News

POST TYPE

ARTICLE

အောင်သပြေက မြေစာပင်များ
10-Sep-2019


နံနက်ခင်းတိုင်း ကျောင်းသွားရန် စောစောထလေ့ရှိသော အသက် ၁၂ နှစ်အရွယ် သတ္တမတန်း ကျောင်းသူ မစန္ဒီထွန်း ကျောင်းသွားဖို့ပြင်ဆင်နေသည်။ သို့သော် ယနေ့သည် သူကျောင်းသွားဖို့မဟုတ်။ စတုတ္ထတန်း ကျောင်းသားမောင်လေးနှင့် ကေဂျီတန်း ကျောင်းသူ ညီမလေးအတွက် ပြင်ဆင်ပေးနေရခြင်း ဖြစ်သည်။

စန္ဒီထွန်းသည် အောင်သပြေကျေးရွာသူလေး။ ဦးအောင်ခိုင်မိုးနှင့် ဒေါ်ငြိမ်းဌေးတို့၏ သမီးကြီးဖြစ်သည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ၆ တန်းအောင်မြင်ပြီး ယခုနှစ်တွင် ၇ တန်းတက်ရမည်ဖြစ်သော်လည်း မိခင်မှာ အမှုဖွင့်ခံထားရ၍ မောင်နှင့် ညီမကို ပြုစုစောင့်ရှောက်ရမည်ဖြစ်သောကြောင့် ကျောင်းထွက်လိုက်ရသည်။

နေ့စဉ်စားသောက်ရေးအတွက် အိမ်နီးနားချင်းများက ကျွေးမွေးထားသည်များရှိသလို၊ ရံဖန်ရံခါတွင် ဖခင်ဖြစ်သူမှာ တိတ်တဆိတ် အိမ်ပြန်လာပြီး ထမင်းဟင်း ချက်ကျွေးလေ့ရှိသည်။

စန္ဒီထွန်းလေးက နံနက်ခင်း မောင်ငယ်နှင့် ညီမငယ်တို့ ကျောင်းသွားနိုင်ဖို့ ထမင်းကျွေးရသည်၊ ရေမိုးချိုး မျက်နှာသစ်ပေးပြီး ကျောင်းဝတ်စုံများလဲပေးသည်။ သနပ်ခါးသွေးကာလိမ်းပေးပြီး ကျောင်းသွားနိုင်ရေး ပြင်ဆင်ပေးရသည်။

နံနက်ခင်း ကျေးရွာအတွင်း ကြေးစည်သံ၊ ဆွမ်းတော်ဗျို့အော်သံနှင့်အတူ မိနစ်ပိုင်းအကွာမှာပင် မောင်လေးနှင့် ညီမလေးကို ကျေးရွာ စာသင်ကျောင်းသို့ လိုက်ပို့ရမည့် စန္ဒီထွန်းလေးကတော့ မောင်နှင့် ညီမငယ်ကို တစ်ဖက်စီဖက်၍ ကျောင်းရှိရာသို့ လိုက်ပို့ခဲ့သည်။

“သမီးက ကျောင်းတက်ချင်တာ၊ မောင်လေးနှင့်ညီမလေးက ရှိနေတော့ သူတို့ကျောင်းတက်ဖို့ လုပ်ရတယ်။ သူတို့ကို ပြင်ဆင်ပေးမယ့် အမေက ဝရမ်းပြေးဖြစ်နေတယ်”ဟု ခုနစ်တန်း ကျောင်းသူလေး စန္ဒီထွန်းက ဆိုလေသည်။

အမေဖြစ်သူ ဝရမ်းပြေးဖြစ်ရသည့် အကြောင်းရင်းနှင့် စန္ဒီထွန်း မိသားစုတို့၏ အခက်အခဲများက အောင်သပြေကျေးရွာနှင့် ခြံစည်းရိုးသာ ခြားထားသော အယ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ကြရာမှ စတင်မွေးဖွားခဲ့ခြင်းဖြစ်သည်။

သရက်၊ မာလကာ၊ ငှက်ပျော စသည့် ဥယျာဉ်ခြံ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် အိမ်ခြေနှစ်ရာဝန်းကျင်သာရှိသော အောင်သပြေကျေးရွာလေးသို့ ၂၀၁၄ ခုနှစ်တွင် မြင့်ရင်းနှီးမြှုပ်နှံမှု အုပ်စုကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတစ်ခုတို့ ပေါင်းစပ် ရင်းနှီးမြှုပ်နှံထားသည့် Myanmar Conch Cement ကုမ္ပဏီလီမိတက်က ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် စတင်ဝင်ရောက်လာခဲ့ရာ နောင် ၄ နှစ်ခန့်အကြာတွင် တစ်နိုင်ငံလုံးကို ဟိုးလေတကျော်ဖြစ်စေမည့် သွေးထွက်သံယို ပဋိပက္ခများ ဖြစ်ပွားလာမည်ကို ကြိုတင်မှန်းဆနိုင်ခြင်း မရှိခဲ့ကြပေ။

စီမံကိန်းမှဝန်ထမ်းအချို့ စတင်ရောက်ရှိစဉ်က ဒေသခံတို့ကို ကုမ္ပဏီတစ်ခုတည်ဆောက်ရန်အတွက် ဖြစ်ကြောင်းကိုသာ အသိပေးပြောဆိုပြီး မည်သည့်လုပ်ငန်းအမျိုးအစားကို လုပ်ဆောင်မည်ဖြစ်ကြောင်းကို အသိပေးခြင်းမရှိခဲ့ကြောင်း ဒေသခံတွေက ဆိုကြသည်။

ယင်းသို့မသိကြသည့်အတွက် မည်သည့်ကန့် ကွက်မှုမျှပြုလုပ်ခြင်းမရှိခဲ့သည့်အပြင် စမ်းသပ်ကာလမြေများကို တွင်းတူးစမ်းသပ်စဉ်က လိုအပ်ခဲ့သည့် လုပ်သားအင်အားအတွက် ဒေသခံများကပင် နေ့စားဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။

