News

POST TYPE

ARTICLE

ရဲရဲတောက် ဋီကာ
15-Sep-2019


“ဒီမယ် ညီလေး ... နိုင်ငံတော်အကျိုးပြုစာတွေ ရေးစမ်းပါ...တိုင်းပြည်အတွက် ဘာအကျိုးမှ မရှိတဲ့ ဘေးထိုင်ဘုပြော သရော်မော်ကား စာတွေ မရေးစေချင်ဘူး...ငါပြောတာ မင်းသဘော ပေါက်လား”

ကျွမ်းထိုးခိုင်းသည်ကို မထိုးပဲ ပေါင်ဖြဲပြသဖြင့် ဆပ်ကပ်ဆရာက ငေါက်ငမ်းခြင်းကို ခံနေရသည့် မျောက်ဖင်နီလေး၏ မျက်နှာကို မြင်ဖူးကြပါသလား။ မမြင်ဖူးကြသူများ အခုနေခါ မောင်ဗြိမည်သော ကျွန်တော့်မျက်ခွက်ကလေးကိုသာ လာကြည့်ကြပါ ခင်ညာ။

ဆပ်ကပ်ဆရာကြီးနှင့်တူသော အနှီပုဂ္ဂိုလ် ကျော်ကြီးရှေ့တွင် မထော်မနန်းလုပ်မိသဖြင့် မျက်လုံးလေး ပေကလပ်ဖြစ်နေသော မျောက်မောင်ဗြိအဖြစ်ကား ဖင်ယားပြီး လက်ဖက်ရည်ဆိုင်ထွက်ထိုင်မိရာက စပါသည်။

ဒီနေ့မနက်တော့ ပေါ့ဆိမ့်လေးနဲ့ စမူဆာရွရွ လေး ဝါးလိုက်ရလျှင်ဆိုသော ပီတိကလေးနှင့် ကျွန်တော် သည် ရပ်ကွက်ထဲရှိ လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ပါ သည်။

ဟိုသန်းမြိုင်ဆိုသော နှမဘေးလေးသည် ယမကာနက္ခတ်အလိုအရ ဤအချိန် မုတ်ဆိတ်သေတင်း ကုပ်တွင် မောနင်းပက်ဂျူတီရှိနေရမည့်အစား လက်ဖက်ရည်ဆိုင်သို့ ရောက်နေခြင်းက ကျွန်တော်၏ ကံဆိုးခြင်း အစပေတည်း။

“ကိုဗြိလာတာနဲ့ အတော်ပဲဗျာ၊ မိတ်ဆက်ပေး ချင်နေတာ၊ ကျွန်တော်တို့ဝိုင်း လာထိုင်ပါဦး”

ကျွန်တော့်ထက် အသက်လေးငါးနှစ်လောက်ကြီးမည် ထင်ရသည့် အနှီပုဂ္ဂိုလ်ကြီးဝိုင်းသို့ သန်းမြိုင် ဖိတ်ခေါ်မှုဖြင့် ကျွန်တော်လည်း ဝင်ထိုင်မိတော့သည်။

“ဒါ လှိုင်သာယာက ကျွန်တော့်အစ်ကိုဝမ်းကွဲလေ။ သူလည်း ကိုဗြိလိုပဲ စာတွေဘာတွေရေးတယ်။ သူ့ကလောင်နာမည်က ဘာတဲ့ အစ်ကို”

ပုဂ္ဂိုလ်ကြီးသည် သန်းမြိုင်အား သူ့ကလောင်ကို မေ့ရကောင်းလားဆိုသည့် မျက်စောင်းကြီးဖြင့်ထိုးရင်း “မောင်ဒီနီ လေကွာ”ဟု စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။

“ဟုတ် ဟုတ် မောင်ဒီနီတဲ့ ကိုဗြိ...ဒါ ကျွန်တော်တို့ ရပ်ကွက်က ကိုဗြိတဲ့။ သူလည်း စာရေးတယ်။ ကလောင် နာမည်က ဗြိတိသျှကိုကိုမောင်တဲ့”

“အိမ်း နည်းနည်းတော့ ကြားဖူးတယ်ကွ...နောက် ပေါက်ကလောင်လေးတွေပဲ”

