News

POST TYPE

ARTICLE

မဟာမင်္ဂလာ တာဝါတိုင်ဘွဲ့
13-Oct-2019


မဖဲဝါ၏ အစ်ကို ကိုစံမှဲ့ တော်တော်စိတ်လေသွားသည်။ နှစ်ပေါင်းများစွာ သူမျှော်လင့်ထားသမျှ အခုတော့ ဒီလူတွေကြောင့် ခဲလေသမျှ သဲရေကျပြီ။

ဟုတ်သည်။ စဉ်းစားကြည့်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ဒီနေရာကို မျှော်လင့်ချက်အပြည့်နှင့် ရောက်လာခဲ့ဖူးသည်။ သို့သော် သူ့ရည်မှန်းချက်မပြည့်။

သူကလည်း သူ။

ငယ်ရွယ်စဉ်ကတည်းက အင်းထဲတွင်ကြီးပြီး ငါးတွေဖမ်းသည်။ သားစိမ်း ငါးစိမ်းကို ခံတွင်းတွေ့သည်။ ငါးလာခိုးသည့် ကာလသားများကို မှိန်းနှင့်ထိုးသတ်၏။ အင်းနားကပ်လာသမျှ သူ့ရန်သူ။

လူ့သက်တမ်းတစ်ဝက်လောက်ကို ဒီအင်းရဲကြီးထဲ နေထိုင်ပြီး အကုသိုလ်တွေ သိပ်များလွန်းခဲ့သည်။ နောက်ဆုံး နှမအရင်းခေါက်ခေါက်ဖြစ်သူ မဖဲဝါကိုပင် သူ စိတ်ရူးပေါက်ကာ သတ်ဖြတ်ပစ်သည်အထိ ဖြစ်ခဲ့ရ၏။

ဒီလိုဖြစ်ရတာလည်း သူ့ဘဝကိုသူ မထူးဇာတ်ခင်းခဲ့ရခြင်းပင်။ တစ်ခါက သူ နောင်တရဖို့ ကြိုးစားကြည့်ပါသည်။

ဘုရားမှန်း တရားမှန်း သိနိုင်ဖို့အတွက် မစွန့်နိုင် မခွာနိုင်ဖြစ်သော သူပိုင် အင်းရဲကြီးကိုပင် စွန့်ခွာကာ နှမငယ်ဖြစ်သူ မဖဲဝါနှင့် ရန်ကုန်သို့ သူတက်လာသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံတည်းဟူသော ဆံတော်ရှင်စေတီကိုဖူးပြီး သူ့ဘဝအတွက် အရှားပါးဆုံး ကုသိုလ်စိတ်လေးကို သူရယူဖို့ ကြိုးစားဖူး၏။ သို့သော် စံမှဲ့၏အကုသိုလ်ကား များပြားလှသဖြင့် ဘုရားပင် ကွယ်ချေပြီ။

ရွှေတိဂုံစေတီတော်ကို သူဖူးလို့မရ။ သူ့နှမ မဖဲဝါက ဦးကုန်းချနေချိန်မှာ ရွှေတိဂုံစေတီတော်ကို သူ မမြင်ရ။ သွားပြီ။ စံမှဲ့ စိတ်ဓာတ်ကျပြီ။

တစ်ဘဝလုံးစာ အပါယ်တံခါးက ပွင့်သွားလေပြီ။ လူဖြစ်လျက်နှင့် ဖြစ်ရကျိုးမနပ်။ မြန်မာဖြစ်လျက်နှင့် ဖြစ်ရကျိုးမနပ်။ ဒီလိုနှင့် သူ့ဘဝကို ရေစုန်မျောခဲ့ရသည်။

နှစ်ပေါင်းများစွာကြာသည်အထိ ကိုစံမှဲ့နှင့် မဖဲဝါမှာ အစိမ်းတစ္ဆေတွေဘဝ နေခဲ့ရသည်။ သို့သော် လည်း သူတို့မောင်နှမက ကုသိုလ်ကံက ကောင်းသည်။ အစိမ်းတစ္ဆေဘဝမှာတင် ဌာနကောင်းကောင်းတွေကို ရရှိခဲ့၏။

