News

POST TYPE

ARTICLE

မျိုးဆက်သွေး၊ မောင်ပေါ်ထွန်း နှင့် ဘဝတက္ကသိုလ် (၂)
08-Oct-2019


“သည်အမှာစာကို သည်တိုင်း ထည့်လို့ ကောင်းပါ့ မလား” ဆရာမောင်ပေါ်ထွန်းက ကျွန်တော့်ကို ပြောပါတယ်။ သူက ဆက်ပြီး “ခင်ဗျား ပြန်ဖတ်ပြီး စဉ်းစားကြည့်ပါဦး”

“ပြန်ဖတ်ပြီးပြီ ဆရာ၊ ကျွန်တော့် သဘောကတော့ သည်တိုင်းပဲ ထည့်ချင်တယ်၊ ခုချိန်ထိလည်း ကျွန်တော်ကတော့သည် သဘောအတိုင်း မပြောင်းလဲသေးဘူး” လို့ ပြန်ပြောခဲ့တယ်။

သည်အကြောင်းကို ပြန်ပြောပြရရင် ၁၉၈၉-၁၉၉၀ နောက်ပိုင်းမှာ ကျွန်တော် လုံးချင်းတွေ သိပ်မထုတ်ဖြစ်တော့ဘဲ မဂ္ဂဇင်းတွေ ဂျာနယ်တွေဘက်ကို ရောက်သွားပါတယ်။ မဂ္ဂဇင်းလောကမှာ ၁၅ နှစ် အနှစ် ၂၀ လောက်ကြာမယ်။ နောက်ပိုင်းတော့ ကျွန်တော် မဂ္ဂဇင်းတွေကို လုံးဝစွန့်လွှတ်လိုက်ပြီး မူလလက်ဟောင်း ဘဝတက္ကသိုလ် စာပေကိုပဲ ပြန်ပြီး ဇောက်ချလုပ်ဖြစ်ပါတယ်။ သည်မှာတင် အရင်ကတည်းက ကျွန်တော်နှင့် လက်တွဲခဲ့ကြတဲ့ စာရေးဆရာ အဟောင်းတွေရော၊ အသစ်တွေနှင့်ပါ လုံးချင်းစာအုပ်တွေ ပြန်ထုတ်ဖြစ်ပါတယ်။

ဆရာ မောင်ပေါ်ထွန်းဆီကို သွားတွေ့တော့ ဆရာက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာနှင့် ပေးလို့ရတဲ့ စာအုပ်တွေထဲက ကြိုက်တာကို ရွေးပြီး ထုတ်ဖို့ပြောပါတယ်။ အဟောင်းတွေချည်းပဲ မထုတ်ချင်ဘူးဆရာ၊ ရေးနိုင်တုန်း အသစ်လည်း ရေးပေးပါဆိုတော့လည်း မငြင်းပါဘူး။ ငြင်းသာ မငြင်းတာ၊ ခုထိတော့ ကြိုက်တဲ့စာအုပ် မတွေ့သေးလို့ပါဆိုပြီး အသစ်ကို မရေးသေးပါဘူး။ ကဲ ဆရာရေ၊ ဆရာ့ စာအုပ်အသစ်ကို ဖတ်ချင်နေတဲ့ ပရိသတ်တွေ အများကြီးရှိတယ်၊ ကြိုက်တဲ့ တစ်အုပ်အုပ်ကို ရွေးပြီး ပြန်ဖို့ကောင်းပြီ။ သည်လိုနှင့် ဆရာနှင့် ဘဝတက္ကသိုလ် ပထမဆုံးထုတ်ဖြစ်ခဲ့တဲ့ မျိုးဆက်သွေးစာအုပ်ကို ၂၀၁၆မှာ ပြန်ထုတ်ဖြစ်ပါတယ်။

ဒုတိယအုပ်အနေနှင့် ကျေရာကျေကြောင်းကို ၂၀၁၇ ခုနှစ်မှာ ပြန်ထုတ်ပါတယ်။ ကျွန်တော် အစမှာ ပြောခဲ့တဲ့ အမှာစာကသည်ကျေရာကျေကြောင်း စာအုပ်မှာ ပါခဲ့တာပါ။ သည်စာအုပ်မှာ ထူးထူးခြားခြား အမှာစာကို ဘာသာပြန်သူနှင့် ထုတ်ဝေသူ ပေါင်းပြီး ရေးခဲ့တာပါ။ 

ပထမအကြိမ် ၁၉၈၁ ဇူလိုင်လမှာ ထုတ်ခဲ့တာပါ။ အဲသည်အချိန် ၁၉၈၀ တစ်ဝိုက်မှာ ဘာသာပြန်စာအုပ်တွေကို တော်တော်လေး အားပေးကြပါတယ်။ ကျွန်တော်တို့လည်း ဝါသနာတူသူချင်း ပေါင်းမိကြပြီး ဘာသာပြန်စာအုပ်တွေကို စနစ်တကျ ပြန်ဆို၊ မူရင်းအတိုင်း ထူထူထဲထဲ ထုတ်ဝေနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေမယ့် ထုံးစံအတိုင်း ဘာသာပြန်စာအုပ်တွေ ရောင်းရတယ်ဆိုတာနှင့် အပြိုင်အဆိုင် အလုအယက်ပြန်ဆို ထုတ်ဝေခဲ့ကြပါတယ်။ မူရင်းစာအုပ်ကို ဘယ်သူပြန်ပြန် ပြန်လို့ရတာ မှန်ပေမယ့် ဦးရင်ပြီးရောဆိုပြီး ပြီးစလွယ်အဖြစ် ပြန်ဆိုခဲ့ကြတဲ့ စာအုပ်တွေလည်း အများကြီး ထွက်လာပါတယ်။

