News

POST TYPE

ARTICLE

အထက်တန်းပြ ဆရာ၊ ဆရာမတွေ ကျူရှင်တက်နေရသတဲ့လား
10-Oct-2019


DVB စကားဝိုင်းတစ်ခုမှာ Dr. စိုးဝင်းဦး ဆွေးနွေးလိုက်တဲ့ အကြောင်းအရာ။ အထက်တန်းပြ ဆရာတွေ မိမိသင်ရမယ့် ဘာသာရပ်မှာ မပိုင်နိုင် မကျွမ်းကျင်လို့ ကျူရှင်ပြန်တက်နေရကြောင်း၊ ပြန်သင်ပေးနေရကြောင်း။ ထုံးစံအတိုင်းပါပဲ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာလို့ ထောက်ခံခြင်း ကန့်ကွက်ခြင်းဆိုတဲ့ Comment တွေ ပလူပျံနေတာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်း၊ ပြစ်တင်ခြင်းတွေ မလုပ်ချင်ပါဘူး။ လုပ်လို့လည်း ထူးခြားလာစရာ အကြောင်းမရှိပါဘူး။ အဓိက အဖြေရှာရမှာက ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က မိမိတို့ သင်နေရတဲ့ ဘာသာရပ်တွေမှာ ဘာကြောင့် မပိုင်နိုင်မကျွမ်းကျင်ဖြစ်နေရသလဲဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ တချို့ ဆရာ၊ ဆရာမတွေ ဆိုရင် အထူးထုတ်တွေ ဘာသာရပ်ဆိုင်ရာ သင်ရိုးကုန် စာအုပ်တွေကြည့်ပြီး သင်နေရတယ်လို့တောင် ဆိုသူက ဆိုကြသေးတာပဲ။

တကယ်တော့ အထက်တန်းပြဆရာ၊ ဆရာမတွေဟာ B.Ed ဆင်းတွေများပါတယ်။ B.Ed မှာ သင်တာက ဆရာ၊ ဆရာမတွေအနေနဲ့ အထူးပြု ဘာသာရပ်တွေ သင်ရပါတယ်။ ဒါ့အပြင် ပညာရေးသဘောတရား၊ ပညာရေး စီမံခန့်ခွဲမှု၊ ပညာရေးစိတ် ပညာနှင့် စာရင်းအင်းပညာတွေ သင်ကြားရပါတယ်။ ဆိုလိုတာက ဘာသာရပ်အကြောင်းအရာ (Subject Matter) သက်သက်မဟုတ်ပါဘူး။ ဒါဆိုရင် အဓိကဖြစ်နိုင်တဲ့အကြောင်းအရာကို တွေးဆကြည့်ရရင်။

B.Ed မှာ ဆရာ၊ ဆရာမတွေ အထူးပြုသင်ကြား လိုက်တဲ့ ဘာသာရပ်တွေက မထိရောက်ခဲ့တာပဲလား၊ သင်နည်းစနစ်မှာ အားနည်းချက်ရှိတာလား၊ သင်ရိုးညွှန်းတမ်းရဲ့ အားနည်းချက်တွေလား ဒါကိုပြန်ပြီး သုံးသပ်ဖို့လိုတယ်။ ဒါ့အပြင် မိမိတို့ အထူးပြုယူထားတဲ့ ဘာသာရပ်တွေကို ပညာရေးလေ့ကျင့်ရေးကျောင်းတွေမှာ မှန်မှန်ကန်ကန် စမ်းသပ်လေ့ကျင့်နိုင်ခဲ့ကြရဲ့လား။ အောင်မြင်တဲ့ သင်ကြားနည်းစနစ် ဘာသာရပ်အပေါ် ပိုင်နိုင်ကျွမ်းကျင်မှုကို ဘယ်လိုစံနှုန်းတွေနဲ့ အကဲဖြတ်ခဲ့ကြပါသလဲ။

နောက်တစ်ချက်က B.Ed သင်တန်းဆင်းပြီး လို့ အထက်တန်းပြခန့်တဲ့နေရာမှာ B.Ed သင်တန်းမှာ မိမိယူခဲ့တဲ့ ဘာသာတွဲနဲ့အညီ သက်ဆိုင်ရာ ကျောင်းတွေမှာ သင်ခွင့်ရရဲ့လား။ ပညာရေးမိတ်ဆွေက ပြောပါတယ်။ သူတပည့်မက Physicse နဲ့ ပြီးလာတာ။ ခုကျောင်းမှာ ကျောင်းအုပ်က English စာသင်ခိုင်းလို့ မိမိထံမှာ အင်္ဂလိပ်စာသင်ကြားဖို့ လာရောက်သင်နေရကြောင်း ပြောပါတယ်။ နိုင်ငံအနှံ့မှာ ကြည့်ရင်ယူလာတဲ့ ဘာသာတွဲနဲ့ သင်နေရတဲ့ ဘာသာရပ်က မကိုက်ညီဘူး။ ဒီတော့ သင်ကြားနိုင်ဖို့ နည်းမျိုးစုံနဲ့ သင်ယူနေကြရတာရော မဖြစ်နိုင်ဘူးလား။

