News

POST TYPE

ARTICLE

အိန္ဒိယ-မြန်မာအကြား နယ်ခြားဖြတ်ကျော်ပြဿနာနှင့် လူကုန်ကူးမှု
15-Oct-2019


အိန္ဒိယ-မြန်မာနယ်စပ်တွင် ရှုပ်ထွေးပွေလီသော တရားမဝင် မှောင်ခိုလမ်းကြောင်းများစွာ ရှိနေသည်။ ကြိုက်သည့်အချိန် အိန္ဒိယဘက်ဝင်နိုင်သကဲ့သို့ မြန်မာဘက်ခြမ်းကိုလည်း ဝင်လို့ရနိုင်သည်။ မြန်မာနှင့် အိန္ဒိယအကြား နယ်ခြားဖြတ်ကျော်ပြဿနာများ၊ လူကုန်ကူးမှုဟုယူဆရသည့် ပြဿနာများ ခပ်စိပ်စိပ် ဖြစ်လာသည်။ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းကာလတွင်တော့ အိန္ဒိယအစိုးရအဖို့ ဂရုပြုသတိထားမိစေသည့် အမှုကြီးတစ်ခုဖြစ်ပွားသွားခဲ့ပြီး ကမ္ဘာ့မီဒီယာများတွင်လည်း ဖော်ပြခဲ့ကြသည်။ ထိုအမှုကို အိန္ဒိယ-မြန်မာ နယ်စပ်တွင် နီပေါနိုင်ငံသားတစ်ရာနီးပါးကို လူကုန်ကူးမခံရမီ မိုရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ခြင်းဟု ခေါင်းစဉ်တပ်ကြသည်။ သို့သော် မြန်မာနိုင်ငံအဖို့မူ ထိုအမှုသည် နယ်ခြားဖြတ်ကျော်သည့်ပြဿနာဟု ရှုမြင်ကြသည်။

နီပေါတို့ နယ်ခြားဖြတ်ကျော်မှု

အိန္ဒိယနယ်စပ် မိုရေးမြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းများတွင် နီပေါနိုင်ငံသား ၆၀ ကျော်အုပ်စုသည် ဖြန့်ကြက် တည်းခိုခဲ့ကြသည်။ ထိုနီပေါအုပ်စုသည် မြန်မာနိုင်ငံသို့ကူးဝင်ရန် ပတ်စ်ပို့၊ ဗီဇာများလည်း ပါရှိသည်။ အိန္ဒိယနှင့် နီပေါသည် နှစ်နိုင်ငံ သဘောတူညီချက်အရ ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်သည့်အတွက် မိုရေးမြို့သို့ အဝေးပြေးယာဉ်လိုင်းများဖြင့် ရောက်ရှိလာကြခြင်းဖြစ်သည်။ သို့သော် သူတို့ အားလုံးသည် မြန်မာနိုင်ငံ၏ မည်သည့်နေရာကို သွားရမည်ဆိုသည်ကို တိတိကျကျ မသိကြပေ။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် နီပေါ ၁၇ ဦးကို စစ်ဆေးသည့်အချိန်တွင် မိုရေးအကောက်ခွန်အရာရှိက သံသယဖြစ်ခဲ့သည့်အတွက် ရဲစခန်းကို အကြောင်းကြားခဲ့သည်။ ကနဦးတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမပြုလုပ်သေးသော်လည်း နီပေါနိုင်ငံရှိ လူမှုအဖွဲ့အစည်းတစ်ခုကလည်း လူကုန်ကူးဖွယ်ရှိသည်ဟူသော သတင်းပေးပို့မှုအပြင် အင်ဖာမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများက သတင်းပေးပို့မှုများကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ 



“သူတို့အဖွဲ့က ပတ်စ်ပို့ပါတယ်။ ဗီဇာပါတယ်။ ဒါပေမဲ့ ဘာသွားလုပ်မှာလဲ၊ ဘယ်သူခေါ်တာလဲ မေးတဲ့အချိန်မှာ မဖြေဘူး။ ပြီးတော့ စာလည်းမတတ်ကြဘူး။ အဲဒါနဲ့ သံသယဖြစ်ပြီး ရဲစခန်းကို အကြောင်းကြားလိုက်တာ”ဟု မိုရေးအကောက်ခွန်အရာရှိ KH.BARISH က ဆိုသည်။