“စမ်းသပ်မှုတွေ စတင်လုပ်လာပြီးတော့ ရွာကို အမျိုးမျိုးစည်းရုံးတယ်။ ခလုတ်ကို နှိပ်လိုက်ရင် မီးအော်တိုရမယ်။ ဘဲကိုဖွင့်လိုက်ရင် ရေအော်တိုရမယ်။ ဒါတွေအကုန်လုံး ရွာကိုလုပ်ပေးမယ်။ ရွာက ဘာမှမသိဘူး။ ဘာစက်ရုံဆောက်မှာမှန်းလည်းမသိဘူး” ဟု ကုမ္ပဏီကို ကန့်ကွက်သူ အောင်သပြေရွာသား ဦးကျော်ဇေယျက ဆိုသည်။ 

အဆိုပါစက်ရုံစီမံကိန်းတွင် စက်ရုံမြေတည်ဆောက်ခြင်းအတွက် ၂၁၁.၇၀ ဧက၊ ကဘဲတောင် ပေါ်တွင် ဓာတ်သတ္တုတူးဖော်မည့်အကျယ်အဝန်းက ၅၄၃ ဧကနှင့် မြေတောင်ပေါ်တွင်တူးဖော်မည်က ၇၄ ဧက၊ စုစုပေါင်း ၈၂၈.၇၀ ဧက အကျယ်အဝန်းရှိကြောင်း စက်ရုံစီမံကိန်းတာဝန်ခံ ဦးဝင်းလှိုင်က အတည်ပြုသည်။

စမ်းသပ်ကာလ တစ်နှစ်ပြည့်ချိန် နောက် ၂၀၁၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာနက ဓာတ်သတ္တုတူးဖော်ခွင့်ပြုလိုက်သော်လည်း စက်ရုံဆောက်လုပ်ရန်အတွက် လိုအပ်သည့် စက်ယန္တရားများရရှိနိုင်ရေး စောင့်ဆိုင်းနေခဲ့သည့်အတွက် စီမံကိန်းကို ရပ်နားထားခဲ့ရသည်။

စက်ရုံတည်ဆောက်မည့်နေရာသည် အောင်သပြေကျေးရွာနှင့် တစ်မိုင်နီးနီးသာဝေးသည့်နေရာတွင်ဖြစ်ပြီး၊ ဓာတ်သတ္တုတူးဖော်မည့်နေရာကတော့ မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအဝန်းအဝိုင်းထဲတွင် တည်ရှိနေသည်။

NLD အစိုးရသစ်တက်လာပြီးချိန် ၂၀၁၆ ခုနှစ် စက်ရုံကို ဆက်လက်တည်ဆောက်ခဲ့ပြီး တည်ဆောက်နေစဉ် အောင်သပြေကျေးရွာဒေသခံတို့ စတင်ကန့်ကွက်မှုများပြုလုပ်လာခဲ့ရာ ယင်းသို့ကန့်ကွက်သူများတွင် စန္ဒီထွန်း၏ မိခင်ဖြစ်သူ ဒေါ်ငြိမ်းဌေးပါဝင်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘိလပ်မြေစက်ရုံစီမံကိန်း လုပ်ကိုင်ခွင့်ရရှိရေး လုပ်ဆောင်ခဲ့သည်များမှာ ဥပဒေနှင့်မညီ ကြောင်း၊ ကျေးရွာနှင့်နီးကပ်လွန်းကြာင်း၊ ဒေသခံများ၏ သဘောထားများကို မေးမြန်းခြင်းမရှိဘဲ အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်းတို့ကို ဒေသခံများက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံတော်သမ္မတရုံးတို့ထံ တိုင်ကြားစာများပေးပို့ တိုင်တန်းခြင်းများသာမက ဆန္ဒပြကန့်ကွက်ခြင်း၊ သတင်းစာရှင်းလင်း ပွဲပြုလုပ်ကာ လူထုသိအောင်လုပ်ခြင်းများကို ဆောင်ရွက်လာကြပြီး၊ ကန့်ကွက်စာများ၊ တိုင်ကြားစာများကို ဆက်တိုက်ပေးပို့ခဲ့ကြသည်။

ဒေသခံများအဆိုအရ စက်ရုံစတင်ဝင်ရောက် စဉ်ကတည်းက မြေများဝယ်ယူသည်မှစ၍ မကျေနပ် ကြခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက အကောင်အထည်ဖော်မည့် စီမံကိန်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အကျိုးတူဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းလွှင့်သည်။

မြေများကို ကုမ္ပဏီက ဈေးပေးဝယ်နေသည့် အချိန်တွင် ရောင်းကြရန်နှင့် မရောင်းပါက နိုင်ငံတော် စီမံကိန်းဖြစ်သည့်အတွက် နိုင်ငံတော်ဖြတ်ဈေးဖြင့် သိမ်းဆည်းမည်ဖြစ်ကြောင်း ပြောဆိုကာ မြေများကို လိုက်လံဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက တညီတညွတ်တည်းဆိုသည်။

“ရောင်းချင်ရောင်း မရောင်းချင် နိုင်ငံတော် ဖြတ်ဈေးနဲ့သိမ်းမယ်။ အဲ့တော့ လူတွေက ကြောက်ပြီး မရောင်းချင်ပဲ ရောင်းခဲ့ရတယ်။ မြို့သာစီမံကိန်းမှာ ဆိုရင် ငါးသိန်းခြောက်သိန်းပဲ ရတယ်ဆိုတာ ကြားကြတော့ သူတို့ပေးတဲ့ ၁၆ သိန်းက များတယ်ဆိုပြီး ရောင်းခဲ့ကြရတာ”ဟု မြေရောင်းခဲ့ကြရသူများက ဆိုသည်။

“ယနေ့အချိန်အထိ လူထုကို ဘာလုပ်မယ်၊ ဘာစီမံကိန်းဆိုတာကို ချပြတာမရှိခဲ့ဘူး။ တွေ့ဆုံဆွေးနွေး ပွဲတွေ လုပ်တယ်ဆိုတာ သူတို့ဘက်ကလူတွေ တိတ် တိတ်လေးခေါ်တယ်”ဟု ဦးကျော်ဇေယျက ထောက်ပြသည်။

ကုမ္ပဏီတာဝန်ရှိသူ ဦးဝင်းလှိုင်ကတော့ စက်ရုံအကြောင်း၊ စီမံကိန်းအကြောင်း ဒေသခံအုပ်ချုပ်ရေး မှူးများ၊ ကျေးရွာတာဝန်ခံများမှတစ်ဆင့် ရှင်းပြမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံတို့၏ သဘောထားကိုလည်း အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် ရယူခဲ့သည်ဟု ဆိုသည်။

