News

POST TYPE

ARTICLE

မီးပုံးတွန်းလှည်းနဲ့ ကုန်လွန်ခဲ့သော သီတင်းကျွတ်တွေ . . .
14-Oct-2019


နံ့လေးကင်းစင်နေပြီ။ တိမ်လေးတွေကလည်း ကြည်စင်နေပြီဆိုရင်တော့ အောက်တိုဘာရောက်ပြီပေါ့။ အဲဒီအခါများဆို လူက အလိုလို ကြည်နူးနေမိတယ်။ သီတင်းကျွတ်လဆို ကလေးဘဝတုန်းကတော့ ဦးကြီး၊ ဘကြီး၊ ကြီးတော်တွေ၊ အဘိုး၊ အဘွားတွေကို လိုက်ကန်တော့ရတဲ့အခါ မုန့်ဖိုးရလို့ပဲ။ ကလေးဘဝမှာ ရတဲ့ဝင်ငွေဆိုလည်း မှားမယ်မထင်ပါဘူး။ မုန့်ဖိုးကို လက်ပူအောင် မကိုင်ရပါဘူး။ အိမ်ပြန်ရောက်ရင် အဘိုးက သိမ်းထားပြီး လိုချင်တာတွေ ဝယ်မှ ထုတ်ပေးတာမျိုးပါ။ စည်းကမ်းကြီးတဲ့ အဘိုးနဲ့ နေရတာပါ။ လူကြီးမိဘ ဆွေမျိုးတွေကို လပြည့်နေ့မှ လိုက်ကန်တော့တာ မိသားစု ထုံးစံတစ်ခုပါ။ အဘိုးတို့အမျိုးဟာ အသက်ရှည်လှတာမို့ အဘိုးရဲ့ ဦးလေးဖြစ်သူကို သွားကန်တော့ကြတယ်။ ပြီးရင်တော့ ဝါစဉ်ကြီးငယ်အလိုက် ရပ်ကွက်ထဲမှာရှိတဲ့ နှစ်ဖက်က ဘိုးဘွား ဦးကြီး၊ မိကြီးတို့အိမ်ကို လိုက်ကန်တော့ကြရပြီ။ နှစ်တိုင်းသွားနေကျ အိမ်တွေကလည်း ရွှေဘုတ်တို့လို ကလေးတွေအတွက် မုန့်ဖိုးလေးတွေ ကြိုထုတ်ထားကြပြီ။ မုန့်ဖိုးရလာပြီဆိုရင်တော့ ဘယ်လောက်ရသလဲ ရေတွက်ပြီး အဘိုးကို အပ်ပေတော့ပဲ။ 

ရွှေဘုတ်တို့ငယ်ငယ်က ရန်ကုန်မှာဆို ကိတ်မုန့်နဲ့ပဲ ကန်တော့ကြတာများပါတယ်။ ရွှေပုစွန်က ပြိုင်ဘက်မရှိ နာမည်ကြီးပဲ။ ရေခဲသေတ္တာဆိုတာလည်း အိမ်တိုင်း မထားနိုင်သေးတဲ့ အချိန်ဆိုတော့၊ ကြိုတင်ဝယ်ပြီး သိမ်းထားလို့ မရဘူး။ ရွှေဘုတ်တို့ တစ်ခါသွားဝယ်ရင် ကန်တော့ရမယ့်အိမ်ဆယ်အိမ်စာ ဆယ်ဘူးလောက်ကို ဝယ်ရပါတယ်။ မေမေနဲ့ အတူတူ သယ်ပိုးရတာ တနင့်ကြီးပဲ။ မုန့်ဆိုင်မှာ ခြေထောက်ညောင်းအောင်ကို တန်းစီရတာပေါ့။ ဘာရယ်မသိ ဒီလိုရာသီမျိုးဆို ပျော်စရာ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်။