မိုရေးရဲတပ်ဖွဲ့က နီပေါ ၁၇ ဦးကို စတင်ဖမ်းဆီး စစ်ဆေးလိုက်ရာ ဟိုတယ်နှင့် တည်းခိုခန်းများတွင် ဖြန့်ကြက်တည်းခိုနေသူများကို ဖမ်းဆီးနိုင်ခဲ့သည်။ အားလုံးစုစုပေါင်း နီပေါအမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၄၅ ဦး ဖြစ်သည်။

မိုရေးရဲအရာရှိ ASI-BT DAOMINLUN HAOKIP အဆိုအရမူ ထိုနီပေါများသည် တစ်လလျှင် ရူပီး သုံးသောင်းနှင့် လေးသောင်းကြား (မြန်မာ ငွေ ၆ သိန်းကျော်) အလုပ်ရမည်ဖြစ်ကြောင်း ပွဲစားက ပြောဆိုသည့်အတွက် နီပေါနိုင်ငံမှ ထွက်လာခဲ့ကြခြင်းဖြစ်သည်။

“ဒီနှစ်အတွင်းမှာ လူအများဆုံး ဖမ်းဆီးရမိတဲ့ အမှုပါပဲ”ဟု KH.BARISH က ဆိုသည်။

သို့သော်လည်း အိန္ဒိယနယ်စပ်တွင်တော့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ယင်းနယ်စပ်တွင် လက်နက်မှောင်ခိုမှု၊ သူပုန်လှုပ်ရှားမှု၊ နယ်စပ်လုံခြုံရေး စသည့်နိုင်ငံတော်လုံခြုံ ရေးအမှုများအပြင် ရူပီး သိန်းပေါင်းများစွာတန်ဖိုးရှိသော ရွှေမှောင်ခို၊ သစ်မှောင်ခို၊ တောရိုင်းတိရစ္ဆာန် ပစ္စည်းမှောင်ခိုနှင့် ရှေးဟောင်းပစ္စည်းမှောင်ခိုလုပ်ငန်းများက ပိုအရေးကြီးသည့်အမှုများ ဖြစ်နေသည်။

“လူကုန်ကူးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို NGO တွေဆီက အဓိက ရယူပါတယ်။ နယ်စပ်ဖြစ်နေတော့ လူကုန်ကူးထက် တခြားအရေးကြီးတဲ့အမှုကို စုံစမ်းရပါသေးတယ်။ ဒါပေမဲ့ လူကုန်ကူးတဲ့သတင်းရရင်တော့ ချက်ချင်းဖမ်းဆီးပါတယ်”ဟု မိုရေးရဲအရာရှိ ASI-BT DAOMINLUN HAOKIP က ဆိုသည်။

မိုရေးမြို့တွင် နီပေါနိုင်ငံသား ၆၀ ကျော်ကို ဖမ်းဆီးရမိခဲ့သော်လည်း ယင်းမတိုင်မီတွင် နီပေါ ၁၄၀ ကျော်အဖွဲ့မှာ မြန်မာနိုင်ငံသို့ ဝင်ရောက်သွားခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ဆိုလျှင် နီပေါနိုင်ငံသား လူ ၁၄၀ ကျော်သည် မြန်မာနိုင်ငံအတွင်းသို့ မည်သို့ဖြတ်ကျော်ဝင် ရောက်သွားသနည်း။ မည်သည့်နေရာကို ရောက်သွား သနည်းဆိုသည်မှာ မေးခွန်ထုတ်စရာ ဖြစ်နေသည်။

မိုရေးမြို့ ကုန်သည်အချို့၏ ပြောဆိုချက်အရမူ နီပေါနိုင်ငံသားများသည် ပိုင်ဆိုင်မှုပြရမည့် ငွေကြေးတန်ဖိုးမပါသော်လည်း မြန်မာဘက်ခြမ်း လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် ရူပီး ၃၀၀၀ ပေး၍ ဖြတ်သန်းသွားကြသည်ဟု ဆိုသည်။

တမူးမြို့ နယ်စပ်ဂိတ်ရှိ အရာရှိတစ်ဦးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ထိုအချက်ကို ငြင်းဆိုကာ ဖုန်းချသွားသည်။

လက်ရှိအနေအထားအရလည်း အိန္ဒိယဘက်ခြမ်း မိုရေးမှ မြန်မာပြည်သို့ ကူးသွားလိုလျှင် ရူပီး ၁၀ သာ ပေးရပြီး ပြန်လာမလာကို စစ်ဆေးကြခြင်းမရှိပေ။

