News

POST TYPE

ARTICLE

ဘန်ကောက်မြို့လယ်က မြန်မာလုပ်ငန်းရှင်ဖြစ်ရေးအိပ်မက်
16-Oct-2019


ဘန်ကောက်မြို့လယ်၊ ရထေထေဝီရပ်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားအချို့နေသည့် တိုက်တန်းလျားကို မျက်စိတစ်ဆုံး မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာစကားပြောကာ တိုးတိုးတိတ်တိတ် ဈေးအရောင်းအဝယ်လုပ်နေသည်ကိုလည်း တွေ့နိုင်ပါမည်။

ယင်းတိုက်တန်းနေရာအချို့တွင် မြန်မာစာဖြင့် ကြော်ငြာထားသည့် “တိုက်ခန်းငှားရန်ရှိသည်” ဆိုသော ဆိုင်းဘုတ်အချို့ကိုလည်း တွေ့နိုင်မည်ဖြစ်သည်။ ယင်းနေရာ လမ်းဆုံအနီး ခပ်ညစ်ညစ်သုံးထပ်တိုက်တစ်လုံးကိုလည်း တွေ့ရမည်ဖြစ်သည်။

ယင်းနေရာသည် မြန်မာရွှေ့ပြောင်းလုပ်သားများကို အခြေခံကွန်ပျူတာ၊ ထိုင်းစာနှင့် သက်မွေးပညာသင်ပေးသည့် ထိုင်း-မြန်မာ မဟာမိတ်ဖောင်ဒေး ရှင်းကဖွင့်ပေးထားသည့် သင်တန်းကျောင်းဖြစ်ပြီး မြန်မာအများစု ဝင်ထွက်သွားလာ နားနေရာလည်း ဖြစ်သည်။

အဆိုပါသင်တန်းကျောင်း ဒုတိယထပ် တိုက်ခန်း ကျဉ်းကျဉ်းအတွင်း ကွန်ပျူတာဟောင်းအချို့၊ စာသင်ခုံများကြားတွင် အသက် ၃၀ ခန့် ရွှေ့ပြောင်း မြန်မာလုပ်သား အမျိုးသားတစ်ဦး ဖုန်းတစ်လုံးဖြင့်အလုပ်လုပ်နေသည်ကို မြင်တွေ့ရသည်။ 

သူက ကိုကျော်ဖြိုးဝေဖြစ်သည်။ ဘန်ကောက်မြို့သို့ ရောက်ရှိပြီး အလုပ်လုပ်နေသည်မှာ ၉ နှစ်ခန့် ကြာပြီဖြစ်သည်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ဘန်ကောက်သို့ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

သူက သာမန်လူတန်းစားမိသားစုမှ မွေးဖွားကြီးပြင်းလာသူ။ ဖခင်ဖြစ်သူက ကျောင်းစောင့်။ ရံဖန်ရံခါ လက်သမား၊ ပန်းရန်ဆရာ။ မိခင်ဖြစ်သူက မှီခို။ မိသားစုစားဝတ်နေရေးက မလူးသာမလွန့်သာ။

ထိုင်းရောက် မြန်မာလေးသန်းခန့်အနက် အများစုမှာ ကျွမ်းကျင်လုပ်သားမဟုတ်ဘဲ အောက်ခြေလုပ်သားများသာ ဖြစ်ကြသည်။ သို့သော် သူ့အိပ်မက် ကမူ ရွှေ့ပြောင်းလုပ်သားဘဝမှသည် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ရေးဖြစ်သည်။

လက်ရှိတွင် အဆိုပါသင်တန်းကျောင်း၌ စေတနာ့ဝန်ထမ်းလုပ်ကိုင်ရင်း တစ်ဖက်က ထိုင်း-မြန်မာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။

တစ်ရက် တစ်ရက် သူ့ဆီကတစ်ဆင့် မြန်မာပြည်သို့ပို့သည့်ငွေကြေးက မြန်မာငွေ ကျပ်သိန်းရာနှင့်ချီရှိ ပြီး ဝန်ဆောင်ခအတွက် မြန်မာငွေကျပ်တစ်သိန်းလျှင် ထိုင်းငွေ ငါးဘတ်ရယူသည်။

ယခုအခါ လုပ်ငန်းကိုင်ငန်း အဆင်ပြေနေသဖြင့် ညီတစ်ယောက်ကိုလည်း အလုပ်ပေးထားနိုင်သည့်အပြင် မိခင်ကိုလည်း အိမ်ဆိုင်ဖွင့်ကာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်စေနိုင်ပြီဖြစ်သည်။

ယခုကဲ့သို့ အောင်မြင်နိုင်ရေး ဘန်ကောက်ကို ရောက်လာခဲ့သည့်ခရီးက ချောချောမွေ့မွေ့တော့ မဟုတ်။