“ဒီလိုစီမံကိန်းကြီးအတွက်တော့ လူတိုင်းကို လိုက်ပြီး သဘောတူပါသလား မေးနေစရာ၊ အသေးစိတ် လုပ်နေစရာ မလိုဘူး။ ရွာလူကြီးတွေကလည်း အားလုံး ထောက်ခံကြပါတယ်ဆိုတာမျိုး ရှိပြီးသားတွေပေါ့”ဟု ဦးဝင်းလှိုင်က ဆိုသည်။

အဆိုပါစီမံကိန်းကြောင့် လက်တွေ့ မိကွဲဖကွဲ ဖြစ်နေရသူ ၇ တန်းကျောင်းသူကတော့ စီမံကိန်းအပေါ် အကောင်းမမြင်နိုင်။

“သူတို့ မတရားလုပ်တာ။ ဒါကြီးရောက်လာလို့ သမီးတို့ ဒုက္ခရောက်ကြရတာ၊ သမီးကျောင်းမတက်ရတာ။ ခုလည်း သမီးတို့ရွာထဲကို မတရားလုပ်နေတာ” ဟု ဆိုနေတော့သည်။

ကုမ္ပဏီနှင့်ပတ်သက်ပြီး ဒေသခံရှစ်ထောင် ကျော်၏ ထောက်ခံလက်မှတ်များရရှိထားပြီးဖြစ်သည် ဟု ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသကဲ့သို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လည်း အစိုးရအဖွဲ့ ၂ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းအချက်ကို အတည်ပြုပြောဆိုထားခဲ့ဖူးသည်။

ကန့်ကွက်နေသည့် ဒေသခံများကတော့ ယင်း ထောက်ခံလက်မှတ်များသည် တွေ့ဆုံရှင်းလင်းပြော ကြားခြင်း၊ သဘောထားမှတ်ချက်တောင်းခံခြင်းနည်း လမ်းများဖြင့် ရယူထားခြင်းမဟုတ်ဘဲ အစည်းအဝေး၊ ဓမ္မာရုံဖွင့်ပွဲကဲ့သို့သော အခမ်းအနားများသို့ တက်ရောက်လာသူမှန်သမျှကို အခမ်းအနားတက်ရောက်ကြောင်း စာရင်းကောက်ယူစဉ် ထိုးခိုင်းခဲ့သည့်လက်မှတ်များဖြစ်ကြောင်း ဆိုကြသည်။

စီမံကိန်းတာဝန်ရှိသူများက ဒေသခံတို့၏ သဘောထားများကို လူထုနှင့်တွေ့ဆုံရှင်းပြရယူခဲ့ခြင်းမရှိသည့်အပြင် ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ကိုင် ပေးပါမည်ဖြစ်ကြောင်း ပြောဆိုကတိပေးခဲ့သည့် ရေ၊ မီး၊ လမ်းကိစ္စများကို ၂၀၁၉ ခုနှစ် ဇွန်လအထိအောင် သပြေကျေးရွာတွင် မီးမလင်းသေးသလို လမ်းများလည်း မခင်းရသေးသည့်အပြင် ရေတွင်းများမှာလည်း ဇွန်လအတွင်းမှပင် စတင်တူးဖော်ပေးနေသည်ကို တွေ့ရလေသည်။

ကျောက်မီးသွေးစွမ်းအင်သုံးပြီး ဘိလပ်မြေထုတ်လုပ်မည့်စက်ရုံကြီးနှင့် ခုနစ်ဖာလုံသာလျှင်ဝေးသည့် အောင်သပြေကျေးရွာမှ ဒေသခံတောင်သူများ ကန့်ကွက်နေခြင်းများ ရှိနေသည့်အကြားကပင် ယင်းစီမံကိန်းကြီးကို ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်မြေ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ တိုင်းဒေသကြီး လွှတ်တော်တွင် ဥက္ကဋ္ဌဖြစ်လာသည့် ဦးအောင်ကျော်ဦးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ယင်းစီမံကိန်းကို ပန္နက်ရိုက်ကာ ဖွင့်ပွဲကျင်းပပေးခဲ့သည်။

“MIC ကခွင့်ပြုပြီးတဲ့နောက် ဒါနိုင်ငံတော်က ခွင့်ပြုထားတဲ့ ကိစ္စရပ်တစ်ရပ်၊ ဒီမှာ ပန္နက်ရိုက်ချင်ပါတယ်။ ငါကလည်း ပုသိမ်ကြီးကဖြစ်နေတာမို့လို့ အားကိုး ပြီးတော့လာတယ်။ တို့ကလည်း သွားပြီး ပန္နက်ရိုက်ပေးလိုက်တယ်။ တို့က ခွင့်ပြုခဲ့တာလည်း မဟုတ်ဘူး”လို့ ဖွင့်ပွဲတွင် ပန္နက်ရိုက်ပေးခဲ့သူ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဆိုသည်။

ဖွင့်ပွဲကျင်းပပြီးသည်နှင့် စီမံကိန်းအတွက် အခြေခံအဆောက်အဦများကို စတင်ဆောက်လုပ်တော့သည်။ ယင်းသို့ဆောက်လုပ်ရာတွင် ယာဉ်ယန္တရားများ ဝင်ထွက်သွားလာနိုင်ဖို့အတွက် လိုအပ်လာသည့်လမ်းကို ကုမ္ပဏီက ဖောက်လုပ်ခြင်းမပြုဘဲ၊ အောင် သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက်လမ်းကို အသုံး ပြုခဲ့သည်။

အဆိုပါလမ်းသည် ကျေးရွာနှစ်ခုမှ ဒေသခံများက ကျေးရွာဖွံ့ဖြိုးရေးအတွက် မိမိတို့ယာမြေများထဲမှ လှူဒါန်းထားသည့် ၁၈ ပေသာကျယ်ဝန်းသည့်လမ်းဖြစ်ပြီး ချဲ့ထွင်ရန်လည်း လိုအပ်သည့်အတွက် ကုမ္ပဏီက လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသည့် ဆုရီစန်းကုမ္ပဏီထံမှ လက်လွှဲရယူလိုက်ပြီး လမ်းကို ပေငါးဆယ်အထိ ချဲ့ထွင်ခဲ့သည်။

