News

POST TYPE

ARTICLE

ယူနက်စကိုကပေးတဲ့ ကမ္ဘာ့အမြင့်ဆုံး တီထွင်ဆန်းသစ်မှုဆု ရရှိထားသူ မလှလှဝင်း (သို့မဟုတ်) မြန်မာ့ပညာရေးကဏ္ဍအတွက် လင်းလက်နေမယ့်ကြယ်တစ်ပွင့်
11-Oct-2019


နည်းပညာနယ်ပယ်မှာ ထူးချွန်အောင်မြင်တဲ့အမျိုးသမီးတွေကို မြင်တွေ့ရဖို့ဆိုတာ ခဲယဉ်းလှပါတယ်။ မလှလှဝင်းကတော့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံ တွေကပါ အသိအမှတ်ပြုထားတဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သလို တီထွင်ဖန်တီးမှုဆိုင်ရာ ဂုဏ်ပြုဆုများစွာ ရရှိထားသူတစ်ယောက်ပါ။

မလှလှဝင်းဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတုန်းက ယူနက်စကိုနဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Netex-plo ကပေးတဲ့ ကမ္ဘာ့အမြင့်ဆုံး ဒစ်ဂျစ်တယ် တီထွင်ဖန်တီးမှုဆိုင်ရာ ထူးချွန်ဆုကို ရရှိခဲ့ပါတယ်။

အဲဒီနှစ်တုန်းက အာရှနိုင်ငံတွေမှာ မလှလှဝင်း တစ်ဦးတည်းသာ ပါဝင်ခဲ့တာဖြစ်သလို မြန်မာနိုင်ငံအနေနဲ့လည်း ပထမဆုံး အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။

မလှလှဝင်းဟာ NASA Research Center မှာလည်း ပထမဆုံး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရွေးချယ်တက်ရောက်ခွင့် ရရှိခဲ့သူတစ်ယောက်ပါ။

သူမဟာ 360  ံed ဆိုတဲ့ ပညာရေးနဲ့ နည်းပညာကို ချိတ်ဆက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပြီး ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကျောက်သင်ပုန်းအစား ခေတ်နဲ့အမီ ပြောင်းလဲ ဆန်းသစ်တီထွင်ခဲ့တဲ့ ဓာတ်သင်ပုန်းကို ထုတ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။



စာမေးပွဲ ကျရှုံးခဲ့ဖူးပေမယ့် ဘဝကိုအရှုံးမပေးခဲ့သူ

သူမကိုယ်သူမ “ကျွန်တော်” လို့ နာမ်စားသုံးပြော ဆိုတတ်တဲ့ မလှလှဝင်းဟာ ကျောင်းစာမှာ ထူးချွန်လှ သူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။

မြန်မာပြည်မှာ နေထိုင်ခဲ့တုန်းက အစိုးရအထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းအဆင့် အောင်မြင်ခဲ့ပြီး အဝေးသင်ပညာရေးနဲ့ ဘွဲ့တစ်ခုရဖို့ ကြိုးစားခဲ့တာပါ။ နောက်ဆုံးနှစ်မှာ စာမေးပွဲကျရှုံးခဲ့ပေမယ့် စိတ်ဓာတ်ကျမသွားဘဲ သူမရဲ့ အနိုင်မခံ အရှုံးမပေးစိတ်နဲ့ နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူနိုင်ဖို့ ကြိုးစားပါတော့တယ်။