ကိုစံမှဲ့က တစ်ပွဲစားရာထူးဖြင့် အင်းတွေ အိုင်တွေမှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သလို မဖဲဝါကလည်း သုသာန်ရေးရာ ညွှန်ကြားရေးမှူးချုပ် ဖြစ်သွားသည်။

နှစ်ပေါင်း ရာနှင့်ချီကြာခဲ့ပြီ။

ကိုစံမှဲ့လည်း အင်းစား အိုင်စားဘဝမှာ အကုသိုလ် ကင်းအောင်နေထိုင်ရင်း ဒီဘဝကလွတ်အောင် တတ်နိုင်သမျှ ကုသိုလ်တွေလုပ်ခဲ့၏။ ကိုစံမှဲ့ ယုံကြည်သော ယုံကြည်ချက်တစ်ခုကား ရှိသည်။

ယင်းကား ရွှေတိဂုံဘုရားကို သူ ပထမအခေါက် ဖူးစဉ်က သူ့အကုသိုလ်ဇော များပြားသောကြောင့် ရွှေတိဂုံဘုရားကား သူ့မြင်ကွင်းမှ ကွယ်ခဲ့လေသည်။ ယခုတစ်ခေါက် ရွှေတိဂုံဘုရားကို ဖူးခွင့်ရလျှင်ပင် အစိမ်းတစ္ဆေဘဝမှ သူကျွတ်လွတ်မည် မုချဟု ကိုစံမှဲ့ ယုံကြည်သည်။

ကုန်ခဲ့သည့်နှစ်များအတွင်းက သူ့နှမ မဖဲဝါနှင့်အတူ ရွှေတိဂုံဘုရားကိုလာဖူးရန် ကိုစံမှဲ့ ကြိုးစားခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ ။ ဘယ်အောင်မြင်ပါ့မလဲ။ အရင်အစိုးရမင်းတွေလက်ထက်က သူကိုင်ထားသည့် အင်းတွေ အိုင်တွေကိစ္စက ဒီနှစ်များအတွင်း တော်တော် ပြဿနာရှုပ်ခဲ့သည်။

အရင်အစိုးရက အင်းလေလံတွေကို တကယ် အင်းလုပ်စားသူတွေထက် ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို လိုင်စင်ချပေး။ ဟို အင်းမလုပ်တတ် တဲ့ကောင်တွေကတစ်ဆင့် မတန်တဆဈေးနဲ့ ပြန်ရောင်းစား။ လိုင်စင်တစ်ဆင့်ပြန်ဝယ်တဲ့ ငနဲတွေကလည်း အောက်က အင်းလုပ်သားတွေကို လစာနည်းနည်းနဲ့ မတရားခိုင်း။ ရွာနီးချုပ်စပ်က ငါးရှာ ဖားရှာ ရွာသား တွေကိုတောင် အင်းနားအကပ်မခံ။

ဒီတော့ ပြဿနာတွေဖြစ်။

ရဲဆိုလား ဘာဆိုလား မင်းမှုထမ်းတွေက မီးပေါက် သေနတ်တွေနဲ့ပစ်တော့ နှစ်ဖက်လုံး သေတဲ့သူသေ။ ဒီတော့ အင်းလောက ညွှန်ချုပ်ကြီး ကိုစံမှဲ့မှာ အသစ် ရောက်လာတဲ့ မသာတွေကို သက်ဆိုင်ရာအင်းတွေမှာ ရာထူးခန့်အပ်ရေး ခေါင်းစားရပြန်ရော။

ဟော အခု နောက်အစိုးရလက်ထက်ကျပြန်တော့လည်း အင်းကိစ္စ လာဘ်ငွေယူသည့် အမတ်က ရှိသေး။ ဒီလူ့လောကက အရှုပ်တွေကို သူတို့ ပရလောကအထိ လာရိုက်ခတ်နေပါရောလား။

