News

POST TYPE

ARTICLE

အခြေခံပညာရေး အခြေခံဖို့တော့လိုမယ်
10-Oct-2019


“ဘယ်အလွှာကပဲလာလာ ပညာရှာချင်တဲ့သူတွေ ပညာရှာလို့ရနိုင်တဲ့ ပညာရေးစနစ်ကို ကျွန်မတို့ ထူထောင်နိုင်ဖို့ လိုအပ်ပါတယ်” ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား” အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

မှန်ပါသည်။ ပညာရှာချင်သော မည်သူမဆို မိမိတို့လိုအပ်သော ပညာရပ်ကို လေ့လာဆည်းပူးနိုင်တဲ့ ပညာရေးစနစ်တစ်ခု မဖြစ်မနေ လိုအပ်နေပါသည်။ အကြောင်းမှာ ပညာရေးစနစ်သည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသော အခန်းကဏ္ဍက ပါဝင်နေသောကြောင့် ဖြစ်သည်။ ထိုသို့ အရေးပါသော အခန်းကဏ္ဍတွင် ရပ်တည်နေသော ပညာရေးသည်လည်း ကောင်းမွန်သော ပညာရေးစနစ်ဖြစ်ရန် လိုအပ်ပေသည်။

ပညာရေးစနစ်ဟုဆိုလျှင် ထိုစနစ်၌ အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးဟူ၍ နှစ်မျိုးနှစ်စား တွေ့ရသည်။ ဤတွင် အခြေခံပညာရေးသည် ပညာရေး စနစ်တစ်ခုလုံးအတွက် အခြေခံကျသည့် အုတ်မြစ်လည်း ဖြစ်ပေသည်။

အခြေခံပညာရေးတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဟူ၍ ကဏ္ဍသုံးခု ပါဝင်လေသည်။ မူလတန်းပညာရေးမှာ သူငယ်တန်းမှစ၍ စတုတ္ထတန်း အထိ (စနစ်ဟောင်း) လည်းကောင်း၊ အလယ်တန်း ပညာရေးမှာ ဆဋ္ဌမတန်းမှ အဋ္ဌမတန်းအထိလည်းကောင်း၊ အထက်တန်းပညာရေးမှာ နဝမတန်းမှ ဒသမတန်းအထိလည်းကောင်း အသီးသီး ခွဲခြားထားသည်။ ထိုသို့ ခွဲခြားထားသကဲ့သို့ ပညာရေးစနစ်တစ်ခုကို ဝိုင်းဝန်းဖော်ဆောင်နေသော ဆရာ၊ ဆရာမများတွင်လည်း မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြ ဟူ၍ ရာထူးအဆင့်ဆင့် ကွဲပြားလျက်ရှိသည်။ ရာထူးအဆင့် ကွဲပြားသည်နှင့်အမျှ အခွင့်အရေး၊ လုပ်ပိုင်ခွင့်များသည်လည်း အဆင့်ဆင့် ကွဲပြားလျက်ရှိသည်။ သို့သော် ထိုအဆင့်ဆင့် ကွဲပြားမှုတွင် တူညီသော အချက်တစ်ချက် ရှိလေသည်။ ထိုအချက်ကား ပညာရေးဝန်ထမ်းများ၏ ရပိုင်ခွင့်နှင့် ပတ်သက်သော အကြောင်းအချက်ပင်ဖြစ်သည်။ ဤတွင် ပညာရေးဝန်ထမ်းများ၏ ရပိုင်ခွင့်ကား မည်သည့်အရာများလဲဟု မေးလာခဲ့လျှင် “ဝန်ထမ်းတို့၏ အကျိုးခံစားခွင့်ကို တန်းတူညီမျှစွာ ပေးနိုင်ရေး”ဟူသောအချက်ပင် ဖြစ်သည်။

အကြောင်းမှာ အခြေခံပညာရေးစနစ်တွင် ဆရာ၊ ဆရာမများ၏ ဝန်ထမ်းဆိုင်ရာ အကျိုးခံစားခွင့်နှင့်ပတ်သက်၍ တန်းတူညီမျှမှု မရှိသောကြောင့်ဖြစ်သည်။ ဥပမာ-အခြေခံပညာရေးက ဆရာ၊ ဆရာမများ၏ ရာထူးတိုး၊ အပြောင်း/အရွှေ့ကိစ္စများကဲ့သို့ အခြား အခြားသောကိစ္စရပ်များတွင်လည်း တွေ့ရပါသည်။