“ကျွန်တော် မြန်မာပြည်မှာ ကျောင်းမပြီးခဲ့ဘူး။ နောက်ဆုံးနှစ်မှာ စာမေးပွဲကျတယ်။ စာမေးပွဲကျတော့ ရှက်လည်းရှက်တယ်။ တစ်ခါမှလည်း မကျဖူးတော့လေ။ ကျွန်တော်က စာအရမ်းတော်တဲ့ ကျောင်းသားလည်း မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဘယ်တော့မှ အရမ်းလည်း မညံ့ခဲ့ဘူး။ ပထမဆုံးအကြိမ် စာမေးပွဲကျတယ်ဆိုတော့ ဘဝမှာ ရှုံးပြီပေါ့နော်။ အဲဒီတော့ မြန်မာပြည်မှာ တက္ကသိုလ်မပြီးလည်း နိုင်ငံခြားမှာ တက္ကသိုလ်ပြီးအောင် လုပ်မယ်ဆိုပြီး အမေရိကားမှာ ဘတ်ချလာဘွဲ့ကို Full Scholarship (အပြည့်အဝပညာသင်ဆုထောက်ပံ့မှု) နဲ့ သွားယူခဲ့တယ်” 

အမေရိကားမှာ ပညာရေးနဲ့ဆိုင်တဲ့ ဘာသာရပ်ကို ၄ နှစ် သွားရောက်သင်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဘွဲ့ယူကာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူမဟာ အဲဒီအချိန်တည်းက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တစ်ထောင့်တစ်နေရာ ပါဝင်နိုင်ဖို့အတွက် ပြင်ဆင်နေခဲ့သူလည်း ဖြစ်ပါတယ်။

“နိုင်ငံအနေအထားအရတော့ အခုလို ပွင့်ပွင့်လင်းလင်းမရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့နိုင်ငံ ဒီအတိုင်းမနေဘူးပေါ့နော်။ ပြောင်းလဲလာမယ်။ နောက်ပြီး ကိုယ်အရမ်းလည်း ပြင်းပြင်းပြပြဆန္ဒရှိတာက ပညာရေးအပြောင်းအလဲပေါ့။ ပညာရေးအပြောင်းအလဲမှာ တစ်ထောင့်တစ်နေရာက ဝင်ပါဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းပြင်ဆင်နေခဲ့တယ်”

ဟားဗတ်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရဖို့ကိုလည်း သူမအနေနဲ့ အလွယ်တကူရရှိခဲ့တာ မဟုတ်ပါဘူး။ ဟားဗတ်ကျောင်းရဲ့ ပညာသင်စရိတ်က အင်မတန်ကြီးမြင့်ပါတယ်။ ဝင်ခွင့်အောင်မြင်ပြီးရင်တောင် မလှလှဝင်းအတွက် သူမ သင်ယူချင်တဲ့ဘာသာရပ်ရဲ့ ကျောင်းစရိတ်ဟာ တစ်နှစ်ကို ဒေါ်လာတစ်သိန်းခန့် ကုန်ကျမှာဖြစ်ပါတယ်။

ပထမအကြိမ်လျှောက်တဲ့အခါမှာတော့ ဝင်ခွင့်ရော၊ စကော်လားရှစ် (ပညာသင်ဆု) ရော မရရှိခဲ့ပါဘူး။ ဒုတိယနှစ် ထပ်မံလျှောက်တဲ့အခါမှာလည်း ဝင်ခွင့်ရရှိခဲ့ပေမယ့် ပညာသင်ဆု မရရှိခဲ့ပြန်ပါဘူး။ ဒါပေမဲ့ မလှလှဝင်းရဲ့ ဇွဲမလျှော့တဲ့ ကြိုးစားမှုကြောင့်ပဲ တတိယအကြိမ်မှာတော့ ဝင်ခွင့်ရော ပညာသင်ဆုပါ ရရှိခဲ့ပါတယ်။

ကမ္ဘာကျော်ဟားဗတ်နဲ့ မိခင်ဘဝကြားက သူမရဲ့ ရွေးချယ်မှု

“ပထမနှစ်လည်း မရဘူး။ ဒုတိယနှစ်ကျတော့ ကျောင်းရတယ်။ စကော်လားရှစ်မရဘူး။ ကျောင်းမရတာနဲ့ တူတူပဲပေါ့။ တတိယနှစ်ကျတော့ ကျွန်တော် ကျောင်းလည်းရတယ်။ စကော်လားရှစ်လည်းရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်မှာ ကလေးလည်းရှိလာတယ်”

