News

POST TYPE

ARTICLE

ဗစ်တိုးရီးယားကလေးငယ် ထွက်ဆိုချက်နှင့် ဒုရဲချုပ်၏ ပြောကြားချက် သိသာစွာ ကွဲလွဲ
12-Sep-2019


နေပြည်တော် Wisdom Hill မူကြိုကျောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၁ ရက်နေ့က တရားရုံးရှေ့တွင် ကာယကံရှင် ဗစ်တိုးရီးယားလေး၏ ထွက်ဆိုချက်များမှာ သမ္မတအိမ်တော်တွင် ဒုရဲချုပ်က မီဒီယာများကိုဖြေကြားခဲ့သောအမှု စစ်ဆေးပေါ်ပေါက်ချက်များနှင့် သိသာစွာ ကွဲလွဲမှုများရှိခဲ့သည်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် တရားသူကြီးနှစ်ဦးထိုင်၍ ခုံရုံးဖွဲ့စစ်ဆေးနေသော Wisdom Hill မူကြိုကျောင်းမှ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် ဗစ်တိုးရီးယားလေးကို တရားခွင်မဟုတ်သည့် သီးသန့်ခန်းတစ်ခန်း၌ Video Conferencing ဖြင့် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက စစ်ဆေးခဲ့သည်။

တရားလိုပြသက်သေအဖြစ် အမှုတွင် ပါဝင်နေသော ဗစ်တိုးရီးယားလေးကို စစ်ဆေးရာတွင် ကလေးစိတ်ဖိစီးမှုများ မရှိစေရန် စစ်ဆေးမည့်အခန်းထဲ၌ ကစားစရာအရုပ်များ ထားရှိပေးပြီး ၎င်းနှင့် အသက်ရွယ်တူ အခြားကလေးတစ်ဦးကိုပါ ထားရှိပေး၍ ကလေးနှင့်ရင်းနှီးအောင် ပြုလုပ်ထားသော တရားရေးမှ အမျိုးသမီး၊ ကလေး၏ အဒေါ်ဖြစ်သူတို့ကို ဒက္ခိဏခရိုင်တရားရုံးက ခေါ်ထားပေးခဲ့သည်။

ဗစ်တိုးရီးယားလေးကို မစစ်ဆေးခင် ခုံရုံးဥက္ကဋ္ဌ ခရိုင်တရားသူကြီးက ကလေးသူငယ်မှာ မေးမည့်မေးခွန်းများကို နားလည်နိုင်စွမ်း ရှိမရှိ သိရှိစေနိုင်ရန် ကလေး၏ အမည် ယနေ့ နံနက်တွင် ဘာစားခဲ့သည် စသည့် ပဏာမမေးခွန်းအချို့ကို မေးမြန်းခဲ့ရာ၌ ကလေးမှာ ကောင်းမွန်စွာ ဖြေဆိုနိုင်သဖြင့် ဆင်ခြင်တုံတရားနှင့် ကလေးမှာ ဖြေဆိုနိုင်စွမ်းရှိကြောင်း တရားသူကြီးက မှတ်ချက်ပြုခဲ့သည်။

ယင်းနောက် ဗစ်တိုးရီးယားလေး၏ ဖခင်က ရုံးတော်ထံ သက်သေခံ (ဂ) အဖြစ် တင်သွင်းထားသည့်အထဲမှ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကို ကလေးအား ပြသစစ်ဆေးမေးမြန်းရန် တရားလိုဘက်က ရှေ့နေနှင့် ဥပဒေအရာရှိဘက်မှ လျှောက်ထားခဲ့ရာ တရားရုံးက ခွင့်ပြုခဲ့သဖြင့် ဓာတ်ပုံ ၆ ပုံကို ဗစ်တိုးရီးယားလေးအား ပြ၍ စစ်ဆေးမေးမြန်းခဲ့သည်။