နီပေါနှင့် အိန္ဒိယတို့သည် မြန်မာဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော်လာပြီး ရန်ကုန် သို့မဟုတ် မန္တလေးမြို့တို့တွင် ဆုံမှတ်လုပ်ကာ တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံများသို့ ထွက်ခွာကြကြောင်း အင်ဖာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက တူညီစွာပြောဆိုကြသည်။

ကလေးမြို့အခြေစိုက် အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ထွန်းက “တမူးနယ်စပ်ကို ဖြတ်လာပြီးရင် ကလေးမှာဆုံပြီး မန္တလေးနဲ့ ရန်ကုန်ကို ခွဲဆင်းကြတယ်။ အဲဒီကနေမှ မြဝတီနယ်စပ်ဘက်ကို အစစ်အဆေးမရှိဘဲ ကားနဲ့သွားလို့ရတယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်”ဟု ဆိုသည်။

ရန်ကုန်မှ မြဝတီနယ်စပ်အထိ ဩဂုတ်လကုန်ပိုင်းက အဝေးပြေးခရီးသည်ယာဉ်ဖြင့် သွားရောက်ခဲ့ရာတွင်တော့ မှတ်ပုံတင်စစ်ဆေးသည့် ဂိတ်တစ်ခုမျှ မရှိဘဲ မြဝတီနယ်စပ်ထိ သွားရောက်၍ ရနေသည်ကို တွေ့ရသည်။

မြဝတီမြို့တွင် လက်ရှိ ဆိုင်ကယ်ကယ်ရီ မောင်းနှင်နေပြီး ယခင်က ထိုင်းနိုင်ငံသို့ လူပို့ပေးသည့်အလုပ်ကို လုပ်ကိုင်ဖူးသူတစ်ဦးကမူ ကလေး-တမူးဘက်မှ ရောက်လာသူအများစုသည် မြဝတီနယ်စပ်မှ ဖြတ်သန်းသွားလာသူနည်းပါးပြီး ရေး-ဘုရားသုံးဆူလမ်းကြောင်းဘက်မှ စက်လှေများဖြင့် ထိုင်း၊ မလေးရှားဘက်ကို တရားမဝင်သွားကြကြောင်း မှတ်ချက်ပေးသည်။

“လူရောင်းစားတယ်ဆိုတာကလည်း လူကြည့် ပြီးရောင်းကြတာ။ ဟိုဘက်မှာလည်း အဆက်အသွယ်မရဘူး။ လည်လည်ဝယ်ဝယ်မရှိ အူတူတူ အတတ ဆိုရင်တော့ ပွဲစားတွေက ရောင်းစားလိုက်ကြတာပဲ။ ခုနောက်ပိုင်းက အောက်လမ်းကသွားတာ နည်းသွားပြီ”ဟု ၎င်းက ဆိုသည်။

အိန္ဒိယနယ်စပ် မိုရေးမြို့တွင် ဖမ်းမိခဲ့သည့် နီပေါနိုင်ငံသားများသည် မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်ရန် ထွက်လာကြသူများဖြစ်သည်။ ၎င်းတို့သည် ဆင်းရဲသောကျေးလက်များမှ ထွက်ခွာလာကြသူများဖြစ်ပြီး တစ်လ ရူပီး သုံးသောင်းကျော်ရမည်ဆိုသည့် မျှော်လင့်ချက်များဖြင့် နီပေါနိုင်ငံမှ ထွက်ခွာလာခဲ့သော်လည်း အဖမ်းခံလိုက်ရသည့်အတွက် အိန္ဒိယအစိုးရက နီပေါသို့ ပြန်ပို့လိုက်ပြီဖြစ်သည်။

ထိုပြဿနာသည် အိန္ဒိယနိုင်ငံက လူကုန်ကူးမှု ဟု သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံအဖို့ပင် ယခင်ကတည်းက ဖြစ်နေသည့် နယ်ခြားဖြတ်ကျော်ပြဿနာ ဟု သတ်မှတ်ထားသည်။ ၂၀၁၇ ခုနှစ်ကလည်း မဏိပူရ်ပြည်နယ်မှ မိန်းကလေးများကို ရန်ကုန်မြို့၏ တိုက်ခန်းတစ်ခုထဲတွင် ပိတ်လှောင်ထားခံခဲ့ရပြီး ထိုအမျိုးသမီးများကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူခဲ့သည်။