တတိယအကြိမ် ကြိုးစားမှုကြောင့် သူမရဲ့အိပ်မက်တွေ လက်တွေ့ဖြစ်လာတော့မယ့်အချိန်မှာ တစ်ပြိုင်နက်တည်း သူမရဲ့ဘဝထဲကို သမီးတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ ရေခြားမြေခြားမှာ မွေးကင်းစကလေး တစ်ဖက်နဲ့ရုန်းကန်ပြီး ပညာသင်ကြားဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် ဟားဗတ်ကျောင်းသူဘဝနဲ့ ကလေး မိခင်ဘဝကို သူမ ရွေးချယ်ရပါတော့တယ်။

“ကိုယ်ဝန်နဲ့ဆိုတော့...၊ အစကတော့သွားမယ်၊ ရအောင်လုပ်မယ်ပေါ့။ ဟားဗတ်လည်း တက်မယ်။ သမီးလည်း မွေးမယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ မလွယ်ဘူး။ ဟားဗတ်က စာတွေကလည်း အရမ်းခက်တယ်။ ရာသီဥတုကလည်း အရမ်းပြင်းထန်တယ်။ နောက်ပြီး အမျိုးသားကလည်း မြန်မာပြည်မှာ အမျိုးသား အကြံပေး (National Consultant) ဆိုတော့ သူ့အနေနဲ့ စာချုပ်တွေရှိတော့ လိုက်လာလို့မရဘူး။ ပထမနှစ်ဆိုရင်တော့ တော်တော်ဒုက္ခရောက်မှာ။ အဲဒါနဲ့ ဟားဗတ်ကို စာလှမ်းရေးတယ်။ ဒီနှစ်တော့ မလာနိုင်ဘူး။ နောက်နှစ်မှပဲ လာပါရစေဆိုတော့ သူတို့က ရတယ်၊ ကျောင်းဝင်ခွင့်တော့ ပြန်လျှောက်စရာမလိုဘူး၊ ဝင်ခွင့်ပေးပြီးသားပေါ့၊ ဒါပေမဲ့ စကော်လားရှစ်ကတော့ မသေချာတော့ဘူး”လို့ သူမရဲ့ မိခင်ဘဝကို အကောင်းဆုံးဖြစ်အောင် ရွေးချယ်ဖြစ်ခဲ့တာကို ပြောပြပါတယ်။

မိန်းမသားတို့ရဲ့ ဖြစ်တည်မှုအရ ကိုယ်ဝန်စရှိလာတဲ့ အချိန်ကစလို့ ကိုယ့်ကိုယ်ကိုယ် မိခင်တစ်ယောက်အဖြစ် ခံစားလာရပြီး ဘဝအတွက် အခွင့်အလမ်းနဲ့ ကိုယ့်ရဲ့ရင်သွေးကို ရွေးချယ်ရတဲ့အချိန်မှာတော့ အရာရာကို စွန့်လွှတ်ကာ မိခင်တစ်ယောက်အဖြစ် ကျေကျေနပ်နပ်ခံယူဖို့သာ ဆုံးဖြတ်လိုက်ပါတော့တယ်။

“တော်တော်တော့ Risk ကြီးတယ်။ နောက်နှစ် ဟားဗတ်ကျောင်းပြန်မရရင် ဘယ်လိုလုပ်မလဲပေါ့။ ဒါပေမဲ့လည်း အမေတစ်ယောက်ရဲ့စိတ်က ကလေးကိုယ် ဝန်ရှိကတည်းက စရှိလာပြီဆိုတော့ ကလေးကို အကောင်းဆုံးပဲ မွေးချင်တယ်။ အဲဒီတော့ ကျွန်တော် မြန်မာပြည်မှာပဲ ကလေးမွေးဖို့ ဆုံးဖြတ်လိုက်တယ်”လို့ မလှလှဝင်း က မိခင်တစ်ယောက်ရဲ့ ဘဝနဲ့ခံစားချက်ကို ပြောပါတယ်။

