News

POST TYPE

ARTICLE

ခန္ဓာကိုယ်မှ လျှပ်စစ်ထုတ်နည်း
09-Oct-2019


သိပ်တော့ မသေချာသေးသော်ငြား မကြာမီ မြန်မာနိုင်ငံသားတစ်ယောက် နိုဘယ်လ်ဆု သေချာပေါက်ရနိုင်သည်။ သမိုင်းတစ်လျှောက် အဘယ်သိပ္ပံ ပညာရှင်မှ ဒီနည်းကို မစမ်းသပ်ခဲ့ဖူး။ စမ်းသပ်ဖို့ဝေးစွ စိတ်ကူးပင်ယဉ်ဖူးလိမ့်မည်မထင်။ ယခုတော့ ထိုနည်းလမ်းကို မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည့် ကျော်စိုးက စတင်စမ်းသပ်တွေ့ရှိသွားပြီဖြစ်သည်။ ထိုနည်းကတော့ လူ့ခန္ဓာကိုယ်မှ လျှပ်စစ်ထုတ်လုပ်နည်းပင်။

ထိုနည်းလမ်းကို ကျော်စိုး တွေ့ရှိခဲ့သည်မှာ မကြာသေး။ အဘယ့်ကြောင့်ဆိုသော် ကျော်စိုးတို့ ရွာလေးမှာ လျှပ်စစ်မီးမရခြင်းကြောင့်ပင်။ ခေတ်အဆက်ဆက် လျှပ်စစ်မီးမရခဲ့သော်လည်း တစ်နေ့နေ့တော့ လျှပ်စစ်မီးရလိမ့်မည်ဟု ကျော်စိုးတို့ ဘိုးဘွားများလက်ထက်ကပင် မျှော်လင့်ခဲ့ကြသည်။ ထိုသို့ လျှပ်စစ်မီးကို မျှော်လင့်ရင်းနှင့်ပင် ကျော်စိုး၏ အဘိုးအဘွားများလည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ အဘိုးအဘွားများ သေဆုံးသွားခဲ့သော်လည်း ကျော်စိုးလက်မလျှော့ပါ။ တစ်နေ့နေ့တော့ ရွာမှာ လျှပ်စစ်မီးရရှိရမည်ဟု ကျော်စိုး မျှော်လင့်နေဆဲဖြစ်ပါသည်။

ကျော်စိုးအဖေကတော့ ထိုလျှပ်စစ်ကို မမျှော်လင့်...

“ငါ့သား...ဒီတစ်သက်တော့ မမျှော်နှင့်... နောက်ဘဝအတွက်တော့ ဆုတောင်းပေါ့” ဟု ဆုံးမရှာသည်။ သို့သော်လည်း ကျော်စိုး စိတ်မလျှော့ပါ။ လူကြံလျှင်... ရော်ဘာရွက်တောင် ကဒတ်ချဉ်ဖြစ်သေးတာပဲဟု အားတင်းထားသည်။

တကယ်တော့ လျှပ်စစ်မီးရရှိရေးကို ကျော်စိုး မလုပ်ခင် ဟိုးအရင်ကတည်းက လုပ်ခဲ့သူများရှိသည်။ ထိုသူတွေကတော့ လျှပ်စစ်မီးရရေးအတွက် အသက်ကိုပင် စွန့်လွှတ်သွားခဲ့ကြသည်။ ထိုအချိန်က ကျော်စိုးတို့ရွာမှာသာ မီဒီယာရှိလျှင် အသက်စွန့်ကာ လျှပ်စစ်ကို ရှာဖွေခဲ့သူများမှာ လျှပ်စစ်သူရဲကောင်းပင်ဖြစ်သွားနိုင်သည်။ သို့သော် ရွာသားများကတော့ တော်တော်ရှုပ်တဲ့ကောင်ဟုသာ သမုတ်ကြသည်။ အလျဉ်းသင့်၍ ထိုလျှပ်စစ်သူရဲကောင်းအကြောင်းကိုလည်း အနည်းငယ် ဖော်ပြလိုပါသည်။

