News

POST TYPE

ARTICLE

ကျော်စိုးမြေကွက် ရောင်းခြင်း
16-Oct-2019


ကျော်စိုးတစ်ယောက်ကို မတွေ့တာကြာပြီ။ ကြာဆို ခြောက်လလောက်ရှိပြီ။ ဘာတွေလုပ်နေလဲ မသိရ။ စိုပြေလည်း အလုပ်သစ်လေးတစ်ခုရတော့ ကျော်စိုးနှင့် မဆုံဖြစ်။ ဒါကြောင့် သောကြာနေ့ ရုံးပိတ်ချိန်တွင် ကျော်စိုးနေထိုင်ရာ စမ်းချောင်းသို့ သွားလည်မိသည်။ ဖုန်းမဆက်ဘဲ သွားရတာလည်း အကြောင်းရှိသည်။ ဒီကောင့်ကိုက ကြိုချိန်းလို့မရ။ ဘယ်ဖုန်းကို ဆက်ရမှန်းမသိ။ ဖုန်းက ခဏခဏပြောင်းတတ်သည်။ ဖုန်းပြောင်းခြင်းသည် အကြွေးရှင်တွေနှင့် ရည်းစားတွေကို ရှောင်နည်းဟုတော့ ဆိုသည်။ 

စမ်းချောင်း ကြံခင်းလမ်းထိပ်က အဆောင်ကို ရောက်တော့ ကျော်စိုးကို မတွေ့။ အဆောင်ပြောင်းသွားပြီဟု ဆိုသည်။ ဘယ်ပြောင်းသွားမှန်းမသိ။ ကျွန်တော် ရောက်နေတုန်းတွင်ပင် ကျော်စိုးကို လာရှာသူတစ်ယောက်ရှိ၏။ အကြွေးရှင်ဟု ဆိုပါသည်။ နေ့ပြန်တိုး တစ်သောင်းချေးထားရာ နှစ်လကျော် မဆပ်သဖြင့် တိုးရင်းပေါင်း နှစ်သောင်းရှစ်ထောင် လာတောင်းခြင်းဟုဆိုသည်။ ကျော်စိုးကို မတွေ့သဖြင့် စိတ်တိုတိုဖြင့် ပြန်သွားသည်။ 

ထိုအကြွေးရှင်ပြန်သွားတော့မှ အဆောင်မှ လူများကို သေချာမေးရသည်။ ကျော်စိုး ဘယ်ပြောင်းသွားသလဲ၊ အကြွေးရှင်မဟုတ်ပါ။ သူငယ်ချင်း အရင်းကြီးပါဟု။ အဲ့တော့မှ အဆောင်မှ လူတစ်ယောက်က ဖုန်းနံပါတ်တစ်ခုပေးသည်။ 

ဆက်လိုက်တော့...။ 

“ဟယ်လို ကိုကျော်ကျော်ခင် ပြောနေပါတယ်” ဟု ပြန်ထူးသည်။ 

ဘယ်က ကျော်ကျော်ခင်ပါလိမ့်။ အသံကတော့ ကျော်စိုးအသံ။ 

“ကျော်စိုး မဟုတ်လား။ ငါပါဟ ဆိုးပေပါ ” ဟု ဆိုတော့ 

“ဟေ ဆိုးပေလား မတွေ့တာတောင်ကြာပြီ။ ငါလည်း နာမည်ပြောင်းထားလိုက်ပြီဟ။ ကျော်ကျော်ခင်လို့ခေါ်”