သူမရဲ့ ရည်ရွယ်ချက်အတိုင်း ကလေးမွေးပြီး တစ်နှစ်အကြာမှာတော့ ဟားဗတ်ကို တက်ဖို့အတွက် ထပ်မံကြိုးစားပါတော့တယ်။ ကံဆိုတာ အလုပ်လို့ ပြောလို့ရသလို သူမရဲ့အလုပ်ကြောင့်ပဲ ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ဟားဗတ်တက္ကသိုလ်ကို သူမတက်ခွင့်ရခဲ့ပြန်ပါတယ်။

သူမနဲ့အတူ သူမရဲ့ ခင်ပွန်းဖြစ်သူကလည်း မိသားစုဘဝကို ဖြတ်သန်းရင်း သူမကို ထောက်ပံ့ကူညီ ချင်တာကြောင့် မြန်မာပြည်က အလုပ်တွေကို ခဏရပ်နားရင်း အမေရိကန်နိုင်ငံကို လိုက်ပါခဲ့ပါတယ်။

“အဲဒီနှစ်ကတော့ တကယ့်ကို ရူးချာလည် လိုက်နေတာပဲ။ ကျွန်တော်က စာတော်တဲ့အထဲမှာ မပါဘူး။ စာဖတ်လည်းနှေးတယ်။ ဟားဗတ်က စာတွေက ကျွန်တော့်အတွက် တော်တော်လေးခဲယဉ်းတယ်။ ကျွန်တော်အများကြီး ကြိုးစားရတယ်။ သူများတွေထက် အဆပေါင်းများစွာ ကြိုးစားခဲ့ရတယ်”လို့ ခင်ပွန်းသည်၊ သမီးငယ်လေးတို့နဲ့အတူ မိသားစုဘဝနဲ့ ကျောင်းတက်ခဲ့ရတာကို ပြောပြပါတယ်။

သူမအတွက် သူမရဲ့ခင်ပွန်းသည်ဟာ တကယ့်ကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ သူမရဲ့ အမျိုးသားဟာ အမေရိကားမှာ ဘွဲ့ရရှိထားသူတစ်ယောက်ဖြစ်တာကြောင့် သူမနဲ့အတူ ကလေးထိန်းရင်း သူမကိုလည်း စာကျက်ချိန်မှာ ကူညီလမ်းညွှန်ပေးရင်း ဖြတ်သန်းခဲ့ကြပါတယ်။

360 ံed ရဲ့ တည်ထောင်သူ

မလှလှဝင်းဟာ ဟားဗတ်ကနေ ဘွဲ့ရပြီးတဲ့အချိန်မှာတော့ သူမရဲ့အမျိုးသားနဲ့အတူ 360 ံed လို့ခေါ်တဲ့ ပညာရေးနဲ့ နည်းပညာကိုချိတ်ဆက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီတစ်ခုကို စတင် တည်ထောင်ခဲ့ပါတယ်။

“၃၆၀ ဆိုရင် လူတွေက သိတယ်။ Change တစ်ခုပေါ့။ တစ်ပတ်လည်ပြောင်းလဲမှု အသစ်ဆိုတဲ့ ဟာမျိုး...၊ Education ကတော့ Ed ပေါ့နော်။ မြန်မာပြည်အပြောင်းအလဲမှာ တစ်ထောင့်တစ်နေရာက ဝင်ပါနိုင်အောင်ဆိုတဲ့ အဓိပ္ပာယ်နဲ့ 360 ံed ဆိုတဲ့ ကုမ္ပဏီနာမည်ကို ရွေးဖြစ်ခဲ့တာပါ”လို့ ကုမ္ပဏီနာမည် ရွေးချယ်ဖြစ်ခဲ့ပုံကို မလှလှဝင်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၆ ခုနစ်မှာ ပြန်လည်ရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ 360 ံed ကို ရန်ကုန်မြို့မှာ အခြေချတည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီ စတင်တည်ထောင်စဉ်ကတော့ သူမရဲ့ အတွေးတွေနဲ့အတူ သူမတစ်ယောက်တည်းသာ စတင်လုပ်ကိုင်ခဲ့ပြီး အခုလို ၂ နှစ်ကျော်အချိန်အတွင်းမှာတော့ ဝန်ထမ်း ၉၀ အထိ ရှိလာခဲ့ပါပြီ။