ကျော်စိုးမမွေးမီက ဖြစ်သည်။

ကျော်စိုးတို့ ရွာအနောက် တစ်ခေါ်သာသာတွင် စက်ရုပ်ပုံစံ ဓာတ်တိုင်တွေနှင့် မဟာဓာတ်အားလိုင်း ဆိုတာရှိ၏။ ထိုဓာတ်အားလိုင်းက ကျော်စိုးတို့ရွာနှင့် ဆယ်မိုင်ကျော်ကျော်ဝေးသော မြို့လေးသို့ လျှပ်စစ်ပို့ ခြင်းဖြစ်သည်။ ဓာတ်ကြိုးတွေ အကြီးကြီးတွေ ဖြစ်သည်။ ညဘက်ဆိုလျှင် ထိုဓာတ်ကြိုးများက တဝီးဝီး အော်မြည်၏။ ရွာသားများသည် ထိုဓာတ်ကြိုးနှင့် ဓာတ်တိုင်များကို သိပ်မကြည်လင်။ ငါတို့ရွာနားက ဓာတ်ကြိုးဖြတ်ပြီး ငါတို့ရွာတော့ လျှပ်စစ်မီးမရဘူးဟု တွေးကြသည်။ ဒါ့အပြင် ရွာသားများပိုင်သော လယ်ကွက်ထဲကလည်း နေရာအကျယ်ကြီးယူပြီး စက်ရုပ်ဓာတ်တိုင်ကြီးကို စိုက်ထားသေးသည်။ ဒါကြောင့် ရွာသားများသည် စက်ရုပ်ဓာတ်တိုင်တွင်ရှိသည့် ကြွေသီးများကို လေးခွဖြင့် ပစ်ကြသည်။ လျှပ်စစ်ဝန်ထမ်းတွေ ခဏခဏလာပြီး ကြွေသီးလဲရသည်။

နောက်ပိုင်းတွင်တော့ လေးခွဖြင့် ပစ်တာထက်ကောင်းသည့် အကြံဉာဏ်ကို ရွာသားတစ်ယောက်က စဉ်းစားမိလေသည်။ ထိုအကြံဉာဏ်ကတော့ ဒီဓာတ်ကြိုးများတွင် လျှပ်စစ်ဓာတ်များရှိနေသည်။ ထို ဓာတ်ကြိုးကို မီးကြိုးဖြင့်သွယ်လျှင် လျှပ်စစ်ရနိုင်သည်ဟူသောအကြံပင်။ ထိုအစီအစဉ်ကို ရွာသားများ အားလုံး စိတ်ဝင်စားခြင်းတော့မဟုတ်။ ကာလသား အချို့သာ စိတ်ဝင်စားခြင်းဖြစ်သည်။ သို့နှင့် ထိုဓာတ်တိုင်ပေါ်ကို ဓာတ်ကြိုး တက်ချိတ်မည့်လူရွေးကြသည်။ ရွာတောင်ပိုင်းက ကိုသာဟန်က သူတက်မည်ဆို၏။ အချုပ်ဆိုရလျှင်တော့ ဓာတ်တိုင်ပေါ်တက်ပြီး ဓာတ်ကြိုး ချိတ်သည့် ကိုသာဟန် ဓာတ်လိုက်သေသည်။ မိုးကြိုးပစ်သလို မည်းသွား၏။ အခြားလူများ ကံကောင်း၍ အမှုမပတ်ခြင်းဖြစ်၏။ နောက်ပိုင်းတွင်တော့ ရွာသားများလည်း ဓာတ်ကြိုးက နတ်ကြီးသည်ဟုဆိုကာ ဓာတ်ကြိုးနားကို မကပ်တော့။