လပြည့်မတိုင်ခင်တစ်ရက်မှာတော့ ယုန်ရုပ်လေးတွေ၊ ကြက်ရုပ်လေးတွေ ပုံစံစုံ လက်တွန်းလှည်း မီးပုံးလေးတွေ မေမေက ဝယ်ပေးပါတယ်။ အဲဒီ မီးပုံးတွေက မှိုင်းခံစက္ကူနဲ့ လုပ်ထားပြီး ဖယောင်းတိုင်သေး လက်တစ်ဆစ်လောက်လေးဖြတ်ပြီး မီးပုံးလေးတွေကို တွန်းသွားရတာ သိပ်ပျော်ဖို့ ကောင်းတာပဲ။ မိုးတွင်းက ဗွက်အိုင်တွေကလည်း ခြောက်စပြုနေပြီ။ ရပ်ကွက်လမ်းလေးဟာ ခပ်ကျဉ်းကျဉ်းမို့ မြေကွက်လွတ်ရှိတဲ့နေရာဟာ ရွှေဘုတ်တို့ ကလေးတွေအတွက် ကစားကွင်းဖြစ်လို့နေပါတယ်။ မီးပုံးလေးကိုတွန်း လေတိုက်ရင် ဘေးက ရောင်စုံစက္ကူလေးတွေ လောင်မှာလည်း စိုးရိမ်ရ။ ချိုင့်တွေကို ရှောင်ရနဲ့ ဘေးအိမ်က ကစားဖော်သူငယ်ချင်းရယ် ညီမလေးနဲ့ အတူတူတွန်းကြပါတယ်။ မီးပုံးလေးတွေကို ရောင်စုံဖြစ်အောင် မေမေတွေက ဝယ်ကတည်းက အရောင်စုံဖြစ်အောင် ဝယ်ကြပါတယ်။ ဒါမှ မီးပုံးလေးတွေကို တွန်းသွားရင် ရောင်စုံလေးတွေ ပြာ၊ နီ၊ ဝါ စသဖြင့် ပေါ့လေ။ ရပ်ကွက်ထဲမှာကလည်း မိန်းကလေးဦးရေ နည်းတော့လည်း ရှိတဲ့လူတွေနဲ့ ပျော်အောင်ဆော့ရတာပါပဲ။ လေတိုက်တိုင်း လောင်မှာစိုးရိမ်ပြီး စည်းကမ်းရှိရှိ ကိုင်စေချင်တဲ့ မေမေ့စိတ်ကို သိနေတော့လည်း ဆော့သာ ဆော့နေရတယ် လေတိုက်တိုင်း လောင်သွားမှာ စိုးတာကို ခုနေများ ပြန်တွေးလိုက်ရင် ပြုံးစရာဖြစ်နေတတ်သေးတယ်။

မီးပုံးမဝယ်ပေးနိုင်သေးတဲ့လူတွေကတော့ ရော်ဘာကွင်းလေးတွေဖြတ်ပြီး ဘီးလုပ်တယ်။ မှိုင်းခံစက္ကူနဲ့ လုပ်ထားတဲ့ လှည်းလေးတွေထက် နို့ဆီခွက်လေးနဲ့ မီးလေးထွန်းထားတဲ့ တွန်းလှည်းလေးတွေက ပိုပြီးသန်မာနေတတ်သေးတာ။ ရွှေဘုတ် သဘောကျနေတာပေါ့။ နို့ဆီခွက်ထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးကတော့ မငြိမ်းပါဘူးလေ။ လဲကျလည်း စိုးရိမ်စရာမရှိဘူး။ သူငယ်ချင်း ကောင်လေး တစ်ယောက်ဆီက ခဏလောက်ပေးတွန်းပါဆိုပြီး ပူဆာခဲ့ဖူးတယ်။ ပေးမတွန်းဘူး။ သူ့အစ်ကိုတွေက လုပ်ပေးထားတဲ့ နို့ဆီခွက်တွန်း လှည်းလေးဟာ ရွှေဘုတ်တို့မိန်းကလေးတွေထက် အချိန်ကြာကြာ ဆော့ခွင့်ရတယ်။ ဖယောင်းတိုင်ကိုလည်း ကိုယ်တိုင် မီးညှိခွင့်ရတယ်။ အကြာကြီး တွန်းခွင့်ရတဲ့ မီးငြိမ်းတိုင်း မီးထွန်းခွင့်ရတဲ့သူ့ကိုတော့ အားကျစိတ်နဲ့ အိမ်ဝရန်တာကနေ ငေးကြည့်နေရတယ်။