အသက် ၁၇ နှစ်ပင်မပြည့်သေးသည့် လူငယ်တစ်ဦးအတွက် ဘာသာစကားမတူ၊ ဓလေ့မတူတိုင်း တစ်ပါးသို့ စွန့်စားသွားမှုက မြန်မာအများစုအတွက် စိတ်မောဖွယ်အတိဖြစ်သည်။ 

ဆယ်တန်းကျရှုံးပြီးနောက် မိသားစု စားဝတ်နေရေးအတွက် ၂၀၁၀ တွင် ဘန်ကောက်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ 

ဂန့်ဂေါကထွက်လာချိန် ကိုကျော်ဖြိုးဝေ လက်ထဲတွင် ငွေကျပ် သုံးသိန်းကျော်သာပါရှိခဲ့ပြီး တစ်ရက်တည်း အတူထွက်လာကြသည့် လူငယ်သုံးဦးနှင့်အတူ ကရင် ပြည်နယ် မြဝတီမြို့သို့ ကားတစ်တန် ရထားတစ်တန်ဖြင့် ကနဦးသွားခဲ့ကြသည်။

ထိုမှတစ်ဆင့် ပွဲစားကို ဘတ်တစ်သောင်းပေးအပ်ပြီး ကွန်တိန်နာယာဉ်ငယ်ထဲ လူ ၁၀၀ ကျော် မတ်တတ်တစ်မျိုး ထိုင်လျက်တစ်သွယ် အပေါ့အလေးပင် သွားခွင့်မရှိဘဲ ညကြီးသန်းခေါင် သုံးနာရီနီးပါး လိုက်ပါခဲ့သည်။

“လူငယ်ဆိုတော့ စူးစမ်းစိတ်ကလွဲရင် ကြောက်စိတ်မရှိလှပါဘူး။ အခုနေ တွေးကြည့်တော့လည်း မသေတာ ကံရှိလို့ပဲလို့ တွေးမိတယ်။ ရှေ့မှာကော ထိုင်းရောက်ပြီးမှကော ကွန်တိန်နာယာဉ်ထဲ သေကြကျေကြတာ ကြားနေတော့လေ” ဟု ကိုကျော်ဖြိုးဝေက ပြောသည်။

သုံးနာရီကြာ ငရဲခန်းဖြတ်သန်းပြီးချိန် အနည်းငယ် သက်သောင့်သက်သာရှိသည့်ကားများဖြင့် ပြောင်းစီးစေပြီးနောက် ဘန်ကောက်မြို၏ နေရာတစ်ခုသို့ လူဦးရေရာနှင့်ချီသည့် မြန်မာလုပ်သားများ ရောက်ရှိသွားတော့သည်။

ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့တွင် မြန်မာနိုင်ငံဘက်ကတည်းက အလုပ်နှင့်ချိတ်ဆက်ထားသူများကလည်း တစ်ခါတည်း အလုပ်တန်းဆင်းရုံမျှသာ။ မချိတ်ဆက်ထားနိုင်သူများကလည်း တစ်ဆင့်ခံ ပွဲစားမှတစ်ဆင့် အလုပ်ရှာဖွေကြရသည်။

ကိုကျော်ဖြိုးဝေအတွက် ရောက်ပြီး နောက်တစ်နေ့မှာပင် ရွာကမထွက်ခွာမီကတည်းက ချိတ်ဆက်ထားသည့် ဘန်ကောက်မြို့အနီးရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်တန်းရခဲ့သည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ထွက်ခွာလာခြင်းဖြစ်သော်လည်း ရပ်ဆွေရပ်မျိုးများ၏ ကူညီစောင့်ရှောက်မှုကြောင့် ချက်ချင်းအလုပ်ရခဲ့သော်လည်း အထီးကျန်လှသည်။

ကနဦးလစာမှာ ဘတ် ၆၀၀၀ ကျော်ဖြစ်ပြီး ဘန်ကောက်ရောက်စတွင် အထည်ချုပ်စက်ရုံ၌ နေ့ဆိုင်း ညဆိုင်း ပင်ပန်းကြီးစွာ လုပ်ရသော်လည်း လကုန်၍ မိဘထံ ငွေပြန်ပို့နိုင်လျှင် သူ ပျော်ရွှင်ကြည်နူးရသည်။

တစ်ရက်အလုပ်ချိန် ရှစ်နာရီအထက် လုပ်ကိုင်ရသည့် အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေရင်း လစာတိုးလာသည့်အခါ မိသားစုထံ တစ်လ ကျပ်နှစ်သိန်းအထက် ပို့ပေးနိုင်ခဲ့သည်။

သို့သော်လည်း အနာဂတ်ကိုတွက်ဆပြီး ခြောက်နှစ်ခန့်အကြာ၌ အထည်ချုပ်စက်ရုံလုပ်သား ဘဝမှ ရုန်းထွက်နိုင်ခဲ့ခြင်းကို သူဂုဏ်ယူသည်။

