျော်ရွှင်မြူးတူး ခုန်ပေါက်ကြတာတွေက လူကြီး၊ လူငယ် အမျိုးသမီး၊ အိမ်ရှင်မတွေပါ မကျန်။ အောင်လ၏ အောင်ပွဲသည် မြန်မာ၏ အောင်ပွဲ။ အောင်လ၏ အနိုင်သည် မြန်မာ၏ အနိုင်။ အမြဲတမ်း အရှုံးတွေကြားက အောင်လ ယူဆောင်ပေးလိုက်သည့် အနိုင်က ချိုမြိန်လွန်းလှသည်။ အားရလွန်းလှသည်။

ဘယ်လောက်အထိ အောင်လနိုင်ပွဲအပေါ် စိတ်လှုပ်ရှားကြသလဲဆိုတော့ အောင်လပွဲ အားပေးကြည့်ရှုရင်းက မြန်မာနိုင်ငံသား လေးဦး အသက် ဆုံးရှုံးသွားသည်ဆိုသောသတင်း နောက်နေ့မှာ ထွက်ပေါ်လာသည်။ မြန်မာပြည်သူတွေက အောင်လကို အဲသည်လောက် အားပေးကြည့်ရှုကြသည်။ သည်လို အားပေးရလောက်အောင် အောင်လ ဘယ်လို ဖြစ်တည်လာခဲ့သလဲ။ အောင်လ၏ ဘဝ၊ အောင်လ၏ ဖြတ်သန်းမှု။ အောင်လ၏ ခြေရာ။ အောင်လ၏ မိသားစုဘဝတွေကို တစ်စေ့တစ်စောင်း ကြည့်ရှုလိုက်ကြရအောင်။

ဆက်လက်ဖော်ပြပါမည်

C.W.M


  • VIA