သည်အခါမှာ မူရင်းအတိုင်း အချိန်ယူပြီး ကျကျနန ပြန်ဆိုထုတ်ဝေဖို့ လုပ်နေချိန်မှာ အဖြစ်သဘော ပြန်ဆိုထုတ်ဝေထားတဲ့ စာအုပ်က အရင်ဦးဆုံးထွက်နေပြီမို့ ဈေးကွက်သေးသေးလေးသာရှိတဲ့ ကျွန်တော်တို့ လောကမှာ သေချာလုပ်လေ အထိနာလေ ဖြစ်လာပါတယ်။ သည်လိုနှင့် ကျေရာကျေကြောင်း စာအုပ်အမှာစာမှာ “ယခု ဘာသာပြန်သူနှင့် ထုတ်ဝေသူတို့၏ တူညီသော သဘောထားမှာ မူရင်းစာအုပ်ကို နဂိုအရသာ မပျက်အောင်၊ မူလ စာရေးဆရာ၏ အာဘော်မပျက်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်သင့်သည်ဟူသော အချက်ပင် ဖြစ်ပါသည်။

. . . . . . . . . . . . . . . . . .

ယင်းသို့ မဟုတ်မူဘဲ မူရင်း စာအုပ်ကိုလည်း မလေးစား၊ မူရင်းစာရေးဆရာကိုလည်း စော်ကားသည့် အပြင်စာဖတ် ပရိသတ်ကိုပါ မထီမဲ့မြင် သဘောဖြင့် စာအုပ်တစ်အုပ်ကို မိမိတို့ ပြန်ချင်သလိုသာ ဖြတ်တောက် ကျဉ်းချုံး၍ ပြန်ဆိုရေးသားထုတ်ဝေရမည်ဆိုပါက ယင်းအလုပ်မျိုးကို မိမိတို့အနေနှင့် ဘယ်ဘဝ၊ ဘယ်အခြေအနေမျိုးပဲ ရောက်နေစေ တစ်သက်မလုပ်လိုပါ။ ယင်းသို့ လုပ်ခြင်းဖြင့် ရရှိလာမည့် ငွေကြေး ဂုဏ်ရှိန်ကိုလည်း စိုးစဉ်းမျှမလိုလားပါ။ ကိုယ့်လိပ်ပြာ ကိုယ်မလုံပါ။

. . . . . . . . . . . . . . . . . .

ဘာသာပြန်စာအုပ်ကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် ဘာသာပြန်သူ၊ ထုတ်ဝေသူနှင့် စာဖတ်ပရိသတ် သုံးဦး၊ သုံးဖလှယ် ကြိုးစားသွားကြ မည်ဆိုလျှင် နောင်အနာဂတ်တွင် ယခုထက် ပိုမို စနစ်ကျသော၊ မှန်ကန်သော၊ ရသမြောက်သော ဘာသာ ပြန်စာအုပ်များကိုဖတ်ရှုကြရမည် ဖြစ်ပါသည်။

ခု ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့ ရေးခဲ့တဲ့ အမှာစာမှာ ဒေါသမကင်းတာကိုတော့ ဝန်ခံရမှာပါ။ ကျွန်တော်တို့ အကျိုးစီးပွားကို ထိခိုက်လို့ ဒေါသနှင့် တုံ့ပြန်မိတယ်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ သည်သဘောထားကို ဗြောင်ကြေညာပြီး (တတ်နိုင်သလောက်) သည်သဘောထားအတိုင်း ရပ်တည်ဖို့တော့ ကြိုးစားခဲ့ပါတယ်။

ဒါကြောင့် ဆရာက ခု ပြန်ထုတ်ဝေတဲ့အခါမှာ ထည့်သင့်၊ မထည့်သင့် စဉ်းစားဖို့ ပြောတဲ့အခါမှာ ကျွန်တော်ကတော့ ထည့်သင့်တယ်ဆိုပြီး ထည့်ခဲ့ပါတယ်။ သည်အကြောင်းကို ပြန်ပြောင်းပြောရာမှာ ကျွန်တော့်အနေနှင့် မှန်တယ်၊ မှားတယ်ပြောလိုရင်း မဟုတ်ဘဲ တစ်ချိန်က ကျွန်တော်တို့ရဲ့ စာအုပ်လောက အခြေအနေတစ်ခုကို ပြန်ပြောင်းပြောလိုရင်းပဲ ဖြစ်ပါတယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

နေဝင်း (ဘဝတက္ကသိုလ်)