ဒေသခံများမကျေနပ်သည့်အထဲတွင် လမ်းဘေး ဝဲယာတွင်စိုက်ပျိုးထားသည့် သစ်ပင်ပေါင်းထောင်ချီကို လမ်းချဲ့ထွင်ရေးအတွက် ခုတ်လှဲပစ်လိုက်ခြင်းလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။

နိုင်ငံတော်ပိုင်လမ်းကို ပိတ်ဆို့သည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် လမ်းတံတားများဦးစီးဌာနမှူးက မိမိတို့မြေများကို ခြံစည်းရိုးများကာရံထားကြသည့် အောင်သပြေကျေးရွာမှ ဦးသိန်းပိုင်၊ ဒေါ်မြမြနှင့် သရက်ကိုင်းကျေးရွာမှ ဒေါ်မြမြတို့ကို လမ်းတံတား ဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းအမှုကို မြို့နယ်တရားသူကြီးက ဒေသခံများကို ပုဒ်မနှစ်ခုအတွက် အလုပ်နှင့် ထောင်ဒဏ် ၁၄ လ ကျခံရန် ဇူလိုင်လအတွင်းက ချမှတ်ခဲ့သည်။

“တရားလိုနဲ့ လိုပြသက်သေတွေရဲ့ အဓိကထွက်ဆိုချက်တစ်ခုတည်းအပေါ်မှာပဲ ဇောင်းပေးပြီး သုံးသပ်ထားတာတွေ့ရတယ်။ အဆိုးဆုံးက မြေတိုင်းစာရေး ကိုပြည့်ဖြိုးဦးရဲ့ ထွက်ဆိုချက်ကို တစ်လုံးတစ်ပါဒမှ ထည့်သွင်းသုံးသပ်ထားတာမရှိဘူး”ဟု တောင်သူ များဘက်မှ ရှေ့နေလိုက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးစည်သူက ပြောကြားသည်။

ယင်းအမှုတွင် တရားလိုပြသက်သေတစ်ဦး အပါအဝင်ဖြစ်သည့် မြေတိုင်းစာရေး ဦးပြည့်ဖြိုးဦးကို စွပ်စွဲခံရသူများ၏ ရှေ့နေမှ ပြန်လှန်မေးခွန်းထုတ်ထား သည်ကို ဖြေကြားခဲ့စဉ်က အောင်သပြေ-သရက် ကိုင်းကျေးရွာချင်းဆက်လမ်းသည် တောင်သူများပိုင်ဆိုင်သည့် ယာမြေများထဲမှ ဖောက်လုပ်ထားခြင်းမှာ မှန်ကန်ပါသည်ဟု ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

လမ်းချဲ့ထွင်မှုနှင့်ပတ်သက်ပြီး ဒေသခံများ၏ ကန့်ကွက်မှုများသည် မထိရောက်ဘဲ တရားစွဲထောင်ချခံလိုက်ရသည်သာ ရှိသည့်အပြင် အောင်သပြေကျေးရွာဝင်ပေါက်တွင် စိုက်ထူထားသည့် ကျေးရွာဆိုင်းဘုတ်ကို လမ်းနှင့်မလွတ်သည့်အတွက်ဆိုကာ ဘက်ဟိုးဖြင့်ကုပ်ပြီး လမ်းနှင့်အတူ မြေဖို့ပစ်လိုက်သည်။

ယင်းကိစ္စအပေါ် ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဦးရွှေအုန်းက တရားလိုပြုလုပ်ပြီး စီမံကိန်းတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးဉာဏ်လင်းကို တရားစွဲသည်ကိုမူ မြို့နယ်တရားရုံးက ကွင်းလုံးကျွတ်လွှတ်ပေးခဲ့သည်။

ယင်းလမ်းချဲ့ထွင်ခြင်းအပေါ် ဆန္ဒပြမှုများအပြီး ကန့်ကွက်မှုများ ငြိမ်နေခဲ့ကြပြီး ၂၀၁၉ ခုနှစ် မေလဆန်းပိုင်းတွင် ကျေးရွာမြောက်ဘက်ရှိ ရေတွင်းသို့ အောင် သပြေရွာသားနှစ်ဦး ညပိုင်းအချိန် ရေစည်သွားတိုက်သည်ကို ကုမ္ပဏီလုံခြုံရေးဝန်ထမ်းက ရေစည်မတိုက်ရန် တားမြစ်ရာမှ အချင်းများခဲ့ကြပြီး ဒေသခံများ ရေစည်မတိုက်ရဘဲ ပြန်သွားခဲ့ကြရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အောင်သပြေရွာ သားများက ယင်းရေတွင်းကို နယ်နိမိတ်သတ်မှတ်နိုင်ရေး သစ်ကိုင်းများစိုက်ပြီး ကာရံခဲ့သည်ကိုလည်း ကုမ္ပဏီက ညတွင်းချင်းပင် ရှင်းလင်းပစ်လိုက်ကြသည် ကို ဒေသခံများ မကျေမနပ်ဖြစ်ခဲ့ကြရသည်။



ယင်းဖြစ်စဉ်အပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည့် အောင်သပြေကျေးရွာသားတို့က မေလ ၁၄ ရက်နေ့တွင် ကျေးရွာချင်းဆက်လမ်းကို ကုမ္ပဏီကားများ အသုံး မပြုနိုင်ရန် လမ်းကိုပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြသည်။ ကုမ္ပဏီမှမဟုတ်သည့်ယာဉ်မှန်သမျှကို ဝင်ထွက်ခွင့် ပြုခဲ့သော်လည်း ကုမ္ပဏီနှင့်ပတ်သက်သည့်ယာဉ်မှန်သမျှကို ပိတ်ဆို့ပစ်လိုက်ကြသည်။

စတင်သည့်နေ့မှာပင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့အရာရှိများက ရဲတပ်ဖွဲ့ဝင်အင်အား ငါးဆယ်ခန့်ဖြင့် လာရောက်တားမြစ်ကြပြီး ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရန်နှင့် လူစုရုံးနေမှုသည် ငြိမ်းစုစီဥပဒေကို ကျူးလွန်ရာရောက်နေကြောင်း ပြောကြားခဲ့ကြပြီး ညဦးပိုင်းတွင် တပ်ဖွဲ့ကို ရုပ်သိမ်းခဲ့ ကြသည်။