သူ့နှမ မဖဲဝါလည်း ထိုနည်း၎င်းပဲ။

သင်္ချိုင်းတွေက နည်းနည်းကြီးလာပြီဆို လူတွေက လာနေကြ၊ လူနေရပ်ကွက်ကြီးဖြစ်လာတော့ တစ်ခါ ဘူဒိုဇာနဲ့ထိုး သင်္ချိုင်းပြောင်းကြနဲ့ သူ့ခမျာ ခဏခဏ ဘုံပျောက်ရတာကလား။

ဒီလိုနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေကြား ကိုစံမှဲ့နဲ့ မဖဲဝါခမျာ ရွှေတိဂုံကို မဖူးရရှာဘူး။

အခုတော့လား...။

ဒီတစ်ခါတော့ ရအောင်ဖူးမယ် ရည်စူးပြီး နှမလေး မဖဲဝါက ရွာသင်္ချိုင်းကနေ အပါခေါ်ပြီး လာခဲ့ရတယ်။ မခေါ်လို့လည်း မရဘူး။

အခုကာလက လူ့ပြည်က ဝန်ကြီးချုပ်မင်း ကိုယ်တိုင်က ရွာမှာတာဝန်လာထမ်းဆောင်တဲ့ ကျောင်းဆရာမလေးတွေ နေစရာအခက်အခဲဖြစ်ရင် ရွာခံ ကာလသားတွေက ရည်းစားစကားလိုက်ပြောဖို့၊ အရယူဖို့ဆိုပြီး နွားသိုးကို အဝှာပြု သင်းပြီး ကြက်ဥ တိုက်နေတဲ့ခေတ်ကိုး။

ဒီလူ့ဘောင်က သွပ်ချောင်ချောင် အတွေးအခေါ်တွေဟာ ပရလောကအထိ ကူးစက်မလာဘူးလို့ ပြောမရဘူး။ မတော် သင်္ချိုင်းတကာ တာဝန်ပတ်ထမ်းဆောင်နေတဲ့ သူ့နှမလေး မဖဲဝါကို ဟိုတာတေကြီးတို့အုပ်စုက ဝန်ကြီးချုပ် အမိန့်အရဆိုပြီး အပိုင်စီးသွားမှာလည်း ကြောက်ရသေး။

ကဲ ကဲ... ဘာလိုလိုနဲ့ ရန်ကုန်မြို့တော်ကြီးကို တော့ရောက်ပါပြီ။

ရွှေတိဂုံကို ဖူးတယ်သာဆိုရမယ် သူတို့မောင်နှမမှာ အစိမ်းသရဲတွေဆိုတော့ ရွှေတိဂုံစေတီတော်ပေါ် တက်ဖူးခွင့်မပြောနဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အရိပ်ကျရာတစ်ဝိုက်တောင် ကပ်ခွင့်မရှိပါဘူး။

ခပ်ဝေးဝေးကပဲ ဖူးရမှာ။

ဆူးလေဘိုးဘိုးကြီးတို့၊ ဗိုလ်တထောင်ဘိုးဘိုး ကြီးတို့ ဆိုင်ရာပိုင်ရာတွေကိုလည်း အီးမေးလ်လှမ်း ပို့ပြီး ခွင့်တောင်းမိတော့ သူတို့က ပြန်ပြောသည်။

ရွှေတိဂုံမှာ ပိုင်ရာဆိုင်ရာ အစောင့်အရှောက် မောင်ကံဆိုတာ ရှိသတဲ့။ သူကနေတစ်ဆင့် ချိတ်ဆက်ပြီး ဘုရားစောင့်နတ်ကြီး ဝါကြီးတွေဆီ ခွင့်တောင်းတဲ့လေ။

ဒီလောက် နှစ်ပေါင်းများစွာ ဖူးဖို့စောင့်ခဲ့ရတဲ့ ဘုရား...အကုသိုလ်အရမ်းများလို့ ဘုရားခြေတော်ရင်း ရောက်သော်လည်း ဖူးခွင့်မရခဲ့တဲ့ဘုရား...အခုတော့ တို့ဘုရားကို တို့ဖူးပြီဟဲ့လို့ လာတာ...။