တစ်လောတုန်းက အခြေခံပညာရေးက ဆရာ၊ ဆရာမများ၏ ရာထူးတိုး၊ အပြောင်း/အရွှေ့ကိစ္စများ နှင့်ပတ်သက်၍လည်း မကျေနပ်ချက်များကို အနည်းငယ်ဆူသွားသည်။ (ပညာရေးနယ်ထဲတွင်သာ ဖြစ်သည်။) ထိုကိစ္စသည် အခြေခံပညာရေးတွင် နှစ်တိုင်းလိုလို ကြုံတွေ့ရသောပြဿနာလည်း ဖြစ်ပေသည်။ သို့သော်လည်း ထိုပြဿနာအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်ပတ်သက်၍ မည်သည့်သတင်း၊ မည်သည့်ထုတ် ပြန်ချက်မျှ မကြားရပေ။ ဤသည်မှာလည်း အခြေခံပညာရေးတွင် တာဝန်ထမ်းဆောင်နေကြသော အခြေခံ ဆရာ(ဆရာ/ဆရာမ)များနှင့် သက်ဆိုင်ပေသည်။အများအားဖြင့် အခြေခံဆရာများသည် မိမိတို့ ကြုံတွေ့ရသောကိစ္စရပ်များကို ဟုတ်တိုင်းမှန်စွာ မတင်ပြနိုင်သောကြောင့်ဖြစ်သည်။ မတင်ပြနိုင်ခြင်းဆိုသည်ထက် တာဝန်ယူဆောင်ရွက်ပေးမှု အားနည်းသည်ကို မြင်တွေ့ရသည်။ ထို့အပြင် ထိုသို့တင်ပြသူသည် ထိုနယ်မြေတွင် ပွကြီးအဖြစ် အထက်က လူတို့၏ အမြင် မကြည်ခြင်းကို ခံရတတ်လေသည်။ ထိုသို့ခံရလေလေ ထိုဆရာ၏ အခွင့်အရေးသည်လည်း လျစ်လျူရှုခြင်း ခံရလေသည်။ ဤတွင် ကပ်ဖားရပ်ဖားလုပ်တတ်သော သူများသည် “တပည့်မွေး၊ ဆရာမွေး”ဆိုသည့်ထုံးကို နှလုံးမူလျက် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီသဘော ပြုလုပ်လာကြသည်။ ထိုအခါ သူ့လူ၊ ငါ့လူဟူ၍ သူ့ ဘက်ခြမ်း ငါ့ဘက်ခြမ်းဟူ၍ ဂိုဏ်းဂဏကွဲလာပြန်သည်။ ထိုအခြင်း အရာကို ဆရာမွေး၊ တပည့်မွေးသည်ဟု ပြော၍ရသည်။