ယင်းနေ့ နောက်တစ်နေ့ မေလ ၁၅ ရက်နေ့ နံနက် လေးနာရီခွဲခန့်အချိန်တွင် ဆန္ဒပြဒေသခံအဖွဲ့နှင့် တစ်ဖာလုံခန့်အကွာမှ ရဲတပ်ဖွဲ့အင်အားရာနှင့်ချီပြီး အကြမ်းဖက်ဖြိုခွဲမှု လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ဖြင့် သတိပေးမှုများပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများက နောက်မဆုတ်ခဲ့သည့်အတွက် ရော်ဘာကျည်များဖြင့် ပစ်ခတ် ဖြိုခွဲခဲ့ကြသည်။

ရဲတပ်ဖွဲ့၏ ဖြိုခွဲမှုကို ဆန္ဒပြသူများကလည်း လေးခွများဖြင့် ပြန်လည်ပစ်ခတ်တုံ့ပြန်ခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် ဒဏ်ရာများရရှိခဲ့ကြသည်။ ဒေသခံများက ပြန်လှန်ပစ်ခတ်ခဲ့ကြသော်လည်း ရဲတပ်ဖွဲ့ဝင်အင်အားများပြားမှုကြောင့် ကျေးရွာဝင်ပေါက်အထိ နောက်ဆုတ်ပေးခဲ့ကြသည်။

ယင်းသို့ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ်အချိန်မှာပင် ဆောက်လုပ်အကောင်အထည်ဖော်နေဆဲ စက်ရုံစီမံကိန်း ဝန်ထမ်းအိမ်ရာအတွင်း ဝင်ပေါက်မှ အဆောက်အအုံအချို့၊ အတွင်းပိုင်းမှ အဆောက်အအုံအချို့တွင် မီးလောင်မှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်ယန္တရားငါးစီးခန့်ကိုလည်း လူအချို့က မီးရှို့ခြင်း၊ လေးခွများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပျက်စီးခဲ့ရသည်။

ယင်းနေ့မှာပင် ဆန္ဒပြသူများတွင်ပါဝင်သည် ဟုဆိုကာ ဒေသခံ ၄၂ ဦးကို၊ ငြိမ်းစုစီပုဒ်မ၊ ဝတ္တရား နှောင့်ယှက်မှု၊ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ ဝန်ထမ်းကို နာကျင်စေမှုတို့ဖြင့် အမှုဖွင့်ခဲ့သည့်အပြင် ကုမ္ပဏီဝင်းအတွင်း မီးလောင်မှုများနှင့် ပတ်သက်ပြီး လည်း ဆန္ဒပြသူများကိုပင် စွပ်စွဲပြီး အမှုဖွင့်ခဲ့သည်။

အောင်သပြေကျေးရွာ၏ အုပ်ချုပ်ရေးတာဝန်ခံဖြစ်သူ ဦးမိုးလင်းကိုလည်း ဆန္ဒပြုမှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ပြောဆိုသည်ဟု ဆိုသောကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထပ်ပေါင်းအမှုဖွင့်ခဲ့သည်။

နောက်တစ်နေ့တွင် အခင်းဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးလိုကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ခေါ်ယူသည့်အတွက် သွားရောက်ခဲ့ရာတွင် ပုသိမ်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်းတွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့သည့်အတွက် ဦးမိုးလင်း အဖမ်းခံခဲ့ရသည်။

ဆန္ဒပြမှုဖြိုခွဲခံရပြီး ဆယ်ရက်အကြာ မေလ ၂၄ ရက်နေ့တွင် ဆန္ဒပြသူတစ်ဦးအပါအဝင်ဖြစ်သူ ဦးရွှေ အုန်း၏သား ကိုးတန်းကျောင်းသား မောင်တူးဝေယံကို ကျောင်းရှိရာ မြကန်သာကျေးရွာသို့ သွားရောက်ပြီး ကျောင်းအပ်နှံရေးကိစ္စများ စုံစမ်းပြီးပြန်လာစဉ် ဦးရွှေအုန်းသားလားဟု ရဲတပ်ဖွဲ့က မေးမြန်းပြီး ဖမ်းဆီးခဲ့သည်။

မောင်တူးဝေယံသည် သူငယ်ချင်းနှစ်ဦးနှင့် အတူသွားရောက်ခဲ့ပြီး ပြန်လာစဉ်တွင် လူတစ်စုက တားဆီးပြီး ရဲတပ်ဖွဲ့ထံအပ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရာတွင်လည်း ဦးရွှေအုန်းသား ဘယ်သူလဲဟု မေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အောင်သပြေရွာ ဒေသခံများက ပြောကြားသည်။

“ကျွန်တော့်ကို ဖမ်းတုန်းက ဦးရွှေအုန်းသား ဘယ်သူလဲလို့မေးပြီး ဖမ်းတာ။ အဖေ့ကို ဖမ်းမရလို့ ကျွန်တော့်ကိုဖမ်းတာ၊ ကျွန်တော့်မှာ ဘာအပြစ်မှမရှိတာ ပြည်သူ့ရဲတွေ သိတယ်”ဟု မောင်တူးဝေယံက ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ရုံးထုတ်စဉ် ပြောကြားသည်။

မောင်တူးဝေယံကို ဖမ်းဆီးရခြင်းမှာ ဆန္ဒပြရာတွင် ပါဝင်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို နာကျင်အောင်ပြုလုပ်ခြင်း၊ ဝတ္တရားနှောင့်ယှက်ခြင်းနှင့် ကုမ္ပဏီဝင်း အတွင်းမှ အဆောက်အအုံများကို မီးရှို့ရာတွင် ပါဝင်ခဲ့သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပုသိမ်ကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွှန့်သန်းက ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဇွန်လ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က နောက်ထပ်အမျိုးသားတစ်ဦး ထပ်မံဖမ်းဆီးခဲ့သည်။ ကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြရာတွင် တစိုက်မတ်မတ် ကန့်ကွက်လာသူ အသက် ၈၀ ကျော်အရွယ် ဒေါ်အေး၏ သားဖြစ်သူ အသက် ၃၈ နှစ်ရွယ် ဦးထွန်းမြင့်ဝင်းကိုဖြစ်သည်။