ရန်ကုန်မြို့တော်က ဖြစ်ရပ်တစ်ခု

မဏိပူရ်ပြည်နယ်၏ မြို့တော်အင်ဖာနှင့် မိုင် ၄၀ ခန့် ကွာဝေးသော တောင်ပေါ်ကျေးရွာတစ်ခုတွင် နေထိုင်သော မိန်းကလေးတစ်ဦး၏ နေအိမ်သို့ ပွဲစားဖြစ်သူ မအိုင်းရင်းနှင် ဒေါ်အက်စတာတို့ အမျိုးသမီးနှစ်ဦးသည် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ချင်ပါက ကူညီပေးမည်ဟုဆိုကာ မိန်းကလေး၏ မိဘများကို ပြောကြားခဲ့သည်။

မဏိပူရ်ပြည်နယ်အတွင်း အမျိုးသမီးအများစုသည် ပြည်ပရပ်ခြားတွင် ငွေကြေးထွက်ရှာခြင်းသည် ဂုဏ်တစ်ခုအဖြစ် မှတ်ယူနေကြသည့်အတွက် ထိုမိန်းကလေးကလည်း မအိုင်းရင်းနှင့် ဒေါ်အက်စတာ၏ ပြောဆိုမှုကို လက်ခံပြီး မိဘများထံ ခွင့်တောင်းပြီး လန်ကာ (LAKA) မြို့မှတစ်ဆင့် မိုရေးမြို့သို့ ထွက်ခွာလာခဲ့သည်။

မိုရေးမှ တမူး၊ တမူးမှ ကလေး၊ ကလေးမှ ရန်ကုန်အဆင့်ဆင့် ခရီးနှင်ခဲ့ပြီး ရန်ကုန်မြို့ရှိ Myanmar Globle Manpower Link Co., Ltd. ပိုင် တိုက်ခန်းထဲသို့ ရောက်ရှိခဲ့သည်။ ထိုအခန်းတွင် အမျိုးသမီးအားလုံး ၅၀ ဦးခန့် နေထိုင်ကြရသည်။ ထိုအမျိုးသမီးများတွင် အိန္ဒိယနိုင်ငံ မဏိပူရ်မှ လာရောက်သူ ၈ ဦး ပါဝင်ခဲ့သည်။ သူတို့ ၈ ဦးသည် လာရောက်ပုံနှင့် မတူသော်လည်း လူမျိုးတူချင်းမို့ ခင်ခင်မင်မင် နေထိုင်ကြသည်။

ထိုတိုက်ခန်းအတွင်း နေထိုင်စဉ်ကာလအတွင်း တနင်္လာနေ့မှ သောကြာနေ့အထိ ဖုန်းသုံးခွင့်မရှိဘဲ တိုက်ခန်းကြီးကြပ်သူက ဖုန်းများကို သိမ်းဆည်းထားသည်။

သူတို့သည် နံနက် ၆ နာရီထ အလှည့်ကျဈေးသွား၊ အခန်းသန့်ရှင်းရေးလုပ်ရင်းဖြင့် ကျမ်းစာ၊ အင်္ဂလိပ်စာတို့ သင်ယူနေသည်မှာ ၃ လပြည့်လာချိန်တွင် လန်ကာမြို့ရှိ ရုပ်သံသတင်းတွင် ပွဲစားဖြစ်သူ မအိုင်းရင်းနှင့် ဒေါ်အက်စတာကို လူကုန်ကူးမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် သတင်းပါလာသည်။

ထိုအချိန်တွင် အမျိုးသမီး ၈ ဦးမှာ ပတ်စ်ပို့ မလုပ်ရသေး။ အဖမ်းခံလိုက်ရသည့် ပွဲစားများမှတစ်ဆင့် ရောက်လာသည့် အမျိုးသမီးတစ်ဦး၏ မိဘများက ထိုသတင်းကိုသိရှိပြီး ပတ်စ်ပို့မလုပ်ရသေးပါက ပြန်လာရန် ပြောဆိုဆက်သွယ်သဖြင့် အိန္ဒိယပြန်လာရန် တိုက်ခန်းကြီးကြပ်သူ လာမားဆွာမိ ပြောဆိုရာ ပြန်မည်ဆိုပါက သူတို့နေထိုင်စရိတ်၊ လမ်းစရိတ်များ ပြန်ပေးမှသာ ပြန်၍ရမည်ဟု ပြောဆိုခဲ့သည်။