ပညာရေးနဲ့ပတ်သက်လို့ အမြင့်ဆုံးဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်မှာ တက်ခွင့်ရတာဟာ မလှလှဝင်းအတွက် အိပ်မက်တစ်ခုဖြစ်သလို ခေတ်မီနည်းပညာတွေကို စိတ်ဝင်စားပြီး လေ့လာနေသူတွေအတွက်ကတော့ နာဆာ (NASA) ဆိုတာဟာလည်း စိတ်ကူးယဉ်လို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။

မလှလှဝင်းကတော့ သူမရဲ့စိတ်ကူးတွေ၊ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သူလို့ တင်စားရမှာပါ။ ပညာရေးဘွဲ့ကို ဟားဗတ်တက္ကသိုလ် ကနေရရှိခဲ့ပြီး Google ကပေးတဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ ထူးချွန်ဆုကို ရရှိကာ နာဆာ (NASA) မှာလည်း သွားရောက်လေ့လာပညာသင်ယူခွင့် ရရှိခဲ့ပြန်ပါတယ်။

“နာဆာဆိုတာ ကျွန်တော့်အတွက်က အိပ်မက်လိုပဲ။ ငယ်ငယ်လေးကတည်းက အရမ်းကိုသွားချင်ခဲ့တာ။ ဘာမှန်းတော့မသိဘူးလေ။ သွားခွင့်ရတယ်ဆိုတော့ အရမ်းပျော်သွားတာ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့က နည်းပညာပိုင်းက သိပ်မရှိခဲ့ဘူး။ တော်တော်လိုက်ရတယ်။ ဟားဗတ်မှာလိုက်ရတာထက် ဆယ်ဆလောက် ပိုပင်ပန်းတယ်။ ဟားဗတ်မှာက စာဖတ်၊ မသိရင် မေးလို့ရတယ်။ ဟိုမှာက နည်းပညာပိုင်းဆိုတော့ စာဖတ်ရုံနဲ့ မရဘူး။ ကိုယ်တိုင်က ကျားကုတ်ကျားခဲလေ့လာရတယ်”လို့ နည်းပညာနယ်ပယ်မှာ အပြင်းအထန်လေ့လာခဲ့ရတာကို ပြောပါတယ်။ နည်းပညာဆိုင်ရာကို ပညာရေးလောက် မခုံမင်ပေမယ့် နည်းပညာနဲ့ ပညာရေးကို ချိတ်ဆက်ကာ အပြောင်းအလဲအတွက် အထောက်အပံ့ဖြစ်အောင် လုပ်ဆောင်ဖို့ နည်းလမ်းကို သူမစတင်တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ AR နည်းပညာနဲ့ 3D ရုပ်လုံးကြွ ကာတွန်းတစ်ခုကို စတင်ထုတ်လုပ်ကာ နောက်ပိုင်းမှာတော့ အခြေခံကျောင်းသင်ရိုးညွှန်းတမ်း ဖတ်စာအုပ်တွေကိုပါ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြန်လည်ဆန်းသစ်ပြီး ဓာတ်သင်ပုန်းဆိုတာကို ထုတ်လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ပညာရေးနယ်ပယ်ကနေ ပါဝင်ဖြစ်ခဲ့တာကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခွန်းကြောင့်လို့ ဆိုပါတယ်။