“ထွန်းမြင့်ဝင်းက ကုမ္ပဏီမှာ အလုပ်လုပ်တာ။ အဖမ်းခံရတဲ့နေ့က သူက လုပ်ငန်းခွင်ဝင်ဖို့ ပစ္စည်းလေး တွေယူပြီးသွားတာ။ မသွားပါနဲ့တားတာတောင် ငါဘာမှလုပ်ထားတာမဟုတ်ဘူး။ ငါ့ကိုမဖမ်းပါဘူးဆိုပြီး သွားခဲ့တာ”ဟု ဦးထွန်းမြင့်ဝင်း၏ ညီတော်စပ်သူ ဦးပဉ္စင်း ဦးဝိမလက မိန့်သည်။

ကိုထွန်းမြင့်ဝင်း ဖမ်းဆီးခံရခြင်းသည် ကန့်ကွက်ဆန္ဒပြမှုများတွင် အစဉ်တစိုက်ပါဝင်ခဲ့သူ မိခင်ဒေါ်အေးကို ရဲက ဖမ်းမရသည့်အတွက် သားဖြစ်သူကို ဖမ်းဆီးခြင်းသာဖြစ်ကြောင်း ဆန္ဒပြသူများက ယုံကြည်ပြောဆိုကြသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ကိုထွန်းမြင့်ဝင်းသည် ဇွန်လ ၁၅ ရက်နေ့တွင် အကျဉ်းထောင်အတွင်းမှာပင် သေဆုံးသွားခဲ့ရပြီး မိသားစုဝင်များ သွားရောက်ကြည့်ရှုချိန်တွင် ခန္ဓာကိုယ်တွင် ညိုမည်းဒဏ်ရာများအပြင် ပေါက်ပြဲ၊ ဓားဒဏ်ရာကဲ့သို့သော ပြတ်ရှဒဏ်ရာများ လည်ပင်းတွင်ရှိနေသည်ကို တွေ့ခဲ့ကြရသည်။

ကိုထွန်းမြင့်ဝင်း၏ သေဆုံးမှုနှင့်ပတ်သက်ပြီး အစိုးရဌာနဆိုင်ရာများက စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တစ်လခန့်အကြာ ဇူလိုင်လအတွင်းမှာပင် လူသတ်မှုဖြစ်ကြောင်း အတည်ပြုကာ ပြောင်းလဲအမှုဖွင့်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင် ဦးဆောင်ပြီး ဦးထွန်းမြင့်ဝင်း၏ သေဆုံးမှုသည် အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေသူ အကျဉ်းသားတစ်ဦးနှင့် စကားများရန်ဖြစ်ကြပြီး ယင်းအကျဉ်းသားကပင် ထိုးကြိတ်ခဲ့မှုကြောင့် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်လေသည်။

ရဲတပ်ဖွဲ့က ယင်းသို့ထုတ်ပြန်သော်လည်း ဦးထွန်းမြင့်ဝင်း အကျဉ်းထောင်တွင် ရှိနေစဉ်က တစ်ခန်းတည်း နေထိုင်ခဲ့ရသူ အောင်သပြေရွာသား ကိုနိုင်ထွန်းအောင်က “ကိုထွန်းမြင့်ဝင်းကို ရိုက်တဲ့အထဲမှာ အကျဉ်းထောင် ဝန်ထမ်းတွေပါတယ်။ နှစ်ရစ်နဲ့ ဆရာတစ်ယောက်၊ နှစ်ပွင့်နဲ့ အဆောင်မှူးလို့ခေါ်တဲ့ ဆရာတစ်ယောက်ပါတယ်။ အဲ့ဒီနှစ်ရစ်နဲ့ ဆရာကပဲ စီစီတီဗီမှတ်တမ်းတွေကို ဖျက်ခိုင်းခဲ့တာ”ဟု ရုံးထုတ်ချိန်တွင် အခိုင်အမာပြောဆိုထားသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ရက်ပိုင်းအကြာတွင် အောင်သပြေကျေးရွာ၏ အပိုင်မြို့နယ်ဖြစ်သည့် ပုသိမ်ကြီးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့တွင် တာဝန်အရှိဆုံး အရာရှိဖြစ်သူ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွှန့်သန်းသည် မိမိကိုယ်မိမိ သေနတ်ဖြင့်ပစ်ကာ သေကြောင်းကြံစည်သွားခဲ့သည်။

၎င်း၏သေဆုံးမှုသည် စုံစမ်းစစ်ဆေးမှုများကြောင့် မဟုတ်ဘဲ မိသားစုပြဿနာများ၊ စခန်းတွင် ယခင်ကဖြစ်ပေါ်ခဲ့သည့်ပြဿနာများကြောင့်သာဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောဆိုကြသည်။

မေလ ၁၄ ရက်နေ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံ ၄၂ ဦး အမှုများဖွင့်ခံရသည့်အပေါ်တွင် သေဆုံးသူ ဦးထွန်းမြင့်ဝင်းအပါအဝင် ရဲတပ်ဖွဲ့က ၁၁ ဦး ကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရွာသားများမှာ ဖမ်းဝရမ်း ထုတ်ခံကြရသည့်အတွက် ကျေးရွာတွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ယင်းသို့ ဖမ်းဆီးခံရခြင်း၊ ထွက်ပြေးတိမ်းရှောင် နေကြရခြင်းတို့ကြောင့် စန္ဒီထွန်းတစ်ယောက်သာ ကျောင်းမတက်နိုင်ခြင်းမဟုတ်ဘဲ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းမတက်နိုင်သူကျောင်းသားကျောင်းသူ ခုနစ်ဦးအထိရှိခဲ့သော်လည်း တစ်လခန့်အကြာတွင် ကျောင်းသားနှစ်ဦး ကျောင်းပြန်တက်ကြကြောင်း သိရသည်။

အမှုဖွင့်ခံသူမိဘများ၏ သားသမီးများအနေနှင့် မြကန်သာရွာအထိ ကျောင်းသွားတက်ကြရန် ကြောက်ရွံ့နေကြသည့်အတွက် ကျောင်းမတက်ကြခြင်းလည်း ဖြစ်သည်။