ဓာတ်ပုံ ၆ ပုံ၏ နောက်တွင် နံပါတ်စဉ်များရေးထားပြီး ပုံ (၁) တွင် ပဝါခြုံထားသည့် အမျိုးသမီး၏ ဓာတ်ပုံနှင့် ပုံ (၂) တွင် လူငယ်နှစ်ဦး၏ပုံ ပါဝင်ခဲ့သည်။ ပုံ (၃) တွင် ဖမ်းဆီးတရားစွဲဆိုထားသူ အောင်ကြီး ဓာတ်ပုံနှင့် ပုံ (၄) တွင် လူငယ်နှစ်ယောက် ဓာတ်ပုံထဲတွင်ပါရှိသည့် တစ်ဦးပုံကို ပြသခဲ့သည်။ ပုံ (၅)တွင် ဆရာမ နှင်းနုပုံနှင့် ပုံ (၆) တွင် လူငယ်နှစ်ဦး တွဲရိုက်ထားသည့် ဓာတ်ပုံကိုပြသခဲ့ရာ ကလေးက ပုံ (၅) ဓာတ်ပုံမှာ တီချယ်နှင်းနုဖြစ်ကြောင်းနှင့် မီးမီး ဖင်ဖုကို တီချယ်နှင်းနုက ဆေးပေးခဲ့ကြောင်း တရားသူကြီးရှေ့တွင် ပြောကြားခဲ့သည်။ ယင်းအပြင် ပုံ (၃) တွင် ပါရှိသူ အောင်ကြီးကို မသိကြောင်းနှင့် ပုံ (၂) တွင် ပါရှိသည့် လူငယ်နှစ်ဦးမှာ ကိုကိုငယ်နှင့် ကိုကိုကြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် လူငယ်နှစ်ဦးပါ ဓာတ်ပုံကို ဗစ်တိုးရီးယားလေးက ရွေး၍ ပုံအား လက်ဖြင့်ရိုက် ဖနောင့်နှင့်ပေါက်ပြီး မီးမီးရင်ဘတ်ကို ကိုကိုငယ်က လက်နှင့် ဖိတယ်၊ ကိုကိုကြီးက ဖင်ဖုကို ဆိတ်တယ်ဟု ရုံးတော်တွင် ထွက်ဆိုသွားသည်။

ယနေ့ တရားခွင်အပြီးတွင် ကိုအောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်က “အမှန်တရားဆိုတာက အစကတည်းက အစောကြီးပေါ်နေတဲ့ကိစ္စပါ။ ကျွန်တော်တို့က ပိုထင်ရှားအောင် ဝင်ပါပြီး မီးမောင်းထိုးပြတဲ့သဘောပါဗျာ” ဟု ဦးခင်မောင်ဇော်က ဆိုသည်။

ဗစ်တိုးရီးယားဘက်က ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်ကလည်း အဓိကသက်သေဖြစ်သည့် ကလေးငယ်၏ ထွက်ဆိုနိုင်မှုအပေါ် ရုံးတော်ကပင် အံ့ဩတကြီးဖြစ်ခဲ့ကြကြောင်း ပြောသည်။

အဆိုပါအမှုတွင် မုဒိမ်းမှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသူ အောင်ကြီးမှာ Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းအဖြစ် အလုပ်စဝင်သည့်နေ့မှာပင် မူကြိုကျောင်းတက်နေသူ ဗစ်တိုးရီးယားလေးကို မဖွယ်မရာပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲချုပ် အောင်နိုင်သူက မီဒီယာများကို ပြောကြားခဲ့သည်။

CID က စစ်ဆေးခဲ့သည့် အဆိုပါ အမှုတွင် ချုပ်ရမန်ဖြင့် ဖမ်းဆီးစစ်ဆေးခံရသူအောင်ကြီးမှာ တရားစွဲဆိုနိုင်လောက်သည်အထိ သက်သေမခိုင်လုံသဖြင့် တရားရုံးက လွှတ်ပေးခဲ့သော်လည်း ရဲတပ်ဖွဲ့က ဒုတိယအကြိမ်မြောက် ထပ်မံဖမ်းဆီး၍ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ခဲ့သည်။

ဆေးခြောက်သုံးစွဲမှုဖြင့် ထောင် ၇ နှစ် ကျခဲ့သူ အောင်ကြီးမှာ ယခုနှစ် နှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာပြီးနောက် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သော မိဘများထံ လာရောက်ခဲ့သည်။

ယင်းနောက် ညီဝမ်းကွဲတော်စပ်သူ၏ အဆက်အသွယ်ဖြင့် Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာထံတွင် ယာဉ်မောင်းအဖြစ် အလုပ်စဝင်ချိန် ဗစ်တိုးရီးယားလေးကို မဖွယ်မရာပြုလုပ်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံရခြင်းဖြစ်ပြီး ကျောင်းဝင်းအတွင်း အမျိုးသမီးများမှအပ အောင်ကြီးတစ်ဦးတည်းသာ ဝင်ထွက်သွားလာခဲ့သည့် CCTV မှတ်တမ်းများကို ဒုရဲချုပ် အောင်နိုင်သူက မီဒီယာများထံ ပြောကြားခဲ့သည်။

အောင်ကြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်းကို အချက်လေးချက်နှင့် ခိုင်လုံစွာ ဒုရဲချုပ်က ရှင်းပြခဲ့သော်လည်း Wisdom Hill မူကြိုကျောင်းမှ ဗစ်တိုးရီးယားလေးနှင့် အနီးကပ်ရှိနေခဲ့သော ဆရာမနှင်းနု အပါအဝင် နှစ်ဦးက ယင်းဖြစ်စဉ်ကို အောင်ကြီးကျူးလွန်ခဲ့သည်ဟု မယူဆကြောင်း မီဒီယာများထံ ဖြေကြားထားသည်။