“အေးပါကွာ။ ဒါနဲ့ မင်းအဆောင်ပြောင်းသွားပြီဆို။ ဘယ်ရောက်နေတာလဲ” ဟု မေးလိုက်တော့

“ငါ လှိုင်သာယာကို ရောက်နေတာကွ။ လာခဲ့ပါလား။ ခွင်အကြီးကြီးတစ်ခုရှိတယ်” ဟုဆိုသည်။ 

“ဘာခွင်တုန်း” ဆိုတော့ 

ရောက်ရင် ပြောပြမည်ဟုဆိုသည်။ 

ဒီလိုနှင့် ကျော်စိုးချိန်းဆိုရာ လှိုင်သာယာသို့ ခရိုနီများပိုင်ဆိုင်သော YBS ဘတ်စ်ကားကို စီး၍သွားလိုက်သည်။ လမ်းကတော့ ပိတ်သလားမမေးနှင့်။ ဒါပေမဲ့ အချိန်တန်တော့လည်း လှိုင်သာယာကို ရောက်သွားပါသည်။ လှိုင်သာယာစက်မှုဇုန်တွင် စောင့်နေသော ကျော်စိုးကို တွေ့တော့ လူပင်သေချာမမှတ်မိ။ တော်တော်လေး သားနားနေသည်။ 

“ဘာတွေ လုပ်နေတာလဲကွ”ဟု လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်း မေးလိုက်တော့ 

“မြေရောင်းဖို့ လုပ်နေတာကွ” ဟု ပြန်ဖြေသည်။ 

“ပွဲစားလုပ်နေတာလား”

“ပွဲစားလောက် လုပ်မလားကွ။ ငါကိုယ်တိုင် မြေကွက်တွေ မြေတွေ ရောင်းနေတာ။ လူနေဖို့တင်မဟုတ်ဘူးကွ စက်မှုဇုန်အကွက်တွေရောပဲ”

“လခွမ်း၊ ဒီလောက်အကြွေးတွေဝိုင်းနေတဲ့ကောင်က ဘယ်က မြေကွက်တွေရတာတုံး”

“ဒီလိုပဲပေါ့ကွ။ ဇုန်ထဲမှာလည်း မြေကွက်အလွတ်တွေအများကြီး၊ လူနေရပ်ကွက်ထဲမှာလည်း မြေအလွတ်တွေ အများကြီး”

“ဟေ...။ အဲ့ဒါ မင်းမြေကွက်မှ မဟုတ်တာ ပြဿနာတွေ တက်ကုန်မှာပေါ့။ ဘယ်သူတွေက ဝယ်မတုံး”

“အေး...။ ငါရောင်းပြမယ်။ ဝယ်သူများမလား နည်းမလား ကြည့်လိုက်”

ကျွန်တော်လည်း နောက်ရက် ရုံးမတက်ဖြစ်ပါ။ ကျော်စိုးနောက်ကို လျှောက်လိုက်နေရသည်။ ကျော်စိုးက သတင်းစာတိုက်တွေ၊ ဂျာနယ်တိုက်တွေမှာ ကြော်ငြာလိုက်ထည့်သည်။ 

ရန်ကုန်မြို့တွင်းရှိ အချက်အချာကျသောနေရာများမှ မြေကွက်များကို ရောင်းမည်။ ဂရန်ပေါက်၊ စာရွက်စာတမ်းအပြည့်အစုံ။ ပေ ၄၀ ပေ ၆၀ အကျယ်ရှိ တစ်ကွက်ကို သိန်းငါးဆယ်ဝန်းကျင်ကျသင့်မည်။ လျှောက်လွှာများကို ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင် ရောင်းမည်ဟုဆိုကာ ကြော်ငြာထည့်၏။

အွန်လိုင်းတွင်လည်း ကြော်ငြာပြန်၏။ အွန်လိုင်းတွင် ကြော်ငြာဖို့ကိုတော့ ကျွန်တော်ပဲ အကူအညီပေးလိုက်ပါသည်။ ထိုကြော်ငြာထည့်ပြီး အွန်လိုင်းတွင် လာမေးမြန်းကြသူတွေ မနည်းမနော။ တော်တော်လေး စိတ်ဝင်စားကြသည်။ 