ထို့ကြောင့် ကျော်စိုးလည်း မဟာဓာတ်အား လိုင်းက ဓာတ်အားယူရန် မကြိုးစားပေ။ ရွာနှင့် တစ်မိုင်ခန့်ဝေးသော စစ်တပ်မှ လျှပ်စစ်မီးကို ယူရန်ကြိုးစားဖူးသော်လည်း အဆင်မပြေ။ တပ်မှာတောင် မီးက သိပ်မမှန်။ မြို့လျှပ်စစ်ရုံးသို့ သွားပြောတော့လည်း ဓာတ်တိုင် ဆောက်ရန် အစီအစဉ်မရှိဟုဆိုသည်။ မကြာသေးမီက ကျော်စိုး သတင်းတစ်ခုကြားသည်။ လျှပ်စစ်ဓာတ် အားထုတ်သည့်စက်ရုံတွေ အများကြီး တည်ဆောက်နေသည်။ ရေအားလျှပ်စစ်တွေထုတ်ဖို့လည်း လုပ်နေသည်။ ဒါကြောင့် ရွာတွင် မကြာမီလျှပ်စစ်မီးရတော့မည်ဟူ၍ဖြစ်သည်။ သိပ်မကြာပြန်။ ထိုလျှပ်စစ်တွေက အိမ်နီးချင်းနိုင်ငံတွေအတွက်ဟု ဆိုပြန်သည်။ ကျော်စိုး နားမလည်နိုင်။ ကိုယ့်နိုင်ငံမီးမလင်းတာမလုပ်ဘဲ အခြား နိုင်ငံမီးလင်းဖို့လုပ်နေသည့်ကိစ္စမှာ သိပ်တော့မဟုတ်။

ဒါပေမဲ့ ဘာမှမတတ်နိုင်။ နောက်ပိုင်းတော့ ကိုယ့်နိုင်ငံအတွက် လျှပ်စစ်ထုတ်တော့မည်ဟု ကြားပြန်သည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ် မည်ဆိုသည်။ ဒီတစ်ခါတော့ ကိုယ့်နိုင်ငံအတွက်ဟု ဆိုသဖြင့် လျှပ်စစ်မီးရတော့မည်ဟု ကျော်စိုး တွေးပျော်သည်။

မကြာပြန်။ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အား ပေးစနစ်ကို ကန့်ကွက်ကြပြန်သည်။ ဒါကိုလည်း ကျော်စိုးနားမလည်။ မတတ်နိုင်ပြန်။ မကြာမီရေအားဖြင့် လျှပ်စစ်ထုတ်မည်ဟု ကြားရပြန်သည်။ ဒါကိုလည်း ကန့်ကွက်ကြပြန်၏။ ဂေဟစနစ်ပျက်စီး၍ဆိုလား။ သဘာဝပတ်ဝန်းကျင် ပျက်စီး၍ဆိုလား။

တော်ပြီ။ ကျော်စိုး လျှပ်စစ်ကို မမျှော်တော့။ ရွာထဲက မီးစက်ဖြင့် ည ၆ - ၁၀ မီးကိုပဲ မီးတစ်ပွင့် တစ်ရာနှင့် ဝယ်သုံးတော့သည်။ ထိုသို့ မီးတစ်ပွင့်တစ်ရာကို ဝယ်သုံးနေရင်း ကျော်စိုးတစ်ယောက် ဂျာနယ်တစ်စောင် ဖတ်မိလေသည်။ ထိုဂျာနယ်ထဲတွင်တော့ နိုင်ငံခြားတောနေမိသားစုများအနေနှင့် အိမ်သာ ကျင်းထဲမှာ လျှပ်စစ်မီးထုတ်လုပ်သုံးစွဲသည်ဆိုသည့် သတင်းပင်။

ဘာမှလည်း သိပ်မခက်။ အိမ်သာကျင်းထဲ ဝါယာကြိုးနှစ်စ ချထားလိုက်ရုံပင်။ ကျော်စိုး စမ်းကြည့်သည်။ သို့သော်မရ။

ဟိုဟိုဒီဒီ မေးကြည့်တော့မှ ကျော်စိုးအိမ်သာ ကျင်းက မြေကျင်းဖြစ်၍ဟုဆိုသည်။ အိမ်သာကျင်းကိုတော့ အုတ်နှင့် ကျော်စိုးမလုပ်ချင်။ မြေကျင်းက ပြည့်သွားလျှင် ဒီအတိုင်းထားလိုက်ရုံပင်။ မကြာခင် မြေကြီးဖြစ်ပြီး မြေဩဇာပင် ကောင်းသေးသည်။ အုတ်ကျင်းက ပြည့်သွားလျှင် ခက်ပြီ။ ရေကန်ထဲ ရေတွေ လှောင်ထားသလို အီးတွေ လှောင်ထားသည့် ပုံဖြစ်နေမည်။ မဖြစ်သေး။ ဒါကြောင့် အိမ်သာကျင်းမှ လျှပ်စစ်ထုတ်မည့် အစီအစဉ်ကို ကျော်စိုး လက်လျှော့လိုက်သည်။