အခုတော့ အဆင့်ဆင့် ခွင့်တွေ တင်နေရပါရောလား။

ကိုစံမှဲ့နဲ့ မဖဲဝါတို့ ရွှေတိဂုံနား ယောင်ချာချာ ဖြစ်နေတုန်း သျှောင်တစောင်းဖြင့် ပိန်ပိန်ပါးပါး ပရလောကသားငနဲသားတစ်ယောက်က သူတို့နားရောက်လာသည်။

“ဒီမယ်ဗျ... ဒီ ရွှေတိဂုံကို စောင့်ရှောက်တဲ့ မောင်ကံဆိုတာများ ဘယ်လိုသွားတွေ့ရမလဲ”

“ကျုပ်က မောင်ကံပါဗျာ... ဟော့ ခင်ဗျားတို့ ဖူးချင်နေတဲ့ ရွှေတိဂုံဘုရားကို နှစ်ပေါင်းများစွာ စောင့်ကြပ်နေရတဲ့ လှံမင်းသား မောင်ကံပါ”

“ဪသာ်... တရုတ်ဦးတည်ဘွားသမီး ကျင်စာရီကို ကြိုက်တာနဲ့ ဦးတည်မင်းကို ရွှေတိဂုံက ဆံတော်ကို ခိုးပေးမယ်ဆိုပြီး ဌာပနာဝင်ဖောက်တဲ့ အမျိုးသား သစ္စာဖောက် မောင်ကံကိုး ခင်ဗျားက”

“ဟုတ်ပါရဲ့ဗျာ...ကျုပ် မောင်ကံက အမျိုးသား သစ္စာဖောက်ကြီးပါ...သို့ပေသိ အခုတော့ ဒီဝဋ်ကြွေးတွေကို ဘုရားကြီးကို စောင့်ရှောက်ရင်း ပြစ်မှုကြွေး ချွေးနဲ့ ဆပ်နေပါပြီဗျ...”

“အိုင်ဆေး ကိုမောင်ကံ... ဒါဖြင့် ရွှေတိဂုံဘုရား ကြီးကို ခင်ဗျားတစ်ယောက်တည်း စောင့်ရှောက်လာ ရတာပေါ့လေ”

“ဟုတ်ပဗျာ...ကျုပ်က မစိတ်မွှန်ပြီး တရုတ်ကို ဆံတော်ခိုးပေးဖို့ ကြံစည်လို့ အမျိုးသားသစ္စာဖောက် အဖြစ် ဒီမှာ အပြစ်ပေးထားတာကြာလှပါကော... ဒါပေမဲ့ မကြာခင် ဆယ်စုနှစ်မှာ ကျုပ်လိုပဲ တရုတ်ကို ရှိသမျှအားလုံး ခိုးပြီးရောင်းစားခဲ့တဲ့ အဘဆိုတဲ့လူတွေလည်း ဒီကို အဖော်ရောက်လာတော့မှာဗျ... အဲဒီ အခါကျ ကျုပ်ဖြင့် လူစားရလို့ ဝဋ်ကျွတ်ပြီဆိုပြီး ပျော်နေတာ...ခုတော့ဗျာ”

“ခုတော့ ဘာဖြစ်တုံးဗျ”

“ဟ... ဒီလူတွေက လူနပ်တွေဗျ...လူတွေက ကျုပ်ကိုသာ ရာဇဝင်ထဲမှာ တရုတ်ကို ယောက္ခမတော်ဖို့အရေး ဘုရားဌာပနာတိုက်ဖောက်လို့ လူဆိုးစာရင်း သွင်းခဲ့ကြတာ... ဒီလူတွေကျတော့ တစ်နိုင်ငံလုံး တရုတ်လက်ထိုးအပ်ခဲ့တာတောင်မှ လူတွေက လက်အုပ်ချီကြ၊ အလေးပြုကြနဲ့ အဘ အဘ ဖြစ်နေကြတာပဲ ကြည့်လေ”