တချို့ကျောင်းတွေမှာ ဆရာ၊ ဆရာမက မလုံလောက်ဘူး။ ဒီတော့ရှိတဲ့ ဆရာ၊ ဆရာမကို တာဝန်ပေးရတာရှိတယ်။ တချို့ကျောင်းတွေမှာ အလယ်တန်းပြ ဆရာမက အထက်တန်းကို တက်သင်နေရတာရှိတယ်။ ဒီတော့လိုအပ်ချက်ကတော့ ရှိနေမှာပါပဲ။ မြို့ကြီးပြကြီးလို ဆရာ၊ ဆရာမ အစုံအလင်ရှိတာ ကျူရှင်တွေ မှိုလိုပေါက်နေတဲ့နေရာမှာ အလယ်တန်းပြဆရာမကို တာဝန်ပေးလို့ မဖြစ်နိုင်ပေမယ့် ဝေးလံခေါင်သီလှတဲ့ ဒေသမှာတော့ ဒီလိုပဲလက်ခံနေကြရတယ်။ ဆရာ၊ ဆရာမရှိတယ် စာသင်နေရတာကိုပဲ မိဘတွေက ကျေနပ်နေရတာ။ ဒါကြောင့်လည်း တက္ကသိုလ်ဝင်တန်း ကျောင်းသား (၂၀၀) လောက် ဝင်ဖြေတဲ့နေရာမှာ အောင်မြင်သူက (၁၀) ဦးတဲ့။ ကဲ ဘယ့်နှယ်စဉ်းစားကြမလဲ။

နောက်တစ်ချက်က လက်ရှိဆရာ၊ ဆရာမတွေမှာ စဉ်ဆက်မပြတ်လေ့လာသင်ယူမှုဆိုတဲ့ (Life Long Learning) ဆိုတာ ရှိသလားဆိုတာပဲ။ ဆရာ၊ ဆရာမ တစ်ဦးရဲ့ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်နေဖို့၊ သင်ကြား မှုစွမ်းရည်တွေမြင့်မားနေဖို့ဆိုတာ မိမိကိုယ်တိုင်က စဉ်ဆက်မပြတ်လေ့လာသင်ယူဖို့လိုပါတယ်။ ခေတ်က အရှိန်အဟုန်နဲ့ အလျင်အမြန်ကို ပြောင်းလဲနေတာပါ။ မိမိသိလိုတဲ့ အသိပညာ၊ အတတ်ပညာဆိုတာ ရှေးခေတ်ကလို ဒိသာပါမောက္ခဆရာကြီးထံ သုံးနှစ်သုံးမိုးသွား ပြီးတောင် သင်စရာမလိုတဲ့ခေတ်ပါ။ ဖုန်းတစ်လုံး၊ Laptop တစ်လုံးရှိရုံနှင့် အသိပညာ၊ အတတ်ပညာ မျိုးစုံက လွယ်လွယ်ကူကူရှာဖွေလေ့လာနိုင်တဲ့ခေတ်ကို ရောက်နေပါပြီ။ ပညာရေးဟာ လက်တစ်ကမ်း အကွာမှာပဲ ရှိပါတယ်။ လိုချင်သူ လိုသလောက်အဆုံးအစမရှိ ရှာဖွေလေ့လာနိုင်တဲ့ခေတ်ပါ။

ဆိုလိုတာက မိမိကိုယ်တိုင်လေ့လာသင်ယူတတ်ဖို့ (Self-Study) က အဓိကကျနေပါတယ်။ မိမိကိုယ်တိုင်က စွမ်းရည်မြင့်နေမှသာ မိမိတပည့်တွေကိုလည်း ခေတ်နဲ့အညီ၊ ခေတ်နဲ့အမီခေါ်ယူသွားနိုင်မှာ ဖြစ်ပါတယ်။