စီနီယာဘုန်းကြီးရှေ့မှာ သင်္ကန်းတောင်းရွတ်နေရသော ဒုလ္လဘလေးလို ကျွန်တော့်မှာ ကုပ်ချိချိလေး ဖြစ်သွားပါသည်။ ခက်သည်က ကျွန်တော့်ရှေ့တွင် ထိုင်နေသော ရှေ့ပေါက်ကလောင်ကြီး မောင်ဒီနီကို ကျွန်တော် မသိခြင်းပင်။

အီတလီ ဂန္ထဝင်ဘောလုံးသမားကြီး မာဒီနီ၏ ယောက်ဖလားဟု မေးမိလျှင် ဆရာကြီးက ထထိုးမှာတော့ ကျိန်းသေသည်။ ကလောင်နာမည်ဆိုလို့ အခု ခေတ်စာရေးဆရာတွေ၊ စာရေးဆရာမတွေ နာမည်တွေက အဓိပ္ပာယ်ပါပါနှင့် လှပကြသည်။

ကျွန်တော့်ကလောင်ကြီးကျ ဗြိတိသျှကိုကိုမောင်တဲ့ ဘာကြီးမှန်းမသိ။ အူကြောင်ကြောင်ကလောင်ကြီး။ ကျွန်တော့် အဒေါ်လို ခင်မင်ရသော ဆရာမစံပယ်ဖြူနုဆိုလျှင် ဘယ်လောက်လှသည့်နာမည်လဲ။ သူ့ကလောင် နာမည်လေး ဖြစ်လာပုံကလည်း ဇာတ်လမ်းလေးနှင့်။

ဆရာမစံပယ်ဖြူနုသည် စာရေးဆရာမ မဖြစ်ခင်က ဘိုးဘွားရိပ်သာတွင် ပရဟိတလုပ်သည်။ အမျိုးသားစာပေဆုရ စာရေးဆရာမအလောင်းအလျာဆိုတော့ ပရဟိတလုပ်တာပင် စိတ်ကူးဆန်းလေးနှင့်။ အဘိုးအဘွားများကို ဆံပင်ဖြူလိုက်နုတ်ပေးပြီး ကုသိုလ်ယူသည်။

သည်လိုနှင့် အဘိုးအဘွားတွေက သူ့ကိုတွေ့လျှင် “ဟယ် ဆံပင်ဖြူနုတ်တဲ့ ကောင်မလေးလာပြီ...ဆံပင်ဖြူနုတ်လေးလာပြီ”ဟု ဆိုကြပြောကြသည်။

ဆရာမက စာရေးဆရာမ လုပ်မည်ဆိုတော့ သူပရဟိတလုပ်စဉ်က ရခဲ့သည့် ဆံပင်ဖြူနုတ်ဆိုသည့် အမည်ကို ကလောင်နာမည်ပေးလိုက်သည်။

သို့သော် စာစီစာရိုက်ကလေးမက အိပ်ချင်မူးတူးဖြင့် စံပယ်ဖြူနုဟု မှားရိုက်လိုက်ရာမှ ဒီကလောင် ဖြစ်လာသည်ဟု ကျွန်တော့်ကို သူ့ကိုယ်တိုင်ပြောပြဖူးသည်။

“ရေသေအိုင်” စာအုပ်ဖြင့် လတ်တလော နာမည်ကျော်နေသည့် ဆရာလင်းခါးကျတော့ တစ်မျိုး။

သူက မနက်မိုးလင်းတာနဲ့ ဘီအီးကို မောနင်း ပက်တတ်သည်။ မိုးလင်းတာနဲ့ အခါးဓာတ်လေးနှင့် အစပျိုးတတ်သည့် သူ့ကိုယ်သူ ဂုဏ်ပြုပြီး ကလောင်နာမည်ကို လင်းခါးဟု ပေးဖြစ်သည်ဟု ကြားဖူးသည်။ နောက် ကျွန်တော့်ကို တူလိုသားလို ခင်မင်သော မန္တလေးက ဆရာမတစ်ယောက် ရှိသေးသည်။