ကျောင်းတက်နိုင်ရေး သတင်းစုံစမ်းရင်း ရွာပြင်ထွက်ခဲ့သည့်အတွက် ဖမ်းဆီးခံသွားခဲ့ရသည့် မောင်တူးဝေယံနှင့် အလားတူ ဖမ်းဆီးခံကြရမည်ကို ကြောက်ရွံ့ကြခြင်းဖြစ်သည်။

အထက်ဖော်ပြပါကိစ္စများမှာ အယ်ဖာဘိလပ်မြေ စက်ရုံစီမံကိန်းစတင်ရာမှ စခဲ့သော အဖြစ်အပျက်များဖြစ်ပြီး ကျေးရွာနယ်နိမိတ်နှင့် စက်ရုံနယ်နိမိတ်သည် ပေနှစ်ရာခန့်သာကွာသည့် အကွာအဝေးတွင် တည်ရှိနေခြင်း၊ ကျောက်မီးသွေးစွမ်းအင်ကို အသုံးပြုမည်ဖြစ်ခြင်း၊ အနီးဆုံးရွာဖြစ်သည့် အောင်သပြေကျေးရွာ ဒေသခံများ ကန့်ကွက်နေသည်ကို ပြေလည်အောင်မဖြေရှင်းနိုင်ခြင်းတို့က ပြဿနာများကို ပိုမိုကြီးထွားလာစေခဲ့ပြီး သွေးထွက်သံယိုပဋိပက္ခများဖြစ်စေ သည်အထိပင်။

“ပြဿနာတွေက အသေးလေးတွေကနေ စခဲ့ကြတာ။ သေးသေးမွှားမွှားလေးတွေ။ ဝင်ထွက်သွားလာတဲ့လမ်းကိစ္စတွေ ရှိတယ်။ လမ်းဘေးဝဲယာမှာ စိုက်ထားတဲ့သစ်ပင်တွေကို ခုတ်ပစ်တဲ့ကိစ္စတွေရှိတယ်။ စက်ရုံနဲ့ ရွာနဲ့က အုတ်တံတိုင်းပဲခြားလို့ဆိုတာ တွေရှိတယ်။ သောက်သုံးရေ ရရှိဖို့ကနေ စပြီးတော့ ပြဿနာလေးတွေ ဖြစ်ခဲ့ကြတာတွေရှိတယ်။ ဘာမှမဟုတ်တဲ့ သေးသေးမွှားမွှားလေးတွေကနေစပြီး တောက်လောင်လာခဲ့တဲ့ကိစ္စက များသွားတာ”ဟု တရားလွှတ်တော်ရှေ့နေ ဦးစည်သူက သုံးသပ်သည်။

ဖြစ်ပျက်သွားသည့်ပြဿနာများနှင့် ပတ်သက်ပြီး စီမံကိန်းအကြောင်းကို တိုင်းဒေသကြီးအစိုးရက အစိုးရဟောင်းလက်ထက်က ခွင့်ပြုလုပ်ကိုင်ခွင့်ပေးသည့်အတွက်သာ လုပ်ကိုင်ခွင့်ရသွားခြင်းဖြစ်ကြောင်း ပြောဆိုသလို၊ ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသည့် စီမံကိန်းဖြစ်ကြောင်းသာ ပြောဆိုသည်။

“MIC က ခွင့်ပြုတဲ့ကိစ္စကတော့ တို့တိုင်းဒေသကြီးအနေနဲ့ မသိဘူး”လို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။

တိုင်းနှင့်ပြည်နယ်များအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများအနက် ဒေါ်လာငါးသန်းထက်ပိုသည့် စီမံကိန်းများကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲသည်မှန်သော်လည်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရတို့၏ သဘောထားမှတ်ချက်များ ပါဝင်ကြောင်း ဦးသိန်းစိန်အစိုးရလက်ထက်က မန္တလေးတိုင်းဒေသကြီး စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်မြင့်က ရှင်းပြသည်။

“တိုင်းနှင့် ပြည်နယ်အစိုးရတွေရဲ့ သဘောထားမှတ်ချက်က အရေးကြီးတယ်။ ပညာရှင်တွေနဲ့ စမ်းသပ်သုံးသပ်ပြီးတော့မှ ပေးတဲ့မှတ်ချက်ဖြစ်တဲ့အတွက် ကန့်ကွက်လိုက်ရင် ပြည်ထောင်စုအစိုးရက ဆက်လုပ်လို့မရဘူး”ဟု ၎င်းကဆိုသည်။

ယင်းအပြင် မည်သည့်အစိုးရလက်ထက်က လုပ်ကိုင်ခွင့်ပြုခဲ့သည့်ဖြစ်စေ၊ ပြည်သူကို အကျိုးမပြုသည့် လုပ်ငန်းဖြစ်ပါက၊ သင့်တင့်လျောက်ပတ်ခြင်းမရှိပါက ကန့်ကွက်ပယ်ချနိုင်သည်သာဖြစ်ကြောင်း ၎င်းက ထပ်ပြောသည်။

“ကျွန်တော်တို့လက်ထက်မှာ တပ်မတော် အစိုးရလက်ထက်က လုပ်ကိုင်ခွင့်ပြုထားတဲ့ ပုသိမ်ကြီးထဲက ဘိလပ်မြေစက်ရုံတွေ ဒေသခံတွေရဲ့ ကန့်ကွက် မှုတွေကြောင့် ပိတ်သိမ်းတာတော့ မဟုတ်ပေမယ့် ကျောက်ဆည်စက်မှုဇုန်ကိုပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့တယ်။ ဒါတွေက လည်ပတ်နေပြီ၊ ဆောက်လုပ်ဆဲ မဟုတ်ဘူး”ဟု ဦးကျော်မြင့်က ဆိုလေသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို လွှတ်တော်အစည်းအဝေးအပြီးတွင် တွေ့ဆုံမေးမြန်းရာတွင်တော့ အယ်ဖာဘိလပ်မြေစီမံကိန်းနှင့် ပတ်သက်ပြီး စာရွက်စာတမ်းတစ်ထပ်ကြီး ရုံးတွင်ရှိသည် ဟုသာပြောဆိုပြီး သတင်းဖြေကြားရန်မရှိဟုဆိုသည်။