ဒီကနေ့ ပညာရေးရှုခင်းကို ကြည့်လိုက်ရင် လိုအပ်ချက်တွေက ရှိနေတာပဲလေ။ အဓိကလိုအပ်ချက်တစ်ရပ်ကို ပြောပါဆိုရင် ကျောင်းသား၊ ဆရာအချိုး မျှတမှုမရှိသေးတာပဲ။ ရရှိတဲ့ ဘတ်ဂျက်နဲ့လည်း ခန့်နေတာပဲ။ ဒါလည်း မပြည့်စုံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်တစ်နှစ်မှာ တိုးတက်လာတဲ့ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေက နည်းမှမနည်းတာကိုး။ ဒါကိုအလျင်မီအောင် ခန့်နိုင်ဖို့ မနည်းကြိုးပမ်းနေကြရတာလေ။ ဒါကြောင့်လည်း နေ့စားလပေးတွေ ခန့်လိုခန့်။ တချို့ ပြည်နယ်တွေမှာ (၉) တန်းအောင်ရုံနဲ့ ဆရာ၊ ဆရာမ ခန့်နေရတဲ့ အနေအထား။ အဲဒီလို အနေအထားမှာ သင်ကြားမှု၊ သင်ယူမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေမှာပါပဲ။

တစ်နေ့ကဆို အလယ်တန်းပြကျောင်းအုပ်တစ်ယောက် ညည်းရှာပါတယ်။ ကျောင်းမှာရှိတာ ဆရာ၊ ဆရာမက (၄) ယောက်၊ တစ်ယောက်က KG၊ တစ်ယောက်က Grade -1၊ တစ်ယောက်က Grade-2၊ တစ်ယောက်က Grade 3 ဆရာမက ကုန်နေပြီ။ ဒါနဲ့ပဲ အကြံပေးလိုက်ရတယ်။ ဆရာမတစ်ယောက်ကို (၂) တန်းစီသင်ကြပေါ့ဗျာလို့။ နောက်တစ်ယောက်ကတော့ တစ်မျိုး။ သင်တန်းတက်ထားတဲ့ ဆရာမက ရာထူးတိုးပြောင်းသွားလို့ သင်တန်းတက်ထားတဲ့ ဆရာ၊ ဆရာမ တစ်ယောက်မှ မရှိတော့လို့တဲ့။ ပြဿနာက အမျိုးမျိုးပါ။ ဒါတွေ ဘာကြောင့်ပြောနေရတာလဲဆိုတော့ အဲဒီပြဿနာတွေက သင်ကြားမှုသင်ယူမှုကို ထိခိုက်နေလို့ပါပဲ။

ချုပ်လိုက်ရင် . . . 

ဂကျောင်းတွေမှာ ဆရာ ကျောင်းသားအချိုးကို မျှတအောင်လုပ်ပါ။ အဲဒီ အချိုးမမျှတသရွေ့သင်ကြားမှု မထိရောက်နိုင်ပါဘူး။

ဂဆရာ၊ ဆရာမတွေကို စွမ်းရည်မြင့် သင်တန်းတွေ ပေးရပါမယ်။ ဒီကနေ့အထိ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းတွေ၊ မွမ်းမံသင်တန်းတွေ လုံလုံလောက်လောက်မပေးနိုင်သေးဘူး။ Green Gard ရဖို့လောက် ရည်ရွယ်ဖွင့်နေတဲ့ သင်တန်းမျိုးပဲရှိပါသေးတယ်။ သင်တန်းပေးတဲ့ နေရာမှာလည်း တစ်ကျောင်း တစ်ယောက် ခွဲတမ်းမျိုးမဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်တန်းတက်ပြီးတဲ့ ဆရာမတစ်ဦး ပြောင်းရွှေ့သွားရင် ဘာမှမတတ်နိုင်တော့လို့ပါ။

ဂဆရာအတတ်သင်တန်း အသီးသီးမှာ စာတွေ့၊ လက်တွေ့ သင်ကြားမှုတွေ ပုံစံပြောင်းသင့်ပါပြီ။ ပုံစံဟောင်းက ခွဲထွက်ကြပါ။ တန်းပြသင်တဲ့ ကာလဆိုတာ ပျော်ပွဲစားထွက်တဲ့ ပုံစံမျိုးမဖြစ်သင့်ဘူး။ ကျောင်းတွေကလည်း ဆရာ၊ ဆရာမလောင်းတွေရဲ့ သင်ကြားမှုစွမ်းရည်၊ ပင်ကိုစွမ်းရည်တွေကို တိတိကျကျ အကဲဖြတ်ပေး စေချင်တယ်။ Onpaper တွေ လျှော့ချကြဖို့လိုပါပြီ။