“ကဲ ဒါတွေ ထားပါဗျာ...ကျုပ်တို့ အခု ရွှေတိဂုံ ဖူးချင်လို့ အဲ့ဒါ ခင်ဗျားကတစ်ဆင့် ခွင့်တောင်းရမယ်တဲ့ဗျာ...လုပ်ပါဗျာ...ဒီနှစ် အင်းတွေဖော်ရင် ခင်ဗျားအတွက် ငါးရံ့ခြောက်တစ်တွဲပို့ပေးပါ့မယ်”

“အမယ်လေး... ခင်ဗျား ဘုရားဖူးဖို့က အသာထား... အခု ဘုရားပေါ်က ကျုပ်ရထားတဲ့ တစ်နေရာ လေးတောင် ဆက်သွယ်ရေးတာဝါတိုင် လာထူထားလို့ ပျောက်နေတာကြာပြီဗျ...အခုလို လမ်းဘေးလျှောက် သွားနေရတာပဲကြည့်”

“ဟင် ဘယ့်နှယ်ဖြစ်တာတုံးဗျာ”

“ကျုပ်လည်း သေချာမသိဘူးဗျာ။ အင်္ဂလိပ်တွေ ရန်ကုန်ကိုသိမ်းတုန်းကလည်း ကျုပ် ဒီလိုပဲ တစ်ခါ ဘုံပျောက်ဖူးတယ်ဗျ... ကျုပ်တို့ ရွှေတိဂုံကုန်းတော်ပေါ် ဂေါ်ရာစစ်တပ်က တပ်စွဲထားခဲ့တာမှ အကြာကြီး... နောက်တော့ ဘကြီးဘဘေတို့၊ ဦးချစ်လှိုင်တို့ ဦးဆောင်တဲ့ အသင်းကြီးကတစ်ဆင့် အင်္ဂလိပ်သတင်းစာတွေကို အကူအညီတောင်းရာက အင်္ဂလိပ်အစိုးရ သိသွားပြီး ဂေါ်ရာစစ်တပ်ကို မင်္ဂလာဒုံဘက် ရွှေ့ပစ်လိုက်တာပေါ့ဗျာ”

“နို့ ဒါဆို အခုလည်း တာဝါတိုင်လာစိုက်ထားတာ ဂေါ်ရာစစ်တပ်ပဲနေမှာပေါ့”

“အင်း...အဲ...ကိုစံမှဲ့နှယ် အင်္ဂလိပ်စစ်တပ်တွေ ဒီနိုင်ငံကထွက်သွားတာ ဘယ်လောက်ကြာပြီလဲ... ဒီတစ်ခါ တာဝါတိုင်လာစိုက်ထားတာက ဟဲ...ဟဲ...ဟဲ...ဟဲ...ဂေါ်ရာစစ်တပ်ထက် ဆိုးတဲ့ လူတွေပေါ့ဗျာ...ဟဲ...ဟဲ...ဟဲ...”

“ဟ နေပါဦး ဘရာသားကံရ...ဒီလိုဆိုလည်း ခင်ဗျား ခုနပြောတဲ့ ဟိုအသင်းက လူကြီးတွေကို ဒီကိစ္စ သွားပြောခိုင်းပါလား... ဂေါ်ရာစစ်တပ်ကတောင် နေရာရွှေ့ပေးရတယ်ဆို သူတို့ ပါဝါကြီးပုံပဲ... ဘုရား ဝတ္တကမြေပေါ် ဖုန်းတာဝါတိုင်လာစိုက်တဲ့လူတွေကို သူတို့နဲ့ သွားတိုင်ပေါ့ဗျာ”

“ဟာ မလုပ်ပါနဲ့ဗျာ... အခုလူတွေက အရင်လူတွေလို မဟုတ်ဘူးဗျ။ အရမ်းသဘောကောင်းပြီး လူ တစ်ဖက်သားကို ဆုတွေ ဘွဲ့တွေ အရမ်းပေးချင်ကြတာ။ တော်ကြာ အမျိုးဘာသာ သာသာနာအကျိုးအတွက် တာဝါတိုင်များ လိုက်စိုက်သော မဟာမင်္ဂလာ တာဝါတိုင် သူရဲကောင်းဘွဲ့ ဆိုပြီး ပေးလွှတ်နေမှ...”