ရန်ကုန်တွင် ဘယ်နားမြေဝယ်ဝယ် သိန်းနှစ်ရာ ကျော်သည်။ ဒီတော့ သိန်းငါးဆယ်နှင့် မြေကွက်ရမည်ဆိုတော့ လူတိုင်းစိတ်ဝင်စားကြသည်။ ကျော်စိုး ကြေညာထားသည့် မြေကွက်ထဲတွင် သိန်းထောင်ကျော်တန်မြေကွက်များ၊ စက်မှုဇုန်အကွက်များလည်း ပါဝင်သည်။ ဒီတော့ လူတိုင်းလိုချင်ကြသည်။ နောက်ပြီး ပိုင်ဆိုင်မှု စာရွက်စာတမ်းအစုံ၊ ဂရန်ပေါက်ဟုဆိုသည်။ ပြီးတော့ မြို့တော်ခန်းမရှေ့တွင် ရောင်းမည်ဆိုတော့ ယုံကြည်ကြပြန်သည်။ 

အဲ့နောက်တော့ ကျော်စိုးနှင့် ကျွန်တော် မော်ဒယ်အေဂျင်စီတွေကို သွားသည်။ ရပ်ကွက်ထဲက လူမိုက်တွေနှင့် တွေ့သည်။ နောက်နေ့ မြေကွက်ရောင်းဖို့ လူလိုက်စုတာတဲ့။ 

ကျော်စိုးကလည်း ကတိတည်ပါသည်။ မြေကွက် လျှောက်လွှာ ရောင်းမည့်ရက်တွင် မြို့တော်ခန်းမရှေ့တွင် ခုံလေးခင်းသည်။ ထမင်းကြော်ဆိုင်က အမိုးလေးကိုပါ ငှားပြီး မိုးထားသည်။ ပြီးတော့ မော်ဒယ်ပေါက်စ ငါးယောက်ကို ငှားသည်။ ရပ်ကွက်ထဲက လူမိုက်ပေါက်စ ဆယ်ယောက်ကို ပလေကပ်နှင့် အင်္ကျီအဖြူဝတ်ပြီး စောင့်ကြည့်စေသည်။ ကောင်မလေးသုံးယောက်ကို လျှောက်လွှာနှင့် မြေကွက်စာရင်းကို ရောင်းစေသည်။ 

လျှောက်လွှာတွင်လည်း ဘာမှ ထူးထူးခြားခြားမပါ။ မြေကွက်နံပါတ် ဘယ်လောက်ကို လျှောက်ခွင့်ပြုပါ။ အမည်၊ လက်မှတ် ဘာညာ။ 

အဲ... ထိုလျှောက်လွှာ တစ်စောင်ကိုတော့ ငါးထောင်။ တံဆိပ်တုံးတော့ နှိပ်ပေးသည်။ တံဆိပ်တုံးကလည်း လမ်းသုံးဆယ်မှာ သွားလုပ်ထားခြင်းဖြစ်သည်။ 

လူအများကြိတ်ကြိတ်တိုး စည်ကားလှသည်။ အားပေးကြသူတွေ မနည်းမနော။ ဘားလမ်းတွင် မိတ္တူကူးထားသော လျှောက်လွှာ ၁၀၀ ပြိုက်ခနဲကုန်သည်။ ငှားထားသော လူမိုက်များကို ပြေးပြီး မိတ္တူကူးခိုင်းရသည်။ လူမိုက်များမှာ လူတွေကိုစောင့် ကြည့်မနေနိုင်။ လျှောက်လွှာများသာ မိတ္တူပြေးကူးရတာနှင့် အချိန်ကုန်သည်။ ငှားထားသော မော်ဒယ်လေးများပင် လျှောက်လွှာများ ဝင်ရောင်းပေးရသည်။ ကျော်စိုးကတော့ လျှောက်လွှာရောင်းရငွေများကို ဒိုင်ခံပြီး သိမ်းဆည်းသည်။ 