ဒီတော့ အချုပ်ပြောရရင် အတန်းအလိုက်၊ ဘာသာရပ်အလိုက် လက်ရှိသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေမှာ လိုအပ်ချက်တွေ ရှိနေတာတော့ အမှန်ပဲ။ အထူးသဖြင့် Maths, Physics, Chemistry နဲ့ Bio တွေမှာပါ။ စာရေးသူ ပညာဒါနသွားရောက် လှူဒါန်းဖူးတဲ့ မြို့လေးမှာဆိုရင် သိပ္ပံဘာသာတွဲတွေ နားမလည်ကြလို့ ဝိဇ္ဇာဘာသာတွဲတွေကိုပဲ ပြောင်းယူကြတာ တွေ့ရပါတယ်။ အမှန်တရားတစ်ခုတော့ရှိပါတယ်။ Bio ဘာသာတွဲသင်နေတဲ့ ဆရာ ဆရာမတစ်ယောက်ဟာ ဆရာဝန်ဘွဲ့ရတစ်ယောက်လောက်တော့ ကျွမ်းကျင်ပိုင်နိုင်မှုရှိကောင်းမှရှိပါလိမ့်မယ်။ အလားတူပါပဲ သင်္ချာဘာသာသင်နေတဲ့ ဆရာ၊ ဆရာမတစ်ဦးဟာလည်း စက်မှုတက္ကသိုလ် RIT ဆင်းတစ်ယောက်လောက်တော့ မကျွမ်းကျင်နိုင်သလို ဘိုကျောင်းထွက်တစ်ဦးလောက် မတော်တဲ့ အင်္ဂလိပ်စာဆရာတွေလည်း ရှိနေမှာပါ။

ဒါပေမဲ့ အဲဒီဆရာ၊ ဆရာမတွေမှာ ဘာသာရပ်ဆိုင်ရာ အားနည်းချက်တွေရှိနေပေမယ့် ပညာရေးဆိုင်ရာ သဘောတရားတွေ၊ ပညာရေးစိတ်ပညာတွေ၊ ပညာရေးစီမံခန့်ခွဲမှုတွေကတော့ အသင့်ရှိနေမှာပါ။ ဒီတော့ သိပ္ပံဘာသာ တွဲသင်နေရတဲ့ လုပ်သက်နု ဆရာ၊ ဆရာမလေးတွေမှာတော့ အတွေ့အကြုံမရင့်ကျက် သေးတာမို့ အထူးထုတ်တွေကို မှီငြမ်းပြုချင် ပြုနေရမှာပါ။ ရင်းနှီးတဲ့ဆရာတွေထံမှာ နည်းနာယူဖို့ လိုနေသူတွေလည်း ရှိမှာပါ။ နွေရာသီဆိုရင် နယ်ကနေ တကူးတကလာသင်သူတွေလည်း ရှိနေတာအမှန်ပါ။ ဒါပေမဲ့ အားလုံးသော ဆရာ၊ ဆရာမတွေ ကျူရှင်တက်နေရတာတော့ မဟုတ်ပါ။ ဝါရင့်ဆရာမကြီး တစ်ဦးကတော့ပြောပါတယ်။ ဆရာ၊ ဆရာမဆိုတာတော့ ဝမ်းစာအမြဲပြည့်နေဖို့ လိုပါသတဲ့။ ဒါကြောင့် မိမိကိုယ်မိမိ Upgrade အမြဲလုပ်နေပါ်။ Upgrade လုပ်ဖို့ကြိုးပမ်းနေတာဆိုရင်လည်း ဘယ်လိုပုံစံမျိုး ပဲဖြစ်ဖြစ် အကောင်းမြင်ရမှာပါပဲ။ အားငယ်စရာမဟုတ်သလို ဂုဏ်ယူဝင့်ကြွားနေစရာလည်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ဖြစ် ပြီးပြည့်စုံမှုဆိုတာ မရှိနိုင်လို့ပါပဲ။ (No man can perfect) ပါတဲ့။ မြန်မာစာဆရာကြီးတစ်ဦးကတော့ ဆေးပညာလောကမှာလည်း -

“နောက်ဆုံးပေါ် ကုသမှုတွေကို အမြဲတမ်း Workshop လုပ်နေမှ ခေတ်မီဆရာဝန်တစ်ဦး ဖြစ်နိုင်သလို ဘာသာရပ်နယ်ပယ်အသီးသီးမှာလည်း Workshop တွေစဉ်ဆက်မပြတ်လုပ်ကြဖို့ လိုပါတယ်”တဲ့။

ဒါတွေသိပြီဆိုရင် ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာထက် ဘာလုပ်သင့်သလဲ။ ဘယ်လိုစီမံ ခန့်ခွဲသင့်သလဲဆိုတာ သက်ဆိုင်ရာတို့တွေးဆကြည့််ကြဖို့ပါ။ ကျူရှင်ပပျောက်ရေးအတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က တခုတ်တရ ပြောဆိုနေချိန်မှာ ဆရာ၊ ဆရာမတွေကိုယ်တိုင်က ကျူရှင်ပြန်တက်နေရတယ်ဆိုရင်တော့။

ခင်မောင်ဌေး (ပညာရေး)