အထည်ချုပ်စက်ရုံများတွင် လေးနှစ်ခန့်ကျင်လည်အပြီး မိမိထွက်ပေါက်မှာ အလုပ်သမားဘဝမဟုတ်ဟု တွေးပြီဖြစ်သော သူသည် ဆယ်တန်းစာမေးပွဲပြန်ဖြေရန် စတင်ကြိုးပမ်းသည်။

ပြည်တွင်းပြန်ပြီး တစ်ကြိမ်၊ ထိုင်းနိုင်ငံတွင် နှစ်ကြိမ်ဖြေဆိုခဲ့သော်လည်း အောင်မြင်မှုမရ။

အရာရာ ခက်ခက်ခဲခဲရယူပြီးမှ အောင်မြင်တတ်သည့်သူ့အတွက်၂၀၁၈-၁၉ စာသင်နှစ်တွင် ဘန်ကောက် စာစစ်ဌာန၌ ငါးကြိမ်မြောက် တက္ကသိုလ်ဝင်တန်းဝင် ရောက်ဖြေဆိုမှုအပြီး အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့သည်။

သာမန်ကျောင်းတက် ကျူရှင်တက်ဖြေဆိုသူများပင် အောင်မြင်ရန်ခက်ခဲသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထိုင်းနိုင်ငံတွင် အလုပ်တစ်ဖက်ဖြင့်ဝင်ဖြေပြီး ဇီဝဗေဒနှင့် ရူပဗေဒ ဂုဏ်ထူးနှစ်ခု အမှတ်ပေါင်း ၄၂၈ မှတ်ရရှိခဲ့သည်။

“အမှန်ဆို ကလေးမှာ နည်းပညာတက္ကသိုလ် တက်ဖို့ ဝင်ခွင့်ကျထားပြီးပြီ။ အဖေ့ကို စိတ်ပျက်လို့ မပြန်တော့ဘူး။ အခုတော့ ထိုင်းမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ ကျောင်းတစ်ကျောင်း လျှောက်ဖို့ပြင်နေတယ်”ဟု ကိုကျော်ဖြိုးဝေက ပြောသည်။

ထိုင်းတက္ကသိုလ်များတွင် ပြည်ပနိုင်ငံသားများ တက်ရောက်ခွင့်ရရန် မခက်ခဲလှသော်လည်း ရွှေ့ပြောင်းလုပ်သားတစ်ဦးအတွက် အနည်းငယ် ခက်ခဲသည်ဟု ထိုင်းနိုင်ငံတွင် နှစ်ပေါင်းဆယ်နှစ်မက နေထိုင်ခဲ့သည့် ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။

သို့သော် ကိုကျော်ဖြိုးဝေကဲ့သို့သော လူငယ်တစ်ဦးအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ပြီး ကြိုးစားမည်ဆိုပါက မခက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီက ချူလာလောင်ကွန်းတို့၊ တမားဆက်တို့လို တက္ကသိုလ်တွေမှာ ဒီပလိုမာအဆင့်ကနေ တစ်ဆင့်ချင်း သွားလို့ရတယ်” ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

ထိုင်းနိုင်ငံတွင် ကိုကျော်ဖြိုးဝေကဲ့သို့ အဆင်ပြေသူ အနည်းစုသာဖြစ်သော်လည်း ပြည်တွင်းရှိ လူအချို့ ပြည်ပထွက်ခွာမှုများ မစဲချေ။

ငယ်စဉ်က စစ်ဗိုလ်ကြီးတစ်ယောက် ဖြစ်ချင်ခဲ့သူ။ ဂန့်ဂေါမြို့မှလွဲပြီး အခြားမြို့ကြီးပြကြီးကို မရောက်ဖူးသူ။ 

ယခုတော့ ဘန်ကောက်မြို့လယ်တွင် ငွေလွှဲဝန်ဆောင်မှုလုပ်ရင်း စီးပွားရေးပညာကို လေ့လာသင်ယူကာ ရွှေ့ပြောင်းလုပ်ငန်းရှင်တစ်ဦးဖြစ်ရန် အိပ်မက်များဖြင့် ဆက်လက်ရှင်သန်ရုန်းကန်နေသူ။ 

“အခု ကျွန်တော် အင်္ဂလိပ်စာ ပြန်လုပ်နေတယ်။ စိတ်ချရပြီဆိုမှ ကျောင်းဝင်ခွင့်ဖြေမယ်။ ဖြစ်မယ်လို့လည်း ယုံကြည်တယ်”ဟု အသက် ၂၆ နှစ်အရွယ် ကိုကျော်ဖြိုးဝေက ပြောကြားသည်။

ဇေယျာကို