ဖူးစာရေးနတ် မြားနတ်မောင်မှ အိမ်ထောင်ကျ ရောလဟယ်ဆိုပြီး သူ့ထံပစ်လိုက်သော မြားများသည် သူ့ကိုချော်ပြီး သူများတွေကို မှန်မှန်သွားသဖြင့် ချော်ပြီးမှန်ရဲ့ သံတူကြောင်းကွဲ ချောအိမာန်ဟု ကလောင်နာမည်ယူရခြင်းတဲ့။

နောက် ရည်းစားစကားမပြောရခင်ကတည်းက ကောင်မလေးက နင်နဲ့ငါပြတ်ပြီဟု ကြိုပြောခံရသည့် အလား ဂေါ်မစွံ ဘူပိတ်ကဗျာတွေရေးသည့် စစ်ငြိမ်းတို့၊ ဆန်းကျော်စွာဝင်းတို့တွေ ရှိသေးသည်။ ဒီဘဲတွေဆို ကိုယ့် စိတ္တဇလူသတ်သမားရုပ်တွေမှ အားမနာ အလွမ်းကဗျာတွေ ရေးနေသော်လည်း နာမည်လေးတွေက အရမ်းလှတော့ သင်းတို့ မျက်နှာဆိုးတွေကို မမြင်ရသေးခင်မှာ ဆော်ကလေးတွေ ပါးစပ်ဖျား ရေပန်းစားနေသည် မဟုတ်လား။

ကိုင်း ဘယ်လောက်နှိပ်သတုံး။

ကျွန်တော်ကျ ဗြိတိသျှကိုကိုမောင်တဲ့။ နာမည်ကြားတာနဲ့ကို ပါတော်မူချင်စရာကောင်းနေပြီ။

နို့ အခုလာပြန်ပြီတစ်ယောက်။ မောင်ဒီနီတဲ့။

“ငါ့ညီက ဘာစာတွေ ရေးတာလဲ”

“သရော်စာတွေ ရေးတာပါ”

အဲ့ဒီမှာ စတာပါ။

ကိုယ်တော်ကြီးက ချက်နို့ဆီရောင်သန်းနေတဲ့ လက်ဖက်ရည်ထဲကို အီကြာကွေးကြီး နှစ်လိုက်ပြီးမှ “အေးကွ” အစချီပြီး ယခုဆောင်းပါးရဲ့ ထိပ်ဆုံးမှာပါ တဲ့ စာပေဩဝါဒကို ခြွေပါလေတော့သတည်း။

ဆရာသခင်၏ ဩဝါဒကို ပြန်ကောက်ရလျှင်

“ဒီမယ် ညီလေး... နိုင်ငံတော်အကျိုးပြုစာတွေ ရေးစမ်းပါ...တိုင်းပြည်အတွက် ဘာအကျိုးမှ မရှိတဲ့ ဘေးထိုင်ဘုပြော သရော်မော်ကားစာတွေ မရေးစေချင်ဘူး...ငါပြောတာ မင်း သဘောပေါက်လား”ဟု ဆိုသည်။

“ဆရာရယ်... သရော်စာဆိုတာ ခေတ်အဆက်ဆက် ဒီလိုပဲ အာဏာရှင်တွေ၊ အစိုးရတွေ၊ ရေပေါ်ဆီ လူမှုအသိုင်းအဝိုင်းတွေ၊ ဖိနှိပ်သူ လူတန်းစားတွေ၊ ခေတ်ရဲ့ ပြယုဂ်တွေကို လှောင်ပြောင်ရေးရတာ မဟုတ်လားဗျာ”

ကျွန်တော် အယူခံဝင်သည်။

အီကြာကွေးကို ဗလုံးဗထွေးဝါးနေသော အထက်ရုံးတော် မောင်ဒီနီက ကျွန်တော့်အဆိုကို ပယ်ချသည်။

“အဲ့ဒါ အရင်ခေတ်ကပဲရမယ်။ အခု ပြည်သူတင်ထားတဲ့ အစိုးရကို မရဘူးကွ။ နားလည်လား။ အာဏာရှင်ခေတ်မှာ မင်းတို့ ဒီလိုရေးခွင့်ရလို့လား”