“ကျွန်တော် ဟားဗတ်မှာ တက်နေတုန်း အမေစုနဲ့တွေ့တယ်။ ဟားဗတ်ကပေးတဲ့ဆု လာယူတာရှိတယ်လေ။ ဟားဗတ်က အမေစုကို Honorary Degree ဆုပေးတော့ အမေစုက ဆုလာယူရင်းနဲ့ပြောတယ်။ သမီး မြန်မာပြည်ပြန်လာခဲ့။ မြန်မာပြည်မှာ ပညာရေး ပြောင်းလဲမှုတွေ အများကြီးလုပ်စရာရှိတယ်ဆိုတော့ ကျွန်တော် အဲဒီစကားတစ်ခွန်းရဲ့ ခွန်အားနဲ့ပဲ မြန်မာပြည်ပြန်လာဖို့ တွန်းအားရခဲ့တယ်”လို့ မလှလှဝင်းက ပြောပါတယ်။

ဓာတ်သင်ပုန်းရဲ့ ပဲ့ကိုင်ရှင်

ဓာတ်သင်ပုန်းဆိုတာကတော့ AR (Augmented Reality) နည်းပညာပါဝင်တဲ့ 3D ရုပ်လုံးကြွ ကျောင်းဖတ်စာအုပ်တွေကို ကျောင်းသားကျောင်းသူတွေ စိတ်ဝင်တစားရှိလာအောင် အသံတွေ လှုပ်ရှားမှုတွေကို ထည့်သွင်းထားတဲ့ သင်ထောက်ကူပစ္စည်း App (Application) တစ်ခုဖြစ်ပါတယ်။

ဓာတ်သင်ပုန်းဆိုတဲ့ နာမည်ပေးဖြစ်ခဲ့ပုံကိုတော့ မလှလှဝင်းက အခုလိုပြောပါတယ်။

“သင်ပုန်းလေးကို ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ တံတွေးလေးနဲ့ ခြစ်ခြစ်ပြီးဖြတ်ခဲ့ရတာပေါ့။ အခု သမီးလေးတို့လက်ထက်မှာတော့ တံတွေးနဲ့ ဖြတ်စရာမလိုတော့ဘူး။ လက်လေးနဲ့ထိလိုက်တာနဲ့ အကုန်လုံး ပြောင်းနေတာလေ။ သူတို့ခေတ်အတွက် ဓာတ်သင်ပုန်းဆိုတာမျိုးလေးကို စဉ်းစားမိပြီး ပေးဖြစ်ခဲ့တာပေါ့။ သင်ပုန်းတော့ သင်ပုန်းပဲ၊ မြန်မာလည်းဆန်ချင်တယ်။ ဆန်းလည်းဆန်းချင်တယ်ဆိုတော့ ပေးဖြစ်သွားတာပေါ့”

မြန်မာနိုင်ငံက ကလေးတွေအတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ ကျောင်းသင်ရိုးညွှန်းတမ်းတွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆန်းသစ်ကာ သင်ထောက်ကူပစ္စည်းတစ်ခုအနေနဲ့ ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။

အခုလို ဓာတ်သင်ပုန်းကို အသုံးပြုကာ ကျောင်းဖတ်စာအုပ်အဖြစ် ပညာသင်ကြားတဲ့စနစ်ဟာ အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပထမဆုံးဖြစ်လာခဲ့ပါတယ်။

ဓာတ်သင်ပုန်း ထုတ်လုပ်သူတစ်ယောက်အနေနဲ့ တွေ့ကြုံရတဲ့စိန်ခေါ်မှုကတော့ “ဖုန်းဆော့တယ် ဆိုတာကနေ ဖုန်းနဲ့စာသင်တယ်ဆိုတာအထိရောက်အောင် ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုလေးတွေပေါ့”လို့ မလှလှဝင်းက ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာပညာပေးမှုနဲ့ပတ်သက်တဲ့ “ဘေးကင်း” App ကို ထုတ်လုပ်ခဲ့သူ