ထိုအမျိုးသမီးထဲမှ အသက်ကြီးဆုံးတစ်ယောက်က သူတို့ ရှစ်ယောက်တွဲ ဓာတ်ပုံရိုက်ကာ ၎င်း၏ အစ်ကို ဖြစ်သူထံ လူမှုကွန်ရက် What Application မှတစ်ဆင့် ပေးပို့ခဲ့သည့်အတွက် မဏိပူရ်ရဲတပ်ဖွဲ့ထံ တိုင်ကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို အကူအညီ တောင်းခံခဲ့သည့်အတွက် ထိုအမျိုးသမီးများကို ကယ်တင်နိုင်ခဲ့သည်။

ထိုဖြစ်ရပ်အတွက် မဏိပူရ်ရဲတပ်ဖွဲ့က ပွဲစားဖြစ်သူများကို လူကုန်ကူးမှုအဖြစ် အမှုဖွင့်ခဲ့သော်လည်း မြန်မာနိုင်ငံကမူ ထိုအမျိုးသမီး ၈ ဦးကို ၁၉၄၇ လူဝင်မှု ကြီးကြပ်မှုဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ သို့သော်လည်း နှစ်နိုင်ငံချစ်ကြည်ရေးအရ အမှုကိုပြန်ရုပ်သိမ်းလိုက်ပြီး ထိုအမျိုးသမီးများကို အိန္ဒိယသံရုံးမှတစ်ဆင့် နေရပ်များသို့ ပြန်ပို့ခဲ့ရသည်။

ထိုအမှုသည် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေမမြောက်သောအမှု ဖြစ်ခဲ့သည်။ လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံ လူကုန်ကူး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ တရားဝင်သတင်း ထုတ်ပြန်ချက်များတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား လူကုန်ကူးခံရသူမရှိပေ။

အိန္ဒိယ-မြန်မာနယ်စပ် လူကုန်ကူးမှု

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့လေးမှ ၁၀ မိုင် အကွာခန့်တွင် ကျေးရွာလေးတစ်ရွာ၌ မိသားစုက ဆင်းရဲသည့်အတွက် အလုပ်ထွက်လုပ်ချင်နေသော ၁၆ နှစ်အရွယ် ချင်းတိုင်းရင်းသား မိန်းကလေးတစ်ဦးရှိသည်။ သူ၏ အစ်မတော်သူသည် အင်ဖာမြို့တွင် အလုပ်လုပ်ပြီး သူတို့ရွာသို့ ပြန်ရောက်လာသည်။ အင်ဖာမြို့တွင် အလုပ်အကိုင်အပ်ပေးမည်။ တစ်လလျှင် ရူပီး ခြောက်ထောင်ခန့်ရမည်ဟု ဆိုသဖြင့် မိဘများထံ ခွင့်တောင်းပြီး အင်ဖာမြို့ကို အစ်မဝမ်းကွဲ ဖြစ်သူနှင့် လိုက်လာခဲ့သည်။

အင်ဖာမြို့၏ အစွန်အဖျား ရပ်ကွက်တစ်ခုရှိ ပြည့်တန်ဆာအခန်းတွင် သူ့ကို အလုပ်ပေးခဲ့ပြီး သူ့ အစ်မဆိုသူမှာ သူ့ဆီမလာတော့ပေ။ သူသည် ယောကျာ်းပေါင်းစုံဖြင့် ဆက်ဆံပေးရသည်။ သူ၏ လုပ်အားခမှာလည်း ဧည့်သည်များ ရောက်လာလျှင်တော့ အဆင်ပြေသည်။ တစ်ခါတစ်ရံ ခေါင်းဟုခေါ်သော ကြီးကြပ်သူက လုပ်အားခကို ခေါင်းပုံဖြတ်သေးသည်။ ခြောက်လ အတွင်းတွင် သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပိန်ချုံးလာလေသည်။ ကျန်းမာရေးလည်း ချူချာလာသည့်အချိန် ကွတ်ကီးအမျိုးသမီးအဖွဲ့ချုပ်နှင့် အဆက်အသွယ်ရ၍ အိမ်ပြန်ချင်သည့်အကြောင်း အကူအညီတောင်းခံခဲ့သည်။

ထို့ကြောင့် ကွတ်ကီးအမျိုးသမီးအဖွဲ့ချုပ်သည် ထိုမိန်းကလေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပြီး အိမ်ပြန်ပို့ပေးခဲ့သည်။ သူ့အစ်မဝမ်းကွဲဆိုသူကိုလည်း လိုက်လံစုံစမ်းကာ တရားစွဲဆိုရန် ပြောဆိုခဲ့သော်လည်း ဆွေမျိုးများဖြစ်နေသည့်အတွက် တရားမစွဲခဲ့ပေ။

