News

POST TYPE

ARTICLE

တောင်တလုံးက သမိုင်းတစ်စ
15-Sep-2019

နဂါးလှေကားအတိုင်း ဆင်းသွားတော့ ရေမစီးသော ချောင်းလက်တံလေးထဲက မြင်ကွင်းမှာ တကယ့်အံ့ဩရှုမောစရာပင်။ မန်ကျည်းပင် အုံ့အုံ့မှိုင်းမှိုင်းလေးဘေးက ရေအိုင်ငယ်လေးတစ်ခု။ ပြီးတော့ မျက်ခင်းစိမ်းစိမ်းလေးအကျော်က ငှက်ပျောပင်သုံးလေးငါးပင်။

တောနှင့် တောင်၏ အသက် ဝါးနှင့် ဒဟတ်ပင်ကတော့ ကွက်ကျားကွက်ကျား တစ်ပင်စ၊ နှစ်ပင်စ မြင်တွေ့ရ၏။ အနောက်ဘက်၏ အထက်ကိုမျှော်မိတော့ ဆေးရောင်ပြယ်နေသော စေတီသေးသေးက လွမ်းစေတီခေါ်ကြောင်း ပါလာသူ၏ရှင်းပြသံက နားထဲ၌ ထင်ထင်ရှားရှားမရှိလှ။

အခု စာရေးသူ ရောက်နေသော နေရာကား လွန်ခဲ့သည့်နှစ်က “ကျောင်းတော်ရာပုံစံတူ”ဟု တင်စားခဲ့ကြသည့် တံတားဦးနယ်အတွင်းက နေရာကလေးတစ်ခုဖြစ်ပါသည်။

ရှေးဟောင်းသမိုင်းဝင်နေရာများမှာ အချို့မြေမြုပ်လျက်ရှိသလို အချို့က ချုံနွယ်များ၏ အနိုင်ယူမှုအောက်၌ အရှုံးပေးလိုက်ရတာလည်း များစွာရှိပါသည်။ အခုလည်း ဆဲဖီလ်တံရှင်၏လက်ဆော့မှုကနေတစ်ဆင့် ဆင့်ကဲပေါ်ထွက်လာသည့် အကိုးအကား သုတေသနလုပ်ငန်းဆိုင်ရာများဖြစ်သည်။

ဌာပနာစွယ်တော်များ၊ ကျောက်စာများ၊ ကျောင်းတော်ရာ ပုံစံများကိုပါ တစ်ဆင့်ပြီးတစ်ဆင့် ခြေရာခံတွေ့ရှိလိုက်ရပေသည်။ နေရာကား မန္တလေး၏ အနောက်တောင်ဘက် တောင်တန်းများ နောက်ခံတည်ထားသော တောင်တလုံးရွာဖြစ်ပါသည်။

ထိုသတင်းကြားလိုက်ကတည်းက စိတ်ဝင်စားမှု အသည်းအသန်ဖြစ်ပေါ်နေခဲ့ပြီး သွားရောက်လေ့လာချင်စိတ်က တားမရဖြစ်နေခဲ့သည်။ သုတေသနပြုချင်သောစိတ်က တစ်ဝက်၊ ဇာတိချစ်စိတ်က တစ်ဝက်ဖြစ်လေသည်။

ဇာတိမှ ပဝတ္တိဇာတိမဟုတ်ပါဘဲ အမေ့ဝမ်းတွင်းကတည်းက နေထိုင်ခဲ့ရာ ပဋိသန္ဓေဇာတိချစ်စိတ်ကြောင့်ဖြစ်သည်။

မှန်ပါသည်။ တံတားဦးနယ်ထဲက ကျောင်းတော်ရာ ပုံစံတူရှိသည့်ရွာသည် အမေငယ်စဉ်ကနေခဲ့သောကြောင့်ပင်ဖြစ်သည်။ သို့သော်လည်း ပညာသင်ကျောင်းသားဘဝ အမေ့ဇာတိရွာကို တစ်နှစ် တစ်ခေါက်မှ မရောက်ဖြစ်ခဲ့။