မြန်မာပြည်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာကြောင့် မြန်မာပြည်က မိန်းကလေးငယ်တွေ သိသင့်သိထိုက်တဲ့ လိင်ပိုင်းဆိုင်ရာ ပညာပေးမှု အက်ပလီကေးရှင်းတစ်ခုကိုလည်း ထုတ်ဝေခဲ့ပါတယ်။

“အခုဆိုရင် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်အရ “ဘေးကင်း” ဆိုတဲ့ လိင်ပညာပေးမှုနဲ့ဆိုင်တဲ့ App တစ်ခုလည်း ထုတ်လုပ်နိုင်ခဲ့တယ်။ မြန်မာပြည်က ပြည်သူ လူထုအတွက်ပဲ အဓိကထုတ်တာ။ ကိုယ်လည်း အမေတစ်ယောက်ဆိုတော့ လုပ်သင့်လုပ်ထိုက်တယ်ဆိုပြီး လုပ်ဖြစ်သွားတာ”လို့ မလှလှဝင်းက ပြောပါတယ်။

နည်းပညာနဲ့ ပညာရေးကို ချိတ်ဆက်ကာ ပညာရေးအပြောင်းအလဲအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်နိုင်ခဲ့သလို မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေအတွက် နည်းပညာနဲ့ အသိပညာပေးမယ့် ဘေးကင်း App ကို ထုတ်လုပ်ကာ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ သူမတာဝန်ကျေခဲ့ပြန်ပါပြီ။

သူမရဲ့ အနာဂတ်

သူမငယ်စဉ်က ဖြစ်ချင်တာက မြန်မာနိုင်ငံက ယဉ်ကျေးမှုအလှတရားတွေကို တခြားနိုင်ငံကလူတွေ တွေ့မြင်လာအောင် လှည့်လည်ပြသတဲ့ ဧည့်လမ်းညွှန် (Tour Guide) တစ်ယောက်ပါ။

အခုချိန်မှာ သူမတွေးထားသလို မဖြစ်ပေယ့်လည်း သူမရဲ့ဖန်တီးမှုတွေကို မြန်မာပြည်မှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးကို လှည့်လည်ကာ ပြသနိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်အဖြစ် ဂုဏ်ယူစွာနဲ့ ရပ်တည်နိုင်ခဲ့ပါပြီ။

အခု ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာလည်း World  Economic Forum (ကမ္ဘာ့စီးပွားရေးဖိုရမ်) ကပေးတဲ့ Social Entrepreneur of the year award ဆုကို လက်ခံရရှိမှာဖြစ်သလို ဟားဗတ်တက္ကသိုလ်မှာလည်း ပြန်လည်တက်ရောက်ခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။

“ကျွန်တော်က ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးတတ်ဘူး။ စိန်ခေါ်မှုတွေကတော့ အခုချိန်ထိရှိနေတုန်းပဲ။ အိပ်မရတဲ့ညတွေလည်း အများကြီးပဲ။ ဆေးသောက်ပြီးမှ အိပ်လိုက်ရတဲ့ညတွေလည်း အများကြီး။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေကပဲ ကျွန်တော့်ကို ကိုယ်ရည်ကိုယ်သွေး ပိုတက်လာစေတယ်။ အခက်အခဲတစ်ခုကို ကျော်လွှားပြီးတိုင်းလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာတယ်”လို့ မလှလှဝင်းက ပြောပါတယ်။

မလှလှဝင်းကတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို လှေကားထစ်တွေအဖြစ် တက်လှမ်းရင်း မြန်မာပြည်ရဲ့ ပညာရေးကဏ္ဍအပြောင်းအလဲမှာ အောင်မြင်တဲ့ကြယ်တစ်ပွင့်အဖြစ် ဆက်လက်လင်းလက်နေဦးမှာပဲဖြစ်ပါတယ်။
 
ခင်စုကြည်/Honest Information




  • VIA