အဆိုပါ ဆရာမ နှစ်ဦးက ၎င်းတို့မှာ ကလေးနှင့် အချိန်ပြည့် အနီးကပ်ရှိနေသောကြောင့် အောင်ကြီးမှာ ယခုကဲ့သို့ အမှုဖြစ်စဉ်မျိုးကို ကျူးလွန်နိုင်ရန် လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုထားပြီး ဗစ်တိုးရီးယားလေးကလည်း ၎င်းကို မဖွယ်မရာလုပ်ခဲ့သူမှာ ကိုကို ညီညီဖြစ်ကြောင်းနှင့် တီချယ်နှင်းနုသိတယ်၊ တီချယ်နှင်းနု မီးမီးဖင်ကို ဆေးပေးခဲ့တယ်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့တွင် အကြိမ်ကြိမ်ထွက်ဆိုခဲ့သည်။

ကလေး၏ထွက်ဆိုချက်ကြောင့် ရဲအရာရှိ၏ ဇနီးဖြစ်သူ ဒေါ်ဥမ္မာ၏ သားနှစ်ဦးကို စစ်ဆေးခဲ့သော်လည်း DNA မတူခဲ့ကြောင်းနှင့် စစ်ဆေးခံရသည့် ကလေး နှစ်ဦးမှာ နစ်နာမှုများရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒုရဲချုပ် အောင်နိုင်သူက ပြောကြားခဲ့သည်။

ဆယ်တန်းနှင့် ရှစ်တန်း တက်ရောက်ပညာသင်ကြားနေသော Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးမှာ မိခင် အလုပ်လုပ်ကိုင်နေသည့် မူကြိုကျောင်းသို့ ရံဖန်ရံခါ လာရောက်တတ်ကြောင်း ယင်းမူကြိုကျောင်းရှိ ဆရာမတစ်ဦးက ပြောဆိုထားသော်လည်း ဆရာမ နှင်းနုကမူ ဒေါ်ဥမ္မာ၏ သားနှစ်ဦးမှာ ကျောင်းသို့ တစ်ခေါက်မှ လာရောက်ဖူးခြင်းမရှိကြောင်း ပြောဆိုထားသည်။

ဗစ်တိုးရီးယားလေးမှ တီချယ်နှင်းနု ဆေးပေးတယ်။ ကိုကို ညီညီတို့ကို တီချယ်နုင်းနှ ခေါ်ဆူတယ်ဟု ပြောကြားခဲ့သော်လည်း ယင်းဖြစ်စဉ်ကို ဆရာမနှင်းနုကမသိကြောင်း ငြင်းဆိုထားပြီး အဆိုပါအမှုကို မစစ်ဆေးခင် နိုင်ငံတစ်ဝန်း၌ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသည်။

လူအများ စိတ်ဝင်စားခဲ့သည့် ဗစ်တိုးရီးယားအမှုကို စက်တင်ဘာ ၁၁ ရက် နေ့က ခြောက်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာတွင် ရပ်နီးရပ်ဝေးမှ ဝန်းရံသူများ ရောက်ရှိလာသော်လည်း ကလေးသူငယ်ကို စစ်ဆေးမည်ဖြစ်သဖြင့် တရားခွင်ထဲ ဝင်ရောက်ကြားနာခွင့် မရရှိခဲ့ပေ။

တရားလိုဖြစ်သူ ဗစ်တိုးရီးယားလေး၏ မိခင်အပါအဝင် ဖခင်၊ အဘွားနှင့် ဗစ်တိုးရီးယားလေးတို့ကို စစ်ဆေးခဲ့ရာ၌ ဒုရဲချုပ် အမှုဖြစ်စဉ်အပေါ် မီဒီယာများထံ ရှင်းပြခဲ့သည့် အချက်အလက်များနှင့် ကွဲလွဲမှုများ ရှိနေခဲ့သည်။

ယင်းအမှုကို စက်တင်ဘာ ၂၄ ရက် နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး အဆိုပါရုံးချိန်းနေ့၌ Wisdom Hill မူကြို ကျောင်းတွင် အလုပ်လုပ်နေသူ နှစ်ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေများထံမှ သိရသည်။

လူအများ စိတ်ဝင်စားနေသည့် ဗစ်တိုးရီယားအမှုမှ ဆရာမ နှင်းနုကို လာမည့် အောက်တိုဘာလထဲတွင် ရုံးတော်က ခေါ်စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးကလည်း ယင်းအမှုကို ကိုင်တွယ်စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ခိုင်စိုးလင်း