ယခုတော့ အကြောင်းဖန်လာသည်နှင့် အခွင့်အရေးကို လက်လွတ်မခံပါဘဲ ရောက်အောင်သွားခဲ့ပါသည်။ ထိုသို့ ပေါ်လာသောစိတ်ကို အကောင်အထည်ဖော်သည့်အနေနှင့် သုတေသနပိုင်းဆိုင်ရာကျွမ်းကျင်သည့် မန္တလေးက ဆရာသမား ဇနီးမောင်နှံနှင့်အတူ ဇာတိရွာဘက် လမ်းကြုံလိုက်ပြီး ပထမတစ်ကြိမ် ရောက်အောင်သွားခဲ့ပါသည်။ မန္တလေး၏ အနောက်တောင်ဘက် တံတားဦးနယ်အဆုံး တောင်တလုံးရွာသို့ ဆရာသမားတို့ မိသားစုနှင့်အတူ ကားကလေးနှင့် ခြေဆန့်ခဲ့သည်။ 

သို့သော်လည်း ထိုသုတေသနလုပ်ငန်းထက် ပထမဦးစားပေး စာကြည့်တိုက်ဖွင့်ပွဲ အစီစဉ်တွေပဲ ဆောင်ရွက်ခဲ့ရလို့ ကျောင်းတော်ရာပုံစံတူနေရာသို့ မရောက်နိုင်ဘဲ ညနေခင်းအချိန်မှ ထိုနေရာသို့ရောက်ဖြစ်လေသည်။ ထိုပထမတစ်ကြိမ် ရောက်သွားခိုက် တောင်စဉ်တောင်တန်းများ၏ သစ်ရိပ် ဝါးရိပ် မရှိသောအဖြစ်များကိုကြည့်ပြီး ရင်နာလိုက်သေးသည်။ ဒဟတ်ပင်နှင့် သန်းပင်တစ်ပင်တလေသာ ထိုးထိုးထောင်ထောင်နှင့် တောင်တန်းများအပေါ် မင်းမူနေ၏။

တောင်စဉ်တောင်တန်းများမှာ စိမ်းညို့မနေဘဲ ကျောက်ခဲများ၊ မြေကွက်များအရောင်ကြောင့် ပြာတစ်လှည့် ဖြူတစ်လှည့် ပုံသဏ္ဌာန်ထွက်နေပါသည်။ တောင်ပေါ်ရှိ ကျောက်တုံးများ မြင်ရသည်အထိ တောတောင်များ ပြောင်သလင်းရှိနေပါသည်။

စိတ်ထဲတွေးမိလိုက်သေးသည်။ “တောင်တလုံး”ဟု မခေါ်ဘဲ “တောင်ကတုံး”ဟုခေါ်က အနွတ္ထ အမည်ဖြစ်မှာ သေချာလေသည်ဟုဖြစ်သည်။

မြင်သမျှတောင်တန်းပေါ်ရှိ တောင်တိုင်းသည် ကတုံးသာ ဖြစ်နေခဲ့လေသည်။ ထိုတောင်တန်းကို “တောင်မင်းညို”ဟု ခေါ်ကြလေသည်။

မင်းဝံတောင်တန်းမှ ဧရာဝတီမြစ်ကို ငုပ်လျှိုးပေါ်ထွက်လာသည့် တောင်တန်းဖြစ်ပါသည်။

ဓာတ်ပုံရိုက်၊ ဆဲဖီလ်ဆွဲသောနေရာမှတစ်ဆင့် ဆင့်ကဲပေါ်ထွက်လာသော စွယ်တော်ဌာပနာများနှင့် ကျောက်စာတစ်ချပ်ကို ဆရာသမားက အရင်ကြည့်ပြီး ကျောက်စာကို ရတနာပုံခေတ် ကျောက်စာဟု မှတ်ချက်ပြုလေသည်။ ထိုမှတစ်ဆင့် ခြေတော်ရာကို ကြည့်ရှုလေသည်။ နဂါးလှေကားအတိုင်း ဆင်းခဲ့ပြီး တံတောင်ဆစ်သဖွယ် စီးဆင်းနေသော ချောင်းငယ်ထဲ၌ လမ်းလျှောက်ပြီး ကျောင်းတော်ရာသဖွယ် ပြုလုပ်ခဲ့ကြောင်း ဒုတိယမှတ်ချက် ထပ်ပြုလေသည်။

အပြန်လှေကားအတက်၌ ထက်ဝက်ကျိုးနေသော ကျောက်စာတစ်ချပ်ကို တစ်လုံးချင်းဖတ်ရှုစေပြီး ကျောက်စာစာအုပ်မှာ ပါဝင်နိုင်ကြောင်း ပြောပြလေသည်။