နောက် ဖယောင်းတိုင်ကို အရည်ဖျော်ပြီး ရေနဲ့ တောက်တဲ့ မီးတောက် ကစားနည်း။ မာကျူရီခေါ်တဲ့ မီးပန်းလေးတွေလည်း သူတို့က ကစားခွင့်ရတယ်။ ရွှေဘုတ်တို့ညီအစ်မက အန္တရာယ်များတဲ့ကစားနည်းဆိုရင် ဆော့ခွင့်မရခဲ့ဖူးဘူး။ သီတင်းကျွတ်မှာ အကြောက်မိဆုံးကတော့ ဗြောက်အိုးပါပဲ။ မီးတို့ပြီး ကောင်လေးတွေ ဗြောက်အိုးလွှတ်လိုက်ပြီဆို အရမ်းကြောက်တာပဲလေ။ ဒိုင်းဆိုတဲ့ အသံကို ကြားရရင် အသည်းတွေများ တထိတ်ထိတ်နဲ့ပေါ့။ လပြည့်ပြီးနောက်နေ့ဆိုရင်တော့ ရွှေဘုတ်တို့နေတဲ့ ဆင်ရေတွင်းကနေ ဘူတာရုံဈေးလမ်းကိုသွားပြီး အဘွားဖြစ်သူနဲ့ ရပ်ကွက်က ပဒေသာကပွဲကို သွားကြည့်ကြတယ်။ တေးဂီတစင်တင်နာမည်က စေခုနစ်လီစေတဲ့။ လူငယ်တွေက သီချင်းတွေဆို၊ တေးသရုပ်ဖော်က၊ ပြဇာတ်ကနဲ့ပေါ့။ သုံးရက်တိုင်တိုင် ကပြတာပေါ့။ ဈေးရှေ့က ကွက်လပ်ကြီးမှာ စင်ထိုးပြီး ရေကန်ကြီးဘေးမှာ လူတွေက ရပ်ကြည့်ရတယ်။ ဘူတာရုံလမ်းပွဲဈေးက စည်ကားသလို လှည်းတန်း ဦးထွန်းလင်းခြံလမ်းထောင့်ဆုံးက စတိတ်စင်ကလည်း ပျော်စရာကောင်းတယ်။ အိမ ကျောက်ကျောဆိုင်ကလည်း လက်မလည်အောင် ရောင်းရသလို၊ ပန်းကမ္ဘာကဖီးကလည်း လူပျိုတွေက အပျိုတွေကို မျက်စိစားပွဲထိုင်တဲ့နေရာ တစ်ခု ဖြစ်ခဲ့တယ်။ ရွှေဘုတ်အသက်က ၇ နှစ်လောက်က ဆိုတော့ လှည်းတန်းမှာ ခေတ်စားခဲ့တဲ့ အသောက စတိုးတောင် မပေါ်သေးပါဘူး။ အေးငြိမ်းသာဆေးခန်း၊ ဆုကော်ဖီတွေကတော့ ဟိုးငယ်ငယ်လေးကတည်းက ရှိနှင့်နေတာ။ အမှိုက်ကို မီးရှို့လိုက်လို့ ထွက်လာတဲ့ မီးခိုးနံ့တွေရယ်၊ ဗြောက်အိုးညှော်တွေရယ်ဟာ လူတွေကို စိတ်ကြည်နူးမှုကို ပေးစေပါတယ်။ 