ထိုနေ့က လျှောက်လွှာပေါင်း သုံးထောင်ကျော် ရောင်းလိုက်ရသည်။ ထိုလျှောက်လွှာများကို နောက်တစ်လကြာလျှင် ထိုနေရာတွင်ပင် ပြန်လာတင်ရမည်ဟုလည်း ကြေညာထားသည်။

ထိုတစ်ရက်တည်းတင် သိန်းတစ်ရာ့ငါးဆယ်ကျော် ရသည်။ 

“ရော့...။ မင်းက ဆယ့်ငါးသိန်းယူ” ဟု ကျော်စိုးက ကျွန်တော့်ကိုပေးသည်။ 

“ဘာ... ဆယ့်ငါးသိန်းတည်းလားကွ” ဟု ပြန်မေးတော့....။ 

အခြားလူမိုက်တွေ မော်ဒယ်တွေကိုလည်း ပေးရဦးမည်ဟုဆိုသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အလိုလိုနေရင်း ဆယ်ငါးသိန်းရတော့ တော်တော်လေး ပျော်မိသည်။ 

ဒါပေမဲ့ နောက်ရက်တွင်တော့ ကျွန်တော် ကျော်စိုးဆီကို မသွားဖြစ်ပါ။ စိတ်ထဲတွင် ပြဿနာဖြစ်နိုင်သည်ဟု ထင်မိလို့ဖြစ်သည်။ 

ထင်သည့်အတိုင်းပင်...။ 

ကျော်စိုး ပြဿနာဖြစ်သည်။ မြေကွက်တွေ လိမ်ရောင်းလို့တော့မဟုတ်။ 

လျှောက်လွှာတွေရောင်းရင်း လူအရမ်းများကာ မထိန်းနိုင်လို့ဖြစ်သည်။ လူများကလည်း လောဘတွေ မသေးလှ။ တိုးရင်းကြိတ်ရင်း ရန်တွေဖြစ်ကုန်သည်။ အဲ့တော့ ကျော်စိုးငှားထားသည့် လူမိုက်တွေကလည်း အငြိမ်မနေ။ ဝင်ဆော်သည်။ နောက်တော့ ရဲတွေ ရောက်လာသည်။ ဘယ်သူခေါင်းဆောင်လဲ မေးရာ အခြားလူများက လက်ညှိုးထိုးသဖြင့် ကျော်စိုးကို ဖမ်းသွားသည်။ စခန်းရောက်တော့ 

“ငြိမ်းစုစီ တင်ထားသလား မောင်ရင်”ဟု ဦးရဲကြီးက မေးရာ ကျော်စိုးလည်း မျက်စိသူငယ် နားသူငယ်ဖြစ်ပြီး 

“ဟင့်အင်း မတင်ထားမိဘူး” 

“ဒါဆိုရင်တော့ အာမခံရှာပေတော့” ဟု ဆိုကာ ကျော်စိုး အဖမ်းခံလိုက်တော့သည်။ 

နောက်တစ်လအကြာ မြေကွက်လျှောက်လွှာတွေ လာတင်ချိန်တွင် ကျော်စိုးတစ်ယောက် ပြဿနာ ထပ်တက်ဦးမည်။ လျှောက်လွှာ လာယူထားသူတွေကလည်း အများကြီးမဟုတ်လား။ 

ဒီတော့ မောင်ကျော်စိုး ငြိမ်းစုစီဖြင့် ထပ်အဖမ်းခံရဦးမည်။ ကျွန်တော်လည်း အမှုတွဲခံရမည်စိုးသဖြင့် ကျော်စိုးကို သွားမတွေ့တော့။ ၁၅ သိန်းပိုက်ကာ ကမ်းခြေဘက်ကို ထွက်သွားလိုက်တော့သည်။ 

စိုပြေ

7:14 PM 15-Oct-19