“အဲဒီကလေးမလေးဟာ လူကုန်ကူးခံရတာပဲ။ ဒါပေမဲ့ ရိုးရာဓလေ့တွေနဲ့ ကျေအေးလိုက်ကြတာ။ ကျွန်မတို့က တရားဥပဒေအတိုင်း အရေးယူစေချင်ပေမယ့် လုပ်လို့မရခဲ့ဘူး”ဟု ကွတ်ကီးအမျိုးသမီးအဖွဲ့ချုပ်မှ ဒေါ်ဘွိုင်ခူးက ဆိုသည်။

လက်ရှိအချိန်အထိလည်း အစိုးရ၏ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများတွင် မြန်မာ-အိန္ဒိယ အပြန်အလှန်အကြား လူကုန်ကူးမှု မရှိသေးပေ။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်သောစာရင်းဇယားအရ ၂၀၁၉ ခုနှစ်အတွင်း လူကုန်ကူးမှု ၂၇ မှု ဖမ်းဆီးဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး အများဆုံးမှာ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ခိုင်း သည့်အမှုက အများဆုံးဖြစ်နေသည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ ၂၀၁၉ ခုနှစ် နိုင်ငံတကာလူကုန်ကူးမှု အစီရင်ခံစာအရမူ မြန်မာ နိုင်ငံတွင် လူကုန်ကူးမှုသည် အဓိကအန္တရာယ်ရှိနေဆဲ ဖြစ်ပြီး လူကုန်ကူးမှု အဆိုးဆုံးအဆင့် ၃ အဖြစ် သတ်မှတ်ထားသည်။

မြန်မာအစိုးရသည် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အနိမ့်ဆုံး စံချိန်စံညွှန်းများကို လိုက်နာဆောင် ရွက်နိုင်ခြင်းမရှိဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နိုင်ငံများမှ အခြားနိုင်ငံတစ်ခုသို့ သွားရောက်အလုပ်လုပ်ကိုင်လိုပါက မြန်မာနိုင်ငံမှတစ်ဆင့် ကြားခံထွက်ခွာသွားကြပြီးမှသာ တစ်ဖက်နိုင်ငံတွင် အလုပ်ခေါင်းပုံ ဖြတ်ခံရခြင်း သို့မဟုတ် ရောင်းစားခံရခြင်းရှိနေသည်။

အထက်ပါကဲ့သို့ မြန်မာနိုင်ငံမှ မထွက်ခွာမီ အချိန်တွင် ဖမ်းဆီးရမိသူများ လူကုန်ကူးမှုဥပဒေနှင့် ငြိစွန်းခြင်းမရှိဘဲ တရားမဝင် နယ်ခြားဖြတ်ကျော်မှုဖြင့်သာ အရေးယူလေ့ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် လူကုန်ကူးခြင်းလော နယ်ခြားဖြတ်ကျော်ခြင်းလောဆိုသည်မှာ ရှုပ်ထွေးနေဆဲ ဖြစ်သည်။

မှတ်ပုံတင်အတု ပြဿနာ

အိန္ဒိယနှင့် မြန်မာအကြား နယ်ခြားဖြတ်ကျော်မှုအပါအဝင် လူကုန်ကူးမှု ကျူးလွန်ခံရသူ အများစုမှာ ဆင်းရဲမှုကြောင့်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် အလုပ်လုပ်ချင်သဖြင့် ချိတ်ဆက်သွားလာကြခြင်း ဖြစ်သည်။ မဏိပူရ်ပြည်နယ်၏ တောင်ပေါ်ဒေသများအတွက် နိုင်ငံခြားထွက်အလုပ်လုပ်လျှင် တစ်လ ရူပီး ၂ သောင်းခန့် ရမည်ဆိုသော အခွင့်အရေးသည် စိတ်ဝင်စားစရာ ဖြစ်နေသည်။ တရားဝင် အထောက်အထားဖြင့်သွားလျှင် ကုန်ကျစရိတ်ကြီးမြင့်သည့်အတွက် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး သွားခြင်းက စရိတ်များစွာ သက်သာနေသည်။ အချို့က တရားဝင်ကဲ့သို့ဖြစ်အောင် မှတ်ပုံတင်အတု လုပ်ကြသည်။