ထိုမှတစ်ဆင့် သိမ်ဟုခေါ်ဆိုအပ်သော နေရာနှင့် ရဟန္တာဂူဟုသမုတ်ထားသောနေရာ၊ ရှေးလူကြီး သူမတို့ တရားကျင့်ကြံရာနေရာများကို ကြည့်ရှုခဲ့ပြီး အမှောင်ရိပ်သန်းလာ၍ ပထမတစ်ခေါက် တံတားဦးက ကျောင်းတော်ရာရှိရာ ခရီးမှပြန်ခဲ့ကြပါသည်။ တစ်လုံးတည်းကွဲလျက်ရှိသောတောင်မှ ပင်လယ်ရေ မျက်နှာပြင်ထက် (၁၂၄၈) ပေရှိသည်ဟုသိရပါသည်။ ရှေးလူကြီးသူမတို့ ပြောစကားအရ တောင်တလုံးရွာကို မဏိစည်သူမင်းတည်ခဲ့သည်ဟု ဆိုပါသည်။

သို့သော်လည်း တွေ့ရှိချက်အထောက်အထားများအရ မဖြစ်နိုင်ကြောင်း စိတ်ထဲ၌ ဝန်ခံမိလေသည်။

သို့နှင့် ပထမအကြိမ် တံတားဦးက ကျောင်းတော်ရာရှိရာ တောင်တလုံးရွာမှ ပြန်ခဲ့ရလေသည်။

ဒုတိယအကြိမ်အဖြစ် တံတားဦးအင်းဝက သုတေသီဆရာ ဗိုလ်ရှိတ် (ရတနာပူရ) နှင့် ရောက်ခဲ့ပြန်သည်။ ဒုတိယအကြိမ်ခရီးစဉ်သည် အချိန်ကောင်းစွာမီသဖြင့် ကျောက်စာနှစ်ချပ်ကို ပထမတစ်ကြိမ်ထက် ကွဲပြားစွာဖတ်ရှုသလို ခြေတော်ရာကိုလည်း ညောင်ရမ်းခေတ်ခြေတော်ရာဟူ၍ မှတ်ချက်ပေးနိုင်ခဲ့လေသည်။

ကျောက်စာနှစ်ချပ်မှာလည်း ရတနာပုံခေတ်ကျောက်စာနှင့် ညောင်ရမ်းခေတ်ကျောက်စာဟူ၍ အတည်ပြုနိုင်ခဲ့သည်။ နောက်တစ်ကြိမ်ရောက်လျှင်ဖြင့် ကျောက်စာကူးဖို့အထိ ကိုဗိုလ်ရှိတ် (ရတနာပူရ)က ဆုံးဖြတ်ကြောင်း ပြောပြလေသည်။

ထိုမှတစ်ဆင့် တောင်တလုံးတောင်ခြေရှိ သတ္တဌာနနေရာကိုကြည့်ရှုခဲ့ပြီး ရှင်ဖြူရှင်မင်း၏ စစ်တိုက်ပြန်မော်ကွန်းပါ အင်းဝမြို့အနောက်တောင်ဘက် ရတနာမဉ္ဇူဘုရားဟူသည် တောင်တလုံးရွာရှိ ရတနာမဉ္ဇူဘုရားဖြစ်နိုင်ကြောင်း ပြောပြလေသည်။

ထိုသို့ သမိုင်းဝင်နေရာများ တည်ရှိလျက်ရှိသော တောင်တလုံးရွာကို သည်ထက်သုတေသနပြုနိုင်ဖို့ အားစိုက်ဖို့လိုကြောင်းလည်း တွေးမိပါသည်။

တောင်၏ အရှေ့ဘက်ဌာနများနှင့် တောင်၏အနောက်ဘက် ကျောင်းတော်ရာတူပုံစံကို အတည်ပြုပြီး “တံတားဦးက ကျောင်းတော်ရာ”ဟူ၍ တင်စားခေါ်သင့်ကြောင်း မှတ်ချက်ပြုမိပါသည်။

ဓာတ်ပုံရိုက်၊ ဆဲဖီလ်တံမှတစ်ဆင့် ဆင့်ကဲထွက်ပေါ်ထင်ရှားလာခဲ့သော ဌာပနာများနှင့် ကျောင်းတော်ရာပုံစံတူရှိရာ တံတားဦးနယ်ထဲက တောင်တလုံးရွာကိုလည်း ဘုရားဖူးများ လာရောက်လည်ပတ်နိုင်ကြောင်းနှင့် ကျောင်းတော်ရာပုံစံကိုလည်း သည်ထက် စနစ်တကျ တည်ရှိပါစေကြောင်း ဆုတောင်းရင်း တောင်တလုံးရွာမှ ဒုတိယအကြိမ် ခရီးပြန်ခဲ့ရလေသည်။

သမိုင်း (တံတားဦး)