ထိုသို့ လက်လျှော့ပြီး မကြာမီ နိုဘယ်လ်ဆုရနိုင်သည့် လျှပ်စစ်ထုတ်လုပ်နည်းကို တွေ့ရှိသွားခြင်းလည်းဖြစ်ပါသည်။ ကျော်စိုးတွေး၏။ လျှပ်စစ်ကို လူ့အီးက ထုတ်နိုင်သည်ဟု ဆိုသည်။ လူ့အီးက ဗိုက်ထဲမှာလည်း ရှိသည်။ ဒါဆို လူ့ခန္ဓာကိုယ်ကပင် လျှပ်စစ်ထုတ်နိုင်ရမည်။ သို့နှင့် ကျော်စိုး စမ်းသပ်တော့သည်။

ပလပ်ခေါင်းဖြင့် စမ်းသည်။ အဆင်မပြေ။ နောက်ဆုံးတော့ ဝါယာကြိုးနှစ်စဖြင့် အဆင်ပြေသွားတော့သည်။

ဝါယာကြိုးနှစ်စကို ဗိုက်ထဲသို့ထည့်လိုက်ခြင်းပင်။ ဗိုက်ကိုဖောက်၍ ထည့်ခြင်းတော့မဟုတ်။ စအိုပေါက်မှထည့်ခြင်းဖြစ်သည်။

ပြီးလျှင် လျှပ်စစ်ကြိုးနှစ်စကို ဓာတ်မလိုက်အောင်ထားပြီး မီးချောင်း၊ မီးလုံးများနှင့် ချိတ်လိုက်ရုံပင်။ အိမ်မှာနေလျှင် အိမ်ကကြိုးနှင့်ချိတ်။ အပြင်သွားလျှင် ဝါယာကြိုးလေးကိုင်သွား။ ရောက်သည့်နေရာက ဝါယာကြိုးနှင့် ချိတ်လိုက်ရုံပင်။ လူကထုတ်သည့်လျှပ်စစ်က ဝမ်းချုပ်လျှင် ဓာတ်အားပိုကောင်းသည်ဟုလည်း ကျော်စိုး လေ့လာတွေ့ရှိခဲ့သည်။

အခုတော့ လူ့ခန္ဓာကိုယ်မှ လျှပ်စစ်ထုတ်နိုင်ပြီ။ ယခုအခါတွင်တော့ ကျော်စိုးတစ်ယောက် အဆိုပါနည်းလမ်းကို မြန်မာပြည်အနှံ့ လိုက်လံဖြန့်ချိနေပြီ ဖြစ်ပါသည်။ မကြာမီ နိုင်ငံခြားကိုပင် သွားရောက်၍ ဟောပြောပွဲတွေလုပ်မည်ဟု ကြားရပြန်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများလည်း လျှပ်စစ်မီးမရရှိသေးပါက ကျော်စိုးကို အကူအညီတောင်းနိုင်သည်။ ကျော်စိုးကိုယ်တိုင် တပ်ဆင်ပေးမည်ဖြစ်ပါကြောင်း...။

သို့သော်...။

ဘယ်အရာမှ အားနည်းချက်နှင့် မကင်းပေ။ ကျော်စိုး၏ လူ့ခန္ဓာကိုယ်မှ လျှပ်စစ်ထုတ်သည့် နည်းလမ်းတွင်လည်း အားနည်းချက်တစ်ခုတော့ ရှိပါသည်။ ထိုအားနည်းချက်ကတော့ အိမ်သာတက်နေသည့်အချိန်တွင် လျှပ်စစ်ထုတ်ယူ၍မရခြင်းပင်။

စိုပြေ