“အာဏာရှင်ခေတ် ရေးရင် ဖမ်းမှာပေါ့ခင်ညာ။ ရေးလို့ရတဲ့ အခွင့်အရေးရပြီမို့ ရေးမိတာပါခင်ညာ။ ပြီးတော့ အစိုးရကို ဝေဖန်တဲ့သရော်စာမရေးရဘူးလို့ ဥပဒေမထုတ်ထားဘူး မဟုတ်လားဟင်”

“ဥပဒေတော့ရှိမလားကွ။ မင်းတို့ မြန်မာတွေ မတိုးတက်တာ အဲ့ဒါပဲ။ ဒီအချိန်က တိုင်းပြည်သစ်ဆီ ရုန်းကန်နေရတဲ့အချိန်ကွ။ ဂျပန်မှာဆို ကမ္ဘာစစ်ပြီးတော့ ဂျပန်ပြည်သူတွေဟာ ကြိုးစားကြတာ ညတောင် မအိပ်ဘူး”

“ဪနေ့ဘက် အိပ်ကြတာလား”

“ဟိတ်ကောင် ဒါနောက်စရာမဟုတ်ဘူး။ မင်းတို့က စပြောင်းလဲရမှာ။ ဘေးထိုင်ဘုပြောတွေ မရေးနဲ့တော့။ ခေတ်ပြောင်းချိန်မှာ လူငယ်တွေ အလင်းရစေတဲ့ စာပေတွေရေးစမ်း။ ဘယ့်နှယ် ပြည်တော်သစ်ဆီ သွားမယ့်လမ်းမှာ မင်းတို့လို အဆီတော်ရစ်နေတဲ့ အချောင်သမား စာရေးဆရာတွေကြောင့် ခက်တယ်ကွာ”

ဗုဒ္ဓေါကြီး။

သရော်စာလေးရေးမိတာ စွဲချက်က ပြင်းလှချည်လား။

“သရော်စာ ဆိုတာ အလွဲလေးတွေကို ဟာသအုပ်ပြီး ဝေဖန်တာပါခင်ဗျာ။ အင်္ဂလိပ်ခေတ်က ရွှေတိဂုံဘုရားပေါ် ဂေါ်ရာစစ်တပ်စွဲထားတာ ရွှေ့ပေးဖို့ကိစ္စတောင် ဘကြီးဘဘေတို့နဲ့ ဗြိတိန်က လေဘာရီဗြူး သတင်းစာကြီးပေါင်းပြီး ဆောင်းပါးတွေ၊ သရော်စာတွေရေးမှသာ ဗြိတိန်အစိုးရက သတိထားမိပြီး စစ်တပ်ကို ဖယ်ခိုင်းတဲ့သာဓကတွေ ရှိပါတယ်ခင်ဗျာ။

“ပြီးတော့ ကျွန်တော်က အခုအချိန်မှ ပြောင်းပြီး “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ... ခေါင်းဆောင်ကြီးများနှင့်ညီ... ရှေ့သို့ချီ”ဆိုပြီး ရေးရင် အယ်ဒီတာတွေက လက်ခံပါ့မလားဗျာ။ ပြီးတော့ ကျွန်တော် အဲ့ဒါမျိုး မရေးတတ်ဘူးခင်ည။ အဲ့ဒါမျိုး ရေးတတ်လို့ကတော့ ဟိုအရင် စစ်စေတနာရှင်အစိုးရနဲ့ ပြည်ခိုင်ဖြိုးအစိုးရ ခေတ်ကတည်းက အစိုးရသတင်းစာတွေမှာ ရေးပြီး ပါမစ်ထုတ်စားနေပြီပေါ့ဗျာ”

“ဟိတ်ကောင် ဘယ်အယ်ဒီတာမှ မလိုဘူး။ ငါရေးတဲ့နေရာမှာရေး။ ငါ့ဆီသာပို့။ အရင်ကကောင်တွေ လွဲတာဆို ကြိုက်သလိုသာဆဲ။ အဲ့ တခြားတော့ မထိနဲ့။ ရဲရဲတောက် မောင်ဒီနီဆီသာပို့”

ရဲရဲတောက် ဆရာမောင်နီဒီရဲ့ ကျေးဇူးနဲ့ ကျွန်တော် မောင်ဗြိလေး စာရေးစရာ နေရာတစ်နေရာ တိုးလေပြီ။

