News

POST TYPE

ARTICLE

ပါရီကျဆုံးခန်းနှင့် မြသန်းတင့် ( ၄ )
10-Sep-2019


ယခုကဏ္ဍသည် မြန်မာနိုင်ငံစာရေးဆရာကြီးများနှင့်ပတ်သက်၍ စာပေထုတ်ဝေရေးလောကတွင် နှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းခဲ့ဖူးသူ ထုတ်ဝေသူတစ်ဦး၏ ကိုယ်တွေ့အတွေ့အကြုံများ၊ အမှတ်တရများနှင့် အတွေးအမြင်များကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးဆရာတစ်ဦးချင်းစီအတွက် ၎င်းရေးသားထားသော စာစုများကို အပတ်စဉ် အင်္ဂါနေ့တိုင်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ (အယ်ဒီတာ)

ခုနှစ်မှာ ဆရာမြသန်းတင့်ရဲ့ ပါရီကျဆုံးခန်း ထုတ်ခဲ့တဲ့ အကြောင်း ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ဆရာမြသန်းတင့် အကြောင်း ပြန်စဉ်းစားမိတော့ သူ့စာအုပ်တော်တော်များများကို အဲဒီအချိန်က ကျွန်တော် ဆက်တိုက်ဆိုသလို ထုတ်ခဲ့တာ ပြန်တွေ့ရပါတယ်။ 

စာရင်းပြန်ကြည့်တဲ့အခါ ပါရီကျဆုံးခန်းပြီးတဲ့နောက် ၁၉၈၃၊ ၈၄၊ ၈၅၊ ၈၆ ခုနှစ်တွေမှာ ရှားလော့ဟုမ်း ဝတ္ထုတိုအပြည့်အစုံ ခြောက်အုပ်၊ ၈၆ ခုနှစ်မှာပဲ ရွှေပြည်တော် မျှော်တိုင်းဝေး ရှစ်အုပ်တွဲ၊ ၈၇ ခုနှစ်မှာ လေလွင့်သူ၊ ၈၉ မှာ ရေပွက်ပမာ၊ ၉၀ မှာ ဓားတောင်၊ ၉၁ မှာ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများသုံးတွဲ၊ မြန်မာပြန် ရသစာတမ်းများ၊ ခေတ်ပေါ်နိုင်ငံတကာ ကဗျာရှည် သုံးပုဒ်၊ ၉၂၊ ၉၃ မှာ နိုင်ငံတကာ ခေတ်သစ် ဂန္ထဝင်ဝတ္ထုတိုများ လေးတွဲ၊ ၉၅ မှာ အချစ်မိုးကောင်းကင်တို့ကို ထုတ်ဝေခဲ့တာ တွေ့ရပါတယ်။

ဆရာ ကွယ်လွန်တာက ၁၉၉၈ ခုနှစ်ဆိုတော့ လေရူးသုန်သုန် ဒုတိယအကြိမ်ကို ဆရာ ကွယ်လွန်ပြီးနောက်မှ ၁၉၉၉ ခုနှစ်မှာ ထုတ်ခဲ့တာပါ။ သည်နေရာမှာ ပြောစရာက ရှားလော့ဟုမ်း ဝတ္ထုတိုတွေကို ပြိုင်မြင်း ငွေကြာနှင့် အခြားဝတ္ထုတိုများ အမည်နှင့်တိုက်တစ်တိုက်က ပထမဆုံး ထွက်ခဲ့တာပါ။ သည်စာအုပ်ထွက်ပြီးတဲ့ နောက်မှာမှ ဆရာက ကျွန်တော့်ကို မေးပါတယ်။ ရှားလော့ဟုမ်း ဝတ္ထုတိုတွေကို ဘဝတက္ကသိုလ်က ထုတ်ဖို့ စိတ်ဝင်စားရင် သူခြောက်အုပ်လုံး ထုတ်ချင်ကြောင်း ပြောပါတယ်။

ဒါနှင့် ကျွန်တော်လည်း နာမည်ကို မူရင်းအတိုင်း ရှားလော့ဟုမ်း ပြန်လာပြီ၊ ရှားလော့ဟုမ်း၏ စွန့်စားခန်းများစသည်ဖြင့် အစအဆုံး ပြန်ထုတ်ပါတယ်။ ပထမဆုံး ထွက်ခဲ့တဲ့ ပြိုင်မြင်းငွေကြာကိုလည်း မူရင်းနာမည်အတိုင်း ရှားလော့ဟုမ်း၏မှတ်တမ်းများဆိုပြီး နောက်ဆုံးမှ ပြန်ထုတ်ခဲ့တာပါ။

ရှားလော့ဟုမ်း စာအုပ်ခြောက်အုပ်ကိုလည်း ပန်းချီစံတိုးနှင့် ပန်းချီ တင်မောင်မျင့်တို့က တစ်လှည့်စီ ဆွဲပေးခဲ့တာပါ။ ရှားလော့ဟုမ်း ပြန်လာပြီ စာအုပ် ထုတ်မယ်လုပ်တဲ့အချိန်မှာ ပန်းချီကိုစံတိုးက စာအုပ် တစ်အုပ်ကျွန်တော့်ကို ပြပါတယ်။ သည်စာအုပ်ထဲမှာ ရှားလော့ဟုမ်းဝတ္ထုတိုတွေ ပထမဆုံး Strand မဂ္ဂဇင်း ထဲ ဖော်ပြခဲ့စဉ်က ပန်းချီဆရာ Sydney Piaget ရေးဆွဲခဲ့တဲ့ မူရင်းပုံတွေနှင့်တကွ ဖော်ပြထားတာပါ။ ကိုစံတိုး ကျေးဇူးနှင့် မူရင်းသရုပ်ဖော်ပုံများနှင့်အတူ ရှားလော့ဟုမ်း ပြန်လာပြီကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