တရုတ်နိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူ ကလေးမြို့မှ လာဒူးစကီးဆိုသူ အမျိုးသမီးက တရုတ်နိုင်ငံ ဂွမ်ဇောင်းမြို့တွင် ကလေးထိန်းအလုပ်လုပ်ရန်အတွက် ပွဲစားအိမ်တွင် သူနှင့်အတူနေသည့်အထဲတွင် အိန္ဒိယမှ အမျိုးသမီး ၁၅ ဦးပါဝင်ပြီး ၎င်းတို့မှာ မြန်မာနိုင်ငံတွင် မှတ်ပုံတင် အတုပြုလုပ်၍ လာရောက်ကြခြင်းဖြစ်ပြီး ယင်းအိမ်ကို တရုတ်ရဲများ ဝင်ရောက်ဖမ်းဆီးချိန်တွင် ထိုအိန္ဒိယ အမျိုးသမီးများ လွှတ်မြောက်သွားကြောင်း ပြောပြသည်။

“ကျွန်မ တရုတ်ပြည်ကိုရောက်ပြီး နှစ်ပတ်အကြာမှာ အဖမ်းခံရတယ်။ ထောင်ပို့လိုက်တော့ ထောင်မှာ ဆေးစစ်တဲ့အချိန် ကိုယ်ဝန်ရှိနေလို့ ကံကောင်းပြီး လွတ်လာတာပါ”ဟု သူက ဆိုသည်။

ထိုအိန္ဒိယအမျိုးသမီးများသည် အိုင်ဇောမြို့ (Aizawl) နှင့် လွန်းလီမြို့ (Lunglei) တို့မှ ကလေးမြို့သို့ လာရောက်ပြီး ပွဲစားက အကုန်အကျခံကာ ရန်ကုန်သို့ သွားရောက်ကာ မှတ်ပုံတင်အတုပြုလုပ်၍ မူဆယ်သို့ သွားရောက်ပြီး ပတ်စပို့စာအုပ်အနီပြုလုပ်ကာ ဂွမ်းဇောင်းမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။

အင်ဖာမြို့ရှိ ကလေးသူငယ်အခွင့်အရေးအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ဆောင်နေသူ Mr. Keisam Pradipkumar က “မြန်မာပြည်မှာ မှတ်ပုံတင်တွေ အတုပြုလုပ်ပေးတယ်။ မိုရေးကနေ တမူးကို ဝင်တာကလည်း ရူပီး ၁၀ ရှိရင် ရနေတယ်။ ရဲတွေကလည်း လူထက် မှောင်ခိုကုန် ပစ္စည်းတွေကို စစ်ဆေးတာဆိုတော့ လူကုန်ကူးအုပ်စု တွေအတွက် အခွင့်အရေးရသလို ဖြစ်နေတယ်”ဟု မှတ်ချက်ပေးသည်။

အင်ဖာမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းများက အိန္ဒိယနိုင်ငံမှ အလုပ်သွားလုပ်လိုသူများကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်အတုပြုလုပ်ပေးသည်ဟု တူညီစွာပြောဆိုနေကြသော်လည်း သက်သေပြစရာ အထောက်အထားတော့ မရှိကြပေ။

အိန္ဒိယနှင့် မြန်မာကြား လူကုန်ကူးမှုနှင့် ဆက်စပ်သည့် နောက်ပြဿနာတစ်ရပ်မှာ နိုင်ငံသား မှတ်ပုံတင် နှစ်ခုရှိနေခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသား မှတ်ပုံတင် ရှိသကဲ့သို့ မြန်မာနိုင်ငံသား မှတ်ပုံတင်လည်းရှိနေသူ အများအပြားဖြစ်နေသည်။

အထက်ချင်းတွင်း လူငယ်များကွန်ရက်မှ ကိုကျော်သက်ဝင်းကလည်း “အိန္ဒိယဘက်ကလူတွေ တတိယနိုင်ငံထွက်ဖို့ မြန်မာပြည်မှာ မှတ်ပုံတင်ရချင်တယ်။ ဒါကြောင့် သေစာရင်းတွေကို ဝယ်တယ်။ တချို့က မျိုးနွယ်စုအဆက်အသွယ်နဲ့ ရောက်လာပြီး အိမ်ထောင်စုစာရင်းထဲထည့်ပြီး မှတ်ပုံတင်ရအောင် လုပ်တာတွေရှိတယ်”ဟု ဆိုသည်။