“ဆရာမောင်ဒီနီက ဘယ်မှာ စာရေးတာလဲ ခင်ဗျာ”

“ဘယ်မှာရေးရမှာလဲ။ ဖေ့စ်ဘွတ်ခ်မှာပေါ့ကွ။ ဒီမှာကြည့် ရဲရဲတောက်မောင်ဒီနီ ဆိုတာ ငါ့အကောင့်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲကာလကတည်းက တိုက်ပွဲဝင်လာတာကွ။ သမိုင်းရှိပြီးသား။ နှယ်နှယ်ရရမှတ်လို့ ဖော်လိုဝါတစ်သောင်းရှိတယ်...မြင်လား... မင်းလည်း တိုင်းပြည်အတွက် အကျိုးပြုတဲ့ စာရေးဆရာဖြစ်ချင်ရင် ငါရေးသလိုတွေရေး... ပြီးရင် ငါ့ဆီပို့ပေး ငါပြန် Share ပေးရင် မင်းနာမည်ကြီးပြီမှတ်”

“ဪ ဆရာမောင်ဒီနီရယ်။ ဖေ့စ်ဘွတ်ခ်မှာ ရေးရင် ဘယ့်နှယ်စာမူခရမလဲ။ ကျွန်တော်က စာမူခလေးနဲ့ ရပ်တည်နေရတာ။ ပြီးတော့ ဖေ့စ်ဘွတ်ခ် ဆိုတာက”

“ဟိတ်ကောင်လုပ်မနေနဲ့။ တိုင်းပြည်အတွက် အရေးကြီးသလား၊ စာမူခက အရေးကြီးသလား။ မင်းတို့ ဂျာနယ်၊ သတင်းစာတွေမှာ ရေးတာတွေလည်း ဖေ့စ်ဘွတ်ခ်ပေါ် တင်ကြရတာပဲမဟုတ်လား။ မင်းတို့ စာနယ်ဇင်းတွေ ပေ့ချ်မှာ အချိုးမပြေတဲ့ ဆောင်းပါးတွေ တွေ့ရင် ငါ့ကလောင်စွမ်းနဲ့ ကွန်မန့်မှာ ဝင်ဆဲနေကျကွ။ ငါ့ ဘာမှတ်တုံး”

အီကြာကွေးလည်း ကုန်။ လက်ဖက်ရည်လည်း ပလုံပြီ။

ဖေ့စ်ဘွတ်ခ်စာရေးဆရာ တိုင်းပြုပြည်ပြု ရဲရဲ တောက်မောင်ဒီနီကြီး ရှေ့တွင် အဟိမ်းအဟောက်ခံနေရသော ကျွန်တော့်ကို သန်းမြိုင်က အလွန်သနား သောအကြည့်များဖြင့် ကြည့်ရှာသည်။

“မင်းတို့လူငယ်တွေ သဘောပေါက်စေချင်တယ်ကွာ”

ကူလီခေါင်းက အလုပ်ဖြုတ်ပစ်လိုက်သော အထမ်းသမားလေးတစ်ယောက်ကဲ့သို့ လက်ဖက်ရည်ဆိုင်ထဲက မျက်နှာငယ်လေးနှင့် ထွက်လာသော ကျွန်တော့်ကို တစ်ဆိုင်လုံးက တိတ်ဆိတ်စွာလိုက် ကြည့်နေကြပါသည်။

ပြန်မှဖြစ်မည်။ ဒီကနေ့ ဒီအကြောင်း သရော်စာတစ်ပုဒ်တော့ သမိုင်းပေးတာဝန်အရ ရေးရမည်။

သို့သော် သတင်းစာ၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် ဤဆောင်းပါးကိုတင်ပါက ဖေ့စ်ဘွတ်ခ်စာရေးဆရာကြီး ရဲရဲတောက်မောင်ဒီနီ ကွန်မန့်ဘောက်စ်တွင် ထိပ်ဆုံးက လာဆဲမှာကို တွေးမိရင်း ကျွန်တော်မောင်ဗြိတစ်ယောက် ကြက်သီးများပင် ထမိလေတော့သည်။

ဗြိတိသျှကိုကိုမောင်



  • VIA