ဆရာမွေး၊ တပည့်မွေးခြင်း ဆိုသည်မှာ ဆရာနှင့်တပည့် ဆက်ဆံရေးကဲ့သို့မဟုတ်ဘဲ အကျိုးကို မျှော်ကိုး၍ ဆက်ဆံနေကြသော လူမှုဆက်ဆံရေးတစ် ရပ်ဖြစ်သည်။ ဤတွင် ဆရာမွေးသော တပည့်သည် ထိုဆရာ၏ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို မပြုလုပ်၊ မဆောင်ရွက်ပေးလျှင်တောင်မှ ကိစ္စအဝဝကို လိုက်လံ ဆောင်ရွက်ပေးတတ်သည်။ ထိုသို့ဆောင်ရွက်သည်မှာ တပည့်က ဆရာကို လေးစားချစ်ခင်မှုဖြင့် အားတက်သရော ပြုလုပ်ပေးခြင်းမဟုတ်ဘဲ အကျိုးကိုမျှော်ကိုး ၍ ပြုလုပ်ပေးသော အကျိုးလိုစိတ်သာ ဖြစ်လေသည်။ ဤတွင် စေတနာတည်းဟူသောအရာ စိုးစဉ်းမျှမပါ။ ထို့အတူ တပည့်မွေးသော ဆရာသည်လည်း ထိုတပည့်ကို မိမိ၏ မကောင်းသော အမူအကျင့်များ သွတ်သွင်းပေးနေသည့် ဒေဝဒတ်မျှသာ ဖြစ်လေသည်။ အကြောင်းမူကား ထိုဆရာသည် သူမရှိတော့လျှင် သူရရှိထားသောနေရာတွင် သူ့လို အကျင့်စရိုက်တူပြီး သူ့စကားနား ထောင်သော သူ(တပည့်)ကိုသာ ထားလိုပေသည်။ထို့ကြောင့် ထိုဆရာ (တပည့်မွေးသူ) သည် သူရှိစဉ်ကာလ သူ့ကိုမွေးသော၊ သူကမွေး၍ရသော တပည့်ကိုသာ အလိုရှိကြသည်။ ဤသို့ ပြုမူလာသည်နှင့်အမျှ တပည့်မွေးသူ၊ ဆရာမွေးသူတို့သည် လူ့အဖွဲ့အစည်းက မလိုလား၊ မနှစ်သက်သော အဂတိလိုက်စားခြင်းကို ဆောင်ရွက်လာတော့သည်။

အဂတိဟူသည် ဘက်လိုက်ခြင်းဖြစ်သည်။ အဂတိ (၄) မျိုးရှိလေသည်။

(၁) ဆန္ဒာဂတိ - ချစ်ခင်သဖြင့် မလိုက်သင့် သည့်ဘက်သို့လိုက်၍ မပြုသင့်သည်ကို ပြုခြင်း။

(၂) ဒေါသာဂတိ - စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက်သို့လိုက်၍ မပြုသင့်သည်ကို ပြုခြင်း။

(၃) မောဟာဂတိ - ဆင်ခြင်ဉာဏ်မရှိဘဲ မိုက်မဲတွေဝေသဖြင့် (အမှန်ကို မသိသဖြင့်) မလိုက်သင့်သည့် ဘက်သို့လိုက်၍ မပြုသင့်သည်ကို ပြုခြင်း။

(၄) ဘယာဂတိ - ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်သို့လိုက်၍ မပြုသင့်သည်ကို ပြုခြင်းတို့ဖြစ် လေသည်။

ဤသည်ကို ကြည့်ခြင်းဖြင့် လူမှုဝန်းကျင် (အခြေခံ) တွင် တွေ့နေရသော ဆရာမွေးခြင်း၊ တပည့်မွေးခြင်းတို့သည်လည်း အဂတိလိုက်စားသူများ ဖြစ်သည်ဟု ပြော၍ရနိုင်သည်။ အကြောင်းမူကာ အောက်ခြေမြေပြင်တွင် ကြုံတွေ့နေရသော ကိစ္စများသည် ဆရာနှင့်တပည့် (ဆရာမွေးသူနှင့် တပည့်မွေးသူ) ပနံရနေသူ များသာ ကောင်းစားနေသောကြောင့် ဖြစ်သည်။ ဤတွင် တပည့်မွေးသူများအနေနှင့် မိမိတို့၏ အပြစ်အနာအဆာများကို ဖုံးကွယ်ချင်၊ မသိစေချင်သောအခါ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လုပ်ပိုင်ခွင့်ကို အသုံးချအလွဲသုံးစား လုပ်လာကြသည်။ ထိုဖြစ်ရပ်များကို အောက်ခြေမြေပြင်၌ အများဆုံး တွေ့ရလေသည်။ဤသည်ကို သိနားလည်သောသူများက သိနားလည်သလို ထောက်ပြသောအခါ ထိုသူသည် အထက်လူကြီး၏ အငြိုးထားခြင်း၊ အမြင်မကြည်ခြင်းတို့ကို ခံရလေသည်။