သူ၏လက်ဝယ်တွင်လည်း ချင်းပြည်နယ်အတွင်းက လူအချို့၏ နှစ်နိုင်ငံမှတ်တင်ကိုင်ဆောင်ထားသော အထောက်အထားများ ရှိနေသည်။ ထိုကဲ့သို့ပင် မိုရေးမြို့တွင်နေထိုင်သော ယာဉ်မောင်းတစ်ဦးထံတွင်လည်း ကလေးမြို့လိပ်စာဖြင့် မှတ်ပုံတင်ကတ်တစ်ခု ရှိနေသည်ကို တွေ့ရသည်။

ထိုကဲ့သို့ မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်ထားကြသူများအတွက် တစ်ဖက်နိုင်ငံသို့ထွက်ရန် ပိုလွယ်ကူသွားစေသည်။

အိန္ဒိယ-မြန်မာအကြား လူကုန်ကူးတားဆီး ကာကွယ်ရေးအတွက် စိန်ခေါ်မှုများ

အိန္ဒိယအစိုးရသည် အနောက်မြောက်လမ်းမကြီး ဖွံ့ဖြိုးရေးစီမံကိန်းကို လုပ်ဆောင်နေချိန် မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်များကို ကုန်စည်စီးဆင်းမှု လွယ်ကူစေရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဗီဇာတင်းကျပ်မှုများကို ဖြေလျှော့ပေးထားသည်။ ထိုအချိန်တွင် မဏိပူရ်ပြည်နယ်၏ တောင်ပေါ်ဒေသများတွင် ဆင်းရဲမှုနှင့် အလုပ်လက်မဲ့နှုန်းမှာ များပြားနေဆဲဖြစ်သောကြောင့် နိုင်ငံရပ်ခြားသို့ အလုပ်ထွက်လုပ်သူများပြားလာပြီး လူကုန်ကူးခံရနိုင်ဖွယ် အခွင့်အလမ်းက ပိုများနေသည်။

အင်ဖာမြို့အခြေစိုက် အမျိုးသမီးများအရေး ဆောင်ရွက်နေသူ Hechin Hoakip က “လူတွေက ဆင်းရဲတဲ့အခါ အလုပ်ရှာပေးမယ်ဆိုတာနဲ့ ယုံကြည်ကြတယ်။ ဒါကို အစိုးရအနေနဲ့ လိမ်လည်တာလား၊ လူကုန်ကူးတာလားဆိုတာ စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။ နှစ်နိုင်ငံအစိုးရတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု လိုအပ်နေလို့ လူကုန်ကူးမှုတွေ များနေတာပါ”ဟု မှတ်ချက်ပေးသည်။

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအစိုးရသည် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် အပြန်အလှန် သတင်းအချက်အလက်ပေးခြင်းများ၌ အားနည်းနေဆဲဖြစ်ပြီး ထိုနယ်စပ်ဒေသတွင် လူကုန်တားရဲတပ်ဖွဲ့အင်အား ချထားပေးနိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

နေပြည်တော် လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးကမူ “လူကုန်တားရဲတပ်ဖွဲ့မှာ အင်အားမလုံလောက်ဘူး။ ဒါကြောင့် လူမှုအဖွဲ့ အစည်းတွေနဲ့ပူးပေါင်းပြီး ဖမ်းဆီးဖော်ထုတ်မှုတွေပြု လုပ်နေပါတယ်”ဟု ဆိုသည်။

အိန္ဒိယနယ်စပ်နှင့် မြန်မာနိုင်ငံအတွင်းရှိ လူကုန်ကူးခံရသူများကို လေ့လာကြည့်လျှင် ဆင်းရဲနွမ်းပါးမှုကြောင့် ဘဝရပ်တည်ရေးခက်ခဲသူများ ဖြစ်နေသည်ကို တွေ့ရသည်။ ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးမှုအပြင် အသိပညာရေး နိမ့်ပါးမှု၊ ဘာသာစကားကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် လူကုန်ကူးပွဲစားတို့သည် ထိုကျေးရွာများမှ မိန်းကလေးများကို ပစ်မှတ်ထားလာသည်။

ထို့ကြောင့် နှစ်နိုင်ငံအစိုးရအနေနှင့် လူကုန်ကူးမှုကာကွယ်တားဆီးရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ရန် အရေးတကြီးလိုအပ်သကဲ့သို့ ကျေးလက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့ကို လုပ်ဆောင်ပေးသင့်ကြောင်း လူမှုကူညီရေး အရပ်ဘက်အဖွဲ့အစည်းများက အကြံပြုသုံးသပ်ထားကြသည်။

မင်းထက်စံ



  • VIA