ကျောင်းသားတွေအတွက်က ပထမ အစမ်းပြီးလို့ စာမကျက်ရတဲ့ အချိန်ပဲပေါ့။ ကျောင်း ပိတ်ရက်ကုန်ဆုံးပြီးလို့ မကြာခင်မှာ ဒီဇင်ဘာ ၁၀ ရက်ပိတ်ရက်မတိုင်ခင် ဖြေရမယ့် ဒုတိယအစမ်းဖြေရပြီဆိုတော့ စားမေးပွဲမတိုင်ခင် သီတင်းကျွတ်ပွဲတော်ဟာ ကလေးတွေအတွက် ပျော်စရာ အကောင်းဆုံးအချိန်ပဲ ဖြစ်ခဲ့တယ်။ ခုတော့လည်း အသက်တွေလည်းကြီးလို့ လူလတ်ပိုင်းအရွယ်လည်း ရောက်ခဲ့ပြီ။ သမီးလေးကို အလှည့်ပေးရတော့မယ့် အချိန်ရောက်ပြီလေ။ ရွှေဘုတ်တို့အရွယ်တွေက ကြီးသူတွေကို ကန်တော့ဖို့ပြင်ရသလို၊ ကလေးတွေ လာကန်တော့မယ့်လူတွေကိုလည်း မုန့်ဖိုးပေးရတော့ သီတင်းကျွတ်ဟာ အီလည်လည်ကြီးနဲ့ ပျော်စရာသိပ်မကောင်းတော့ဘူး။ ငယ်ငယ်က အတူတူ ဆော့ခဲ့တဲ့ လူတွေ အကြွေတွေ စောခဲ့တယ်။ သီတင်းကျွတ်တိုင်း လျော့လျော့သွားခဲ့တာ။ မနှစ်က ရှိခဲ့တဲ့ ညီမလေးတောင် မရှိတော့ဘူးလေ။ မမကြီးဆိုပြီး လက်အုပ်လေးချီ ကန်တော့နေကျ ညီမလေးကိုလည်း သတိရမိတယ်။ ခုတော့ ဘယ်ဘယ်ကမ္ဘာရောက်နေပြီလဲ ညီမလေး။ ဒီနှစ်တော့ သမီးလေးကိုလည်း မီးပုံးတွန်းလှည်းလေး ဝယ်ပေးဖြစ်ခဲ့တယ်။ ဟိုအရင် ငါးမူးတန်လေးက ခုတော့ ၁၅၀၀ ဖြစ်နေခဲ့ပြီလေ။ မီးပုံးတွေ၊ မီးရှူးမီးပန်းတွေလည်း တရုတ်ဘက်က ဝင်လာတော့ အမျိုးအစားတွေက ရွေးချယ်စရာတွေ အများကြီးပဲလေ။ ငယ်ငယ်ကလို မီးပုံးလှည်းလေးတွေ ခေတ်မစားတော့ပါဘူး။ သမီးလေးအတွက် မီးပုံးလေးတောင် ကျောင်းဆင်းပို့ရင်း တိုက်အောက်မှာတွေ့လို့ ဝယ်ပေးဖြစ်ခဲ့တာပါ။ လှည်းတန်းကလည်း ပွဲဈေးရှိမှ စည်တော့တာ မဟုတ်ဘူး။ အမြဲတမ်းစည်ကားလို့နေပါတယ်။ ဒီနှစ်တော့ အင်းလျားမှာ မီးပုံးအဖြူတွေချိတ်ထားပါတယ်။ ကုမ္ပဏီတစ်ခုက စပွန်ဆာ ပေးထားတာတော့ တွေ့မိပါရဲ့။

ဘယ်လိုပဲဖြစ်ဖြစ် သီတင်းကျွတ်တွေဟာ တစ်နှစ်ပြီး တစ်နှစ် ဖြတ်ကျော်နေဦးမှာပဲ။ ရွှေဘုတ် ကိုယ်တိုင်ကရော သီတင်းကျွတ် ဘယ်နှကြိမ်များ ကျော်ဖြတ်နိုင်ဦးမှာလဲ။ အသက်ရှင်နေတဲ့အချိန်လေးမှာ မေမေ့ကို ပြုစုပြီး ဂါဝရတရားနဲ့နေထိုင်ရင်း မေမေ့အတွက် အမြဲ သီတင်းကျွတ်နေမယ့် သမီးအဖြစ် နေသွားမှာပါ။ သမီးလေးကိုလည်း လူကြီးသူမတွေကို အမြဲသီတင်းကျွတ်မှာ ပြုလုပ်နေကျ ဂါရဝတရားကို မှတ်မိအောင် သင်ပေးရဦးမှာပါ။ ဘယ်နှစ်တွေအထိ ရွှေဘုတ်ရဲ့ သီတင်းကျွတ်တွေ ရှိနေဦးမှာလဲလို့ တွေးရင်း ပြတင်းအပြင်က တက်သွားတဲ့ မီးပုံးလေးကို ငေးကြည့်နေမိတယ်။ သမီးလေးနဲ့ အတူတူ မေမေ့ကို ကန်တော့မယ်။ ပြီးရင် မီးပုံးလွှတ်ရဦးမယ်လေ။

ပိုးသားရွှေ