ထိုအခါ အခြေခံ (မြေပြင်အနေအထား) က တင်ပြသောအကြောင်းတို့သည် အောက်ခြေမှကျော်လွန်၍ အထက်သို့ မတက်နိုင်တော့ပေ။ မြေပြင်အနေ အထားသည် အထက်သို့ မရောက်နိုင်သောကြောင့် မြေပြင်အနေအထားကို စောင့်ကြည့်နေသော လူကြီးများသည် “ဪသာ်...မြေပြင်မှာ အဆင်ပြေကြတာပဲ၊ မြေပြင်မှာ ဘာမှအခက်အခဲမရှိဘူး”ဟူ၍ အထင်ရှိ လာကြသည်။ ထိုအခါ မြေပြင်ရှိ အောက်ခြေဝန်ထမ်း တို့သည် အောက်ဖိ၊ အထက်ဖားတို့၏ ခြယ်လှယ်ချင်သလို ခြယ်လှယ်နေကြသောအဖြစ်ကို လူးလိမ့်နေအောင်ခံလာရသည်။ ထိုအခါ သည်းမခံနိုင်သူများက အထက်ကို တိုက်ရိုက် တင်ပြလာသောအခါ “အဆင့်ကျော်ပြီး မပြုလုပ်ရ”ဟူ၍ သဘောထားမှတ်ချက်များ ထွက်ပေါ်လာသည်။

မှန်ပါသည်။ မည်သည့်ကိစ္စမဆို “အထက်လူကြီးကို ကျော်လွန်၍ မပြုလုပ်ရပါ”ဟူသော အချက်ကို သိနားလည်သော်လည်း အထက်လူကြီး၏ အရေးတယူ ပြောဆို ညွှန်ကြားမှု မရှိသောအခါ မည်သို့ဆောင်ရွက်ရမည်နည်း။

တစ်ခါတုန်းက မိခင်တစ်ယောက်သည် လူတစ်ယောက်ကို သတ်ဖူးလေသည်။ ထိုသို့သတ်ရခြင်းမှာလည်း အကြောင်းရှိလေသည်။ ထိုအကြောင်းကား လူသတ်မိခင်သည် သူ့သမီးကို ဖျက်ဆီးသွားသူများအား အရေးယူပေးပါရန် တင်ပြမှု၊ အကြိမ်ကြိမ်တိုင်ကြားမှု ပြုလုပ်ပါသော်လည်း လုပ်ပိုင်ခွင့်ရှိသော သူတို့သည် တစ်စုံတစ်ရာသော အရေးယူမှုမျှမရှိသောကြောင့် ကိုယ့်တရား၊ ကိုယ်စီရင်ခြင်း ဖြစ်လေသည်။ ထိုသို့တရားစီရင်သောအခါမှ လူသတ်မိခင်သည် ဖမ်းဆီးထိန်းသိမ်းခြင်းကို ချက်ချင်းခံရပြီး အမှုရင်ဆိုင် ဖြေရှင်းရပါသည်။ ဤတွင် တရားဥပဒေကို ကျွမ်းကျင်သောသူများက ထိုမိခင်ကို လူသတ်မှုမှ ကင်းလွတ်စေခဲ့သည်။ သို့သော် ကျွန်တော်တို့နေထိုင်နေသော လူမှုဝန်းကျင်တွင်တော့ အောက်ခြေမြေပြင် အနေအထားသည် ထိုသို့မဟုတ်ဘဲ သူတို့နှင့် ပနံရနေသူများသာ နေရာရလာခဲ့လေသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် အထက်လူကြီးများသည် အောက်ခြေမြေပြင်၏ အနေအထားကို သေချာ မသုံးသပ်ဘဲ မျက်နှာလွှဲခဲပစ်နေနေသည်ဟု ကောက်ချက်ချရပေလိမ့်မည်။