ခုအချိန်မှာ သည်လိုပုံတွေထည့်ဖို့ ဘာမှမခဲ ယဉ်းဘူးဆိုပေမယ့် အဲသည်အချိန်ကတော့ သည်စာအုပ်ကိုရတာ ကျွန်တော်တို့ ထီပေါက်သလောက် ဝမ်းမြောက် ဝမ်းသာဖြစ်ခဲ့ရတာပါ။ ရှားလော့ဟုမ်း ခြောက်အုပ် ပြီးတော့ရွှေပြည်တော် မျှော်တိုင်းဝေး ရှစ်အုပ်။ ရွှေပြည်တော်ကို စန္ဒာမဂ္ဂဇင်းထဲမှာ သုံးနှစ်ကျော် အခန်းဆက်ထည့်ပြီးမှ လုံးချင်းထုတ်ခဲ့တာပါ။ လေရူး သုန်သုန်ကတော့ ပထမအကြိမ် ဉာဏ်လင်းစာပေက ထုတ်ဝေခဲ့ပြီး ဘဝတက္ကသိုလ်က ဒုတိယအကြိမ် ထုတ်ခဲ့တာပါ။ ဆရာမြသန်းတင့် ကလောင်နာမည်တွေ အများကြီးထဲက ထက်အောင်နာမည်နှင့် မြန်မာပြန်ရသစာတမ်းများ၊ မောင်သစ်တည် နာမည်နှင့် ခေတ်ပေါ် နိုင်ငံတကာ ကဗျာရှည် ၃ ပုဒ်တို့ကို ထုတ်ခဲ့ပါတယ်။

နောက်ပိုင်း ထုတ်တဲ့အခါမှာတော့ မြသန်းတင့် နာမည်နှင့်ပဲ ပြန်ထုတ်တယ်ထင်ပါတယ်။ ဆရာ မကွယ်လွန်ခင် တစ်နှစ်၊ နှစ်နှစ်လောက်မှာ ဆရာက ကျွန်တော့်ကို ပြောပါတယ်။ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုရှည်ကြီးတွေထဲက သူကြိုက်တဲ့ ဝတ္ထုရှည်ကြီးတွေကို တစ်နှစ်တစ်အုပ်လောက်တော့ ပြန်ချင်တယ်၊ ခင်ဗျားလည်း ရွေးဗျာ၊ ကျွန်တော်ကြိုက်ရင် ပြန်ပြီးထုတ်ကြစို့လို့ ဆိုပါတယ်။ ဒါနှင့် ကျွန်တော်တို့ နှစ်ယောက် တိုင်ပင်စဉ်းစားပြီး The Count Of Monte Cristo စာအုပ်ကို ရွေးပါတယ်။

မူရင်း စာအုပ်ကိုရဖို့ အတော်လေး ကြိုးစားပြီး ရှာရပါတယ်။ ရတော့ ဆရာ့ကို ပြန်ဖို့ပေးခဲ့ပေမယ့် မမျှော်လင့်ဘဲ ဆရာကွယ်လွန်သွားတဲ့အတွက်သည် စာအုပ်ကြီးလည်း မပြန်ဖြစ်သွားပါဘူး။ ဆရာပြန်ခဲ့ပြီး အဆုံးမသတ်နိုင်ခဲ့တဲ့ တစ်ပိုင်းတစ်စ စာအုပ်တော်တော်များများ ကျန်ခဲ့ပါတယ်။ ဆရာပြန်ပြီးခဲ့ပေမယ့် စာအုပ်အဖြစ် မထုတ်ရသေးတဲ့ စာအုပ်တစ်အုပ်ရှိပါတယ်။ သည်အကြောင်းက ဆရာနှင့် တော်တော်လေး ရင်းနှီးသူများသာ သိပါတယ်။ ဘာလို့ဆို ဆရာက သူ့နာမည်နှင့် သည်စာအုပ်ကို မထုတ်ချင်ပါဘူး။ ဒါပေမဲ့ ဆရာကိုယ်တိုင် ကျွန်တော့်ကို ပြောပြခဲ့တာကတော့ သည်စာအုပ်ကို သူတော်တော် ကြိုက်တဲ့အကြောင်း၊ ထုတ်ဖို့ မရည်ရွယ်ပေမယ့် ဖတ်ပြီးပြီးချင်း သူ ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ သည်စာအုပ်ကို တခြားကလောင်နာမည် တစ်ခုနှင့် ထုတ်ဖို့ ဆရာ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ခုချိန်ထိ မထုတ်ဖြစ်သေးပါဘူး။ ထားပါတော့လေ။

သူကိုယ်တိုင်တောင် အသိမပေးချင်တဲ့ စာအုပ်မို့ ကျွန်တော်လည်း ထုတ်ပြောလို့ကောင်းပါ့မလား မပြောတတ်ပါဘူး။ သက်ဆိုင်သူတွေရဲ့ ခွင့်ပြုချက်ရရင်တော့ ကျွန်တော် ပြောပါ့မယ်။ ဆရာ မြသန်းတင့်အကြောင်း ဆက်ရေးစရာတွေ ရှိပါသေးတယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ။

နေဝင်း (ဘဝတက္ကသိုလ်)