အောင်သပြေကျေးရွာအနီးက အယ်ဖာဘိလပ် မြေစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝ အကျိုးသက်ရောက်မှု စစ်ဆေးချက်ရလဒ်များ ထွက်မလာသေးဘဲ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူသဘာဝစိမ်းအဖွဲ့မှ ဦးမောင်မောင်ဦးက ထောက်ပြပြောဆိုသည်။

“တစ်ခုရှိတာက ဒီစီမံကိန်းနှင့်ပတ်သက်ပြီး EIA Report က ထွက်မလာသေးပဲ အကောင်အထည်ဖော်နေတာဖြစ်တဲ့အတွက် တကယ်လို့များ အဲဒီရီပို့ထွက်လာခဲ့ပြီး မအောင်မြင်ခဲ့ရင် တိုင်းအစိုးရက စီမံကိန်းကို ပယ်ဖျက်ရဲသလား”ဟု ၎င်းက မေးခွန်းထုတ်သည်။

အောင်သပြေကျေးရွာ၏ တောင်ဘက် တစ်မိုင်ခန့်သာကွာဝေးသည့်နေရာတွင်လည်း အမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာနက လုပ်ကိုင်လျက်ရှိသည့် ရွှေတွင်းလုပ်ငန်းလည်းရှိနေရာ အောင်သပြေကျေးရွာသည် ဓာတ်သတ္တုတူးဖော်ရေး စီမံကိန်းကြီးနှစ်ခုအကြားတွင် တည်ရှိနေပေတော့မည်။

အယ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းနှင့် အနီးစပ်ဆုံး တည်ရှိသည့် အောင်သပြေကျေးရွာတွင် သရက်ထွက်နှုန်း သိသာစွာကျဆင်းသွားခဲ့ပြီး ကုမ္ပဏီ၏ ယာဉ်၊ ယန္တရားများ မောင်းနှင်၍ ကျေးရွာချင်းဆက် လမ်းဝန်းကျင် သရက်ပင်များပေါ်သို့ ဖုန်မှုန့်ကြောင့်ဟု အောင်သပြေရွာသားများက ပြောဆိုကြသည်။

အောင်သေပြေ အယ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များသည် မဖြစ်သင့်ပါပဲ ဖြစ်ပေါ်သွားရခြင်းသာဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ကြသည်။

“အောင်သပြေရွာက သိပ်အေးချမ်းပြီး ရိုးသားကြပါတယ်။ အဲ့ဒီကနေ ခုလိုအခြေအနေတွေက ဘာကြောင့်လဲ၊ သူတို့စိတ်ထဲမှာ ဘယ်လောက်အထိ အနာတရဖြစ်ကုန်ပြီလဲ။ ဘာကြောင့် ဒီလောက် အထိပေါက်ကွဲကုန်တာလဲ”ဟု ဦးမောင်မောင်ဦးက မေးခွန်းထုတ်သည်။

“ကျွန်တော်တို့က နိုင်ငံရေးသမားတွေ မဟုတ်ကြပါဘူးဗျာ။ ကျွန်တော်တို့ ဒုက္ခတွေ ရောက်ကြရလွန်းလို့ ခုလိုတွေ ကန့်ကွက်နေကြတာပါ။ နိုင်ငံရေးအရ ဆူပူအောင်လုပ်နေကြတာလည်း မဟုတ်ပါဘူး”ဟု အောင်သပြေရွာသား ဦးကျော်ဇေယျက ပြောကြားသည်။

ဒေသခံများ၏ ကန့်ကွက်မှု၊ လှုပ်ရှားဆန္ဒပြမှုများသည် နောက်ကွယ်က နိုင်ငံရေးတက်ကြွလှုပ်ရှား သူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်သာ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က တွင်တွင်ပြောဆိုကြသော်လည်း အောင်သပြေရွာသည် မြို့ပြဘဝနှင့် ဝေးလံခေါင်သီလှသည့်နေရာတစ်ခုတော့ မဟုတ်ပေ။

“မြှောက်ပေးတိုင်းလုပ်ရအောင် ကျွန်တော်တို့ တောင်သူတွေက မရူးသေးပါဘူးဗျာ”ဟု ဦးကျော်ဇေယျက တုံ့ပြန်ပါသည်။

ဦးကျော်ဇေယျသည်လည်း ယခုအချိန်တွင် ဖမ်းဆီးခံထားရပြီဖြစ်ပြီး အခြားဖမ်းဆီးခံအောင် သပြေရွာသားများနှင့်အတူ အမှုကို ရင်ဆိုင်နေရသည့်အပြင် ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ပါ ချမှတ်ခံထားရပြီးဖြစ်သည်။

“ကျွန်တော်တို့ မန္တလေးတိုင်းဟာ ဖွံ့ဖြိုးရေးအပိုင်းမှာ တော်တော်ရှေ့ရောက်နေပြီးတော့ ဂုဏ်ယူရပါတယ်။ ဒါပေမဲ့ အောင်သပြေကိစ္စကတော့ တော်တော်ကို အမှတ်လျော့စေတဲ့ ကိစ္စတစ်ခုပါ”ဟု ဦးမောင်မောင်ဦးက အားမလိုအားမရ ဆိုလေသည်။

“အောင်သပြေဒေသခံ တစ်ရာလောက် အမှုဖွင့်ခံထားရတယ်။ အမှုတွေက အများကြီးဆိုတော့ လူထပ်တာတွေတော့ ရှိပါတယ်”ဟူသော ရှေ့နေ ဦးစည်သူ၏ ပြောကြားချက်က အများဒုက္ခရောက်နေကြသည်ကို သက်သေထူနေသည်။

ယင်းသို့ ဒုက္ခရောက်နေကြရသည့်အထဲတွင် အောင်သပြေရွာက ကျောင်းမတက်နိုင်သည့် ကျောင်းသား ခုနစ်ဦးကတော့ မြေစာပင်များသဖွယ်သာ။

“သမီးကတော့ ကျောင်းတက်ချင်တယ်။ ကျောင်းရအောင် ဆက်တက်မှာ။ သမီးပညာမတတ်မှာကိုကြောက်တယ်။ သမီး ပညာတတ်ကြီးဖြစ်အောင်ကို လုပ်ဦးမှာ”ဟုသာ စန္ဒီထွန်းလေးက အံကြိတ်ပြောဆိုနေတော့သည်။

ရဲပြည့်ဇာနည်၊ ရန်မိုးနိုင်