“ဟင်...ခင်ဗျားတို့ ဆီက တယ်ရှုပ်တာပဲဗျာ”

“အောင်မယ်... တယ်ရှုပ်မလုပ်နဲ့... ကိုစံမှဲ့ရ ဘွဲ့ဆိုလို့ ခင်ဗျားသွားလျှောက်လည်း ဘွဲ့ရနိုင်တယ်ဗျ... ရောက်တုန်းရောက်ခိုက် အဲ့ဒီအသင်းမှာ ဘွဲ့လေး သွားလျှောက်ပါလား”

“အာ ကျုပ်က အင်းသူရဲ တစ်ပွဲစား နာနာဘာဝ လူဆိုးပါဗျာ... ဘယ်သူက ဘွဲ့ထူး ဂုဏ်ထူးတွေ ပေးမှာလဲ”

“မထင်နဲ့ဆရာ... ခင်ဗျားအရည်အချင်းမျိုးကမှ သူတို့အကြိုက်ဗျ...လုပ်ပါ...ကျုပ်ကြားက ပွဲစားလုပ်ပေးမယ်လေ...နည်းနည်းပါးပါးတော့ အင်းပါမစ်လေးဘာလေး ပေးလိုက်ပေါ့ အဟဲ”

“ဟာ ကိုယ်နဲ့မတန်တဲ့ ဘွဲ့တွေလည်း မလိုချင်ပါဘူးဗျာ... ဘုရားလည်း မဖူးချင်တော့ဘူး... တော်ကြာ ကျုပ် ဘုရားဖူးနေတုန်း ကျုပ်အင်းထဲ တာဝါတိုင် လာစိုက်နေမှခက်မယ်... ကိုင်းကိုင်း...ကျုပ်ဟာကျုပ် အင်းပြန်လုပ်တာပဲ နားအေးတော့မယ်...ကဲ...နှမလေး မဖဲဝါရေ...နင့်လည်း သုသာန်နန်းဆီ ပြန်ကြွပေရော့”

“နေပါဦး အစ်ကိုတော်ရဲ့... ရောက်တုန်း ရောက်ခိုက်...နှမလေးတို့...ကိစ္စလေး အထက်နတ်တွေဆီ သွားတင်ပြကြမလား...အင်းတွေ...သင်္ချိုင်းတွေကိစ္စကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တာတောင် အခု ခရီးကို ကုန်းကြောင်းလာရတာ အဆင်မပြေလှဘူး...စီးတော်ယာဉ်လေး ဘာလေး အထက်က ချပေးသင့် တယ်လို့ တင်ပြကြမလား”

“ဟဲ့ နင်မေ့ကလွှား...ဒီကလေးမ...အထက်က ပေးတဲ့ကား စီးချင်ရအောင်...ကိုယ့်ကိုယ်ကိုယ် မြို့တော်ဝန်များ မှတ်နေလားဟဲ့...အရေးထဲ လူဆဲက ခံချင်ပြန်ပြီ... မိုးစပ်စပ်ရွာရင် နင့်အပိုင် သုသာန်ထဲ ရေမမြုပ်အောင်သာ အရင်လုပ်စမ်းပါဦး...ကဲ...ကဲ...သွားမှာသာ သွားစမ်း”

ထိုသို့ဖြင့် မဟာမင်္ဂလာတာဝါတိုင်ဘွဲ့အပေးခံရမည်ကို အကြောက်ကြီး ကြောက်သွားရှာသည့် ကိုစံမှဲ့နှင့် ကားစီးချင်ရှာသော နှမလေး မဖဲဝါတို့မှာ ဒုတိယ အကြိမ်လည်း ရွှေတိဂုံနဲ့လွဲပြီး နေရပ်သို့ ပြန်ရရှာလေသတည်း။

ဗြိတိသျှကိုကိုမောင်



  • VIA