_ _ _ _ _ _

တစ်ခါတုန်းက လူတစ်ယောက်သည် ကျွန်တော့်ကို “ဆရာ နှစ်တွေ ဒီလောက်ကြာတာတောင် ဘာဖြစ်လို့ ဒီကမပြောင်းသေးတာလဲ”ဟု မေးတော့ ကျွန်တော် ကလည်း “မပြောင်းပေးသေးလို့ပါ”ဟု ရိုးရိုးလေး ပြန်ဖြေမိပါသည်။ မှန်ပါသည်။ ကျွန်တော်သည် အလုပ်စဝင်ကတည်းက တာဝန်ကျသောနေရာတွင် နှစ်တွေ အတော်ကြာခဲ့ပြီ။ သို့သော် ကျွန်တော်သည် ထိုနေရာမှ မည်သည့်နေရာသို့ မရွှေ့ပြောင်းရသေးပေ။ အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်ကမှ အပြောင်းအရွှေ့ မတင်တာ ကိုး။ သို့သော် ကျွန်တော်သည် အခြေခံပညာရေးဌာန က သတ်မှတ်ထားသော သတ်မှတ်ချက်နှင့်ညီ၍ ရာထူးတိုးကို လျှောက်ခဲ့ပါသည်။ ရာထူးတိုးလျှောက်၍ရ သောနှစ်မှစ၍ တစ်နှစ်မကျန် နှစ်တိုင်းနှစ်တိုင်း လျှောက်ပါသည်။ သို့သော် ကျွန်တော် မပါခဲ့ပေ။

ဤတွင် ကျွန်တော် ရာထူးတိုးလျှောက်ပုံကို အနည်းငယ် ပြောလိုပါသည်။ ကျွန်တော်တို့ ပညာရေး နယ်ပယ်တွင် ရာထူးတိုးလျှောက်သည်ဖြစ်စေ၊ အပြောင်းအရွှေ့လျှောက်သည်ဖြစ်စေ ဖောင်ဖြည့်ရသည်။ ထိုဖောင်တွင် မိမိသွားလိုသော နေရာဒေသကို ဦးစားပေး သုံးနေရာဖော်ပြရပြီး ကျန်နေရာဒေသများကို “သွား လိုသလား၊ မသွားလိုသလား”ဆိုသည့် ဆန္ဒပြုရပါသည်။ ဤတွင် ကျွန်တော်ရာထူးတိုးလျှောက်လွှာတင်တိုင်း သွားလိုကြောင်းသာ ဆန္ဒပြုပါသည်။ သို့သော်လည်း ကျွန်တော်သည် ရာထူးတိုးတွင် ပါမလာခဲ့ပေ။ကျွန်တော်မပါလာ၍ ဝမ်းမနည်းပေ။ သို့သော် ဦးစား ပေးနေရာမှလွဲ၍ မည်သည့်နေရာမှ မသွားလိုသောသူသည် ရာထူးတိုးပါလာသောအခါ ကျွန်တော့်စိတ်ခံစားချက် မည်သို့ရှိမည်ကို စာဖတ်သူတို့ ခံစားရပေမည်။ ဤသည်မှာ ကျွန်တော်တို့ အောက်ခြေမြေပြင်၌ ဆရာ အများစု ကြုံတွေ့နေရသော အခက်အခဲ ဖြစ်လေသည်။

ထိုအခက်အခဲများကြောင့် ကျောင်းဆရာအလုပ်မှ ထွက်သွားသူများ ရှိသလို၊ ဆရာအလုပ်ကို စိတ်ပျက်လာသူများလည်း ရှိလာကြပေသည်။ ဤတွင် ဆရာဟူသောအကြောင်းကို အနည်းငယ်တင်ပြလိုပေသည်။

ဆရာဟူသော ဝေါဟာရကို မြန်မာအဘိဓာန်တွင် “ပညာသင်ကြား ပို့ချပေးသူ၊ သွန်သင်ဆုံးမနည်း လမ်းပြသူ၊ အတတ်လုပ်ငန်း တစ်ရပ်ရပ်တွင် ကျွမ်းကျင်သူပုဂ္ဂိုလ်”ဟူ၍ ဖွင့်ဆိုထားပါသည်။ ထိုသို့သော ပုဂ္ဂိုလ် တို့သည် ဆရာ့အတတ်ပညာကို သင်ယူစဉ်ကာလကတည်းက ဆရာတို့ထားရှိအပ်သော ခံယူချက် (၅) ရပ်ကို အလေးထား တန်ဖိုးထားကြသည်။

ဆရာ၏ ခံယူချက်မှာ -

(၁) အခြေခံပညာကို သင်ကြားပေးခြင်း၏ ရည်ရွယ်ချက်သည် ပြည်သူပြည်သားကောင်း၊ နိုင်ငံသားကောင်း၊ လူတော်လူကောင်း ဖြစ်လာစေရေးအတွက် ဖြစ်သည်။ ထိုသို့ဖြစ်လာစေရေးအတွက် ပညာရှင်တစ်ဦး အနေနှင့် အစွမ်းကုန်ဆောင်ရွက်ရမည်ဟုခံယူခြင်း။

(၂) နိုင်ငံသူနိုင်ငံသားတိုင်း ပညာသင်ကြားခွင့်အရ သင်ကြားပေးနိုင်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးရမည်ဟု ခံယူခြင်း။

(၃) ပညာရည်မြင့်မားသည့် ဆရာ၊ ဆရာမများ စသည့် ပညာရေးဝန်ထမ်းများ၏

(က) စာပေ Academic အဆင့်အတန်း၊

(ခ) ဆရာအတတ်ပညာ Professional အဆင့်အတန်း၊

(ဂ) အကျင့်သိက္ခာ Attitudinal တို့အပေါ် တွင် တည်မှီအခြေခံလျက်ရှိရကား ဆရာ၊ ဆရာမများ စသည့် ပညာရေးဝန်ထမ်းတို့၏ ပညာအဆင့်အတန်း ကိုသာမက အကျင့်သိက္ခာအဆင့်အတန်း မြင့်မားရေးကိုလည်း (ကျွဲကူးရေပါ) တစ်ပါတည်း ဂရုပြုဆောင် ရွက်သွားရမည်ဟု ခံယူခြင်း။

(၄) ဆရာ့အလုပ်ကို ကောင်းမြတ်သော အသက်မွေးဝမ်းကျောင်းတစ်ရပ် Noble Profession အဖြစ် ရွေးချယ်ထားသူတစ်ဦးအနေနှင့် ဆရာကျင့်စဉ် (Code of Conduct) ဆရာကျင့်ဝတ်သိက္ခာ (Profession Ethics) ကို လက်ခံလိုက်နာ ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ခံယူခြင်း။

(၅) ဆရာသည် တပည့်အပေါင်းတို့၏ ရှေ့ဆောင် စံပြပုဂ္ဂိုလ်ဖြစ်သည့်အလျောက် ဆရာတစ်ယောက်အနေနှင့် ပြုမူပြောဆိုနေထိုင်ရာ၌ အနန္တဂိုဏ်းဝင် ပညာရှင်ဟူသောပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ကျင့်ဆောင်ရမည်ဟူ၍ ခံယူခြင်းတို့ ဖြစ်သည်။

ထိုသို့သော ခံယူချက်တို့ ဆရာအလုပ်ကို တန်ဖိုးထားလုပ်ကိုင်ကြသော ဆရာ၊ ဆရာမတို့သည် အထက်ဖား၊ အောက်ဖိသူတို့၏ အမျိုးမျိုးသော ပညာပြမှုများတွင် မရှုမလှခံရပြီး အလုပ်ထွက်ရသည်အထိ ရင်ဆိုင်ကြရသည်။ ထိုအခါ ဆရာလိုအပ်မှုရှိသော နေရာဒေသများတွင် ဆရာအင်အား မပြည့်မစုံဖြင့် ပညာရေးလှေကြီး လက်ထိုး လှော်နေရသည်။ ထိုသို့ ပြည့်စုံမှုမရှိသော အခြေအနေနှင့် အကောင်အထည်ဖော်နေသော ပညာရေးစနစ်သည်လည်း မည်သို့သောအခါမှ ပြည့်စုံလာမည်မဟုတ်ပေ။

ထိုအခါ ပညာရေးစနစ်၏ သားကောင်များဖြစ်သော အနာဂတ်ခေါင်းဆောင်လောင်းလေးများသည် အစမ်းသပ်ခံနေကြရသည်။ ဤတွင် ဆရာတို့သည် ရှေ့ဆုံးက ဖြစ်သည်။

ပညာရေးမြှင့်တင်မှုလုပ်ငန်းတွင် ဆရာသည် အရေးပါအရာရောက်သည့် သော့ချက်ပုဂ္ဂိုလ်အဖြစ် ပါဝင်နေသည်။ မြန်မာနိုင်ငံ၏ ပညာရေးကို မြှင့်တင်နိုင်ရေးအတွက် ဆရာသည် နိုင်ငံတကာပညာရေး အမြင်ရှိပြီး ကောင်းစွာနားလည်သဘောပေါက်ထားရမည်။ သို့မှသာ ဆရာသည် မိမိအသက်မွေးဝမ်းကျောင်းဖြစ်သော ဆရာအတတ်ပညာကို လေးစားတန်ဖိုးထားလာမည်ဖြစ်သည်။ ဤသည်ကို နားလည်မှုလွဲသော အချို့သောသူတို့က တလွဲဆံပင်ကောင်း၍ “ဘယ်သူသေသေ ငတေမာရင်ပြီးရော”ဟူ၍ နေတတ်ကြသည်။ ထိုအခါတွင် ဆရာမွေးခြင်း၊ တပည့်မွေးခြင်းသည် အခြေခံမှစ၍ အခြေခံအထက်ထိ လှိုက်ဝင်ကျက်စား လျက်ရှိလေသည်။ ထိုအခါမျိုးတွင် “သူများမိုးခါးရေသောက်လည်း ငါတို့ကတော့ မသောက်ဘူး၊ အဆိပ်ပင် ရေလောင်းမယ်အဖြစ် ငါတို့ကတော့ ပေါင်းမသင်ဘူး”ဟူ၍ ဂတိတရား လက်ကိုင်ထားသူတို့သည် ကြိုးစားမှု၏ရလဒ်ဖြစ်သော အသီးအပွင့်ကို ခံစားခွင့်မရပေ။ ဤတွင် သူငယ်ချင်းဖြစ်သူ၏ စကားကို သတိရမိပါသည်။

သူငယ်ချင်းဖြစ်သူသည် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဝင်ရောက်လုပ်ကိုင်နေသော ဆရာတစ်ယောက်ဖြစ်သည်။ သူနှင့်ဆုံ၍ စကားပြောမိသောအခါ သူ၏ခံယူချက်အချို့ကို ကြားသိလိုက်ရသည်။

“ငါ...ဘယ်တော့မှ အစိုးရဝန်ထမ်း မလုပ်ဘူး။ ဘာလို့လဲဆိုတော့ အစိုးရဝန်ထမ်းဆိုတာ ကိုယ်စိုက်ပျိုးသလောက် အသီးအပွင့်ကိုမှ မခံစားရတာ။ အဲ့ဒီတော့ ကိုယ်စိုက်သလောက် အသီးအပွင့်ခံစားရမယ့် ကိုယ်ပိုင်အလုပ်ပဲလုပ်မယ်”ဟူ၍ စီးပွားရေးတွက် ပြောသွားသည်။ မှန်ပါသည်။ သူငယ်ချင်းပြောသလို ကိုယ်စိုက် သလောက် အသီးအပွင့်မှ မခံစားရတာ၊ တို့တစ်တွေ ဘာလို့ အပင်ပန်းခံနေမှာလဲဟု အတွေးဝင်မိပါသည်။ သို့သော်လည်း ကျွန်တော်တို့သည် တွယ်ငြိမိသော သံယောဇဉ်များအတွက် သံသယစိတ်များဖျောက်ကာ ရှေ့သို့ချီတက်လျက် ရှိပေသည်။ သို့ရာတွင် အကျိုးဆက်ကား အဖိနှိပ်ခံ၊ အစော်ကားခံနေရမြဲပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် သန့်ရှင်းသော လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်သောအခါ အခြေခံကျသော ပညာရေးစနစ်၌ ထိုသို့သော ဖိနှိပ်မှုများ၊ အတုအယောင်စားဖားများ (တစ်နည်းအားဖြင့်) အခြေခံကို အခြေမခံသူများအား သတိထားစောင့်ကြည့်ရင်း အခြေခံပညာရေး အခြေခံကို အခြေခံနိုင်ဖို့ ဝေဖန်ထောက်ပြ ဖေးမရပေတော့မည်။ သို့မဟုတ်ပါမူ အခြေခံပညာရေးသည် အခြေမသန်ဘဲ အရင်းပါ ပြုတ်ပေလိမ့်မည် တွေးဆရင်း။

အစဉ်လေးစားလျက်...။

မောင်